အမျိုးသမီးများ တန်းတူပညာသင်ခွင့် မရနိုင်တာက ကျေးလက်ဒေသတွေ၊ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေ၊ စစ်ဘေး‌ရှောင်စခန်းတွေ၊ မတည်ငြိမ်မှုဖြစ်ပွားနေတဲ့ဒေသတွေမှာ အများဆုံးဖြစ်နေတာပါ။

 “မိန်းကလေးပဲ ပညာတတ်ဖို့ မလိုပါဘူး။ စာရေးတတ်ဖတ်တတ်တယ်ဆို ရပါပြီ။ အချိန်တန်အိမ်ထောင်ပြုမှာပဲ။ အိမ်မှုကိစ္စကောင်းကောင်းလုပ်တတ်ဖို့ အရေးကြီးတယ်” လို့ ခေတ်အဆက်ဆက်က ပြောကြတာမျိုးတွေ ကို လူတိုင်းကြားဖူးကြမှာပါ။ ဒါတွေက မိဘတွေရဲ့ ရှေးရိုးစွဲအယူအဆတွေကြောင့်အပြင် နိုင်ငံ ရဲ့ ဖွံဖြိုးတိုးတက်မှုနောက်ကျနေတဲ့အခြေအနေတွေ၊ကျားမတန်းတူမညီမျှမှုအခြေအနေတွေ ကြောင့်သက်ဆိုင်နေတယ်လို့ ယူဆနိုင်ပါတယ်။ 

Photo: Southeastasianglobe

အမျိုးသမီးတွေ ပညာသင်ခွင့်ဆုံးရှုံးရတဲ့ အကြောင်းရင်း

မူလတန်းမှာ မိန်းကလေးနဲ့ ယောင်္ကျားလေးတက်တဲ့ ဦးရေတူတူပဲ ဖြစ်ပေမယ့် အလယ်တန်းနဲ့ အထက်တန်း ရောက်ချိန်မှာတော့ မိန်းကလေးဦးရေ သိသိသာသာလျော့နည်းသွားတယ်လို့ ကုလသမဂ္ဂနဲ့ အခြားလူမှုအဖွဲ့အစည်းတွေထုတ်ပြန်ချက်အရသိရပါတယ်။

အမျိုးသမီးငယ်အများစု ပညာသင်ခွင့် ဆုံးရှုံးရတာအများဆုံးကတော့ ဆင်းရဲနွမ်းပါးမှုကြောင့် မိဘက ဦးစားပေးပြီး ကျောင်းမထားတော့တာ၊ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ မူလတန်းပြီးလို့ အလယ်တန်းဆက်ထားဖို့ ရွာမှာ စာသင်ကျောင်းမရှိတော့တာ၊ ရွာနဲ့ဝေးလံတဲ့နေရာမှာကျောင်းထားဖို့ မိန်းကလေးမို့ လုံခြုံရေးစိတ်မချရလို့ ကျောင်းသွားဖို့ အခက်အခဲဖြစ်နေတာ၊ မိန်းကလေးနဲ့ ယောင်္ကျားလေးဆိုပါက ယောင်္ကျားလေးကို ဦးစားပေးလိုက်တာ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်တယ်လို့ ပညာသင်ကြားရေးလုပ်ငန်းဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတစ်ခုမှ ဆရာတစ်ဦးက ဆိုပါတယ်။

အဓိကက ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ စာသင်ကျောင်းတွေ အလုံအလောက်မရှိတာကလည်း အမျိုးသမီးများပညာသင်ခွင့် အခွင့်အလမ်းကို ဟန့်တားနှောင့်ယှက်စေပါတယ်။ 

ဒါ့အပြင် ကလေးကိုယ်တိုင်က ကျောင်းမသွားချင်တော့တာ၊ မိဘအလုပ်ကူရင်း ထမင်းဟင်းချက်၊ အိမ်မှုကိစ္စတွေပဲ လုပ် ရာကနေ စာဆက်မသင်တော့တာ၊ မိဘကိုယ်တိုင်ကလည်း ကလေးက စိတ်မဝင်စားလို့ဆိုပြီး ကျောင်းကို မလွှတ်တော့တာမျိုးတွေလည်း ကြုံတွေ ရတယ်လို့ Nway Oo Home Schooling ကဆိုပါတယ်။ 

အမျိုးသမီးများ တန်းတူပညာသင်ခွင့်ရဖို့ အသိပညာပေးပါ

အမျိုးသမီးများ တန်းတူပညာသင်ခွင့် မရနိုင်တာက ကျေးလက်ဒေသတွေ၊ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေ၊ စစ်ဘေး‌ရှောင်စခန်းတွေ၊ မတည်ငြိမ်မှုဖြစ်ပွားနေတဲ့ဒေသတွေမှာ အများဆုံးဖြစ်နေတာပါ။ အဓိက အသိပညာပေးမှုအားကောင်းဖို့ လိုအပ်ပါတယ်။ အသိပညာပေးနိုင်ဖို့ အတွက် မီဒီယာကို ကောင်းကောင်း အသုံးပြုတတ်ဖို့ အရေးကြီးပါတယ်။ မီဒီယာအားကို အသုံးပြုတဲ့အခါ တောရောမြို့ပါမကျန်သိနိုင်ဖို့အတွက် TV ကနေ အသိပညာပေးထုတ်လွှင့်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ အင်တာနက်အသုံးမပြုနိုင်တဲ့ဒေသတွေမှာ TV ကတစ်ဆင့် အသိပညာပေးမှုက ပိုပြီးထိရောက်မှုရှိနိုင်ပါတယ်။  

“မိန်းကလေး ယောင်္ကျားလေးမှ မဟုတ်ပါဘူး။ လူတိုင်း ပညာတတ် ရမယ်။ ပညာတတ်လာတဲ့အခါ တွေးခေါ်စဉ်းစားနိုင်တယ်ဆိုတာ သိနိုင်ဖို့ မိဘကို အရင်ဆုံးအသိပညာပေး ရမယ်။ အသိပညာပေးဖို့ အကောင်းဆုံး မီဒီယာဆိုရင်တော့ TV ဖြစ်ပါတယ်။ ဥပမာ -ကိုရိုနာဗိုင်းရပ်စ်အတွက် မီဒီယာပေါင်းစုံက အသိပညာပေးကြပေမည့် TV ကတဆင့် အသိပညာပေးတာက မြို့ တောရွာမကျန် အကုန် ထိရောက်တာတွေ့ရပါတယ်။ အခုလည်း မိဘတွေကို အသိပညာပေးနိုင်ဖို့ဆို TV မှာ မိန်းကလေးတွေပညာသင်ကြားနေတာကို ထုတ်လွှင့်တာ၊ အမျိုးသမီးတွေ ကဏ္ဏကို မြှင့်တင်ပေးမယ့်အရာတွေကို များများထုတ်လွှင့်ပေးဖို့ လိုပါတယ်။” လို့ Nway Oo Home Schooling ကဆိုပါတယ်။ 

Photo: Global Partnership

အမျိုးသမီးများအတွက် ရှေးရိုးစွဲအမြင်တွေ ဖယ်ရှားပစ်ဖို့လိုအပ်

၂၀၁၅ ခုနှစ်အတွင်းစာရင်းအရ အသက် (၁၅) နှစ်ပြည့်တဲ့ အမျိုးသမီး (၂) သန်းနီးပါးဟာ စာမတတ်ကြဘူးလို့ UNESCO အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။ အသက် (၁၄) နှစ် နဲ့ (၁၅) နှစ်လောက် ရောက်လာရင် ကျောင်းဆက်မတက်တော့တဲ့ ယောကျ်ားလေးက (၄၀) ရာခိုင်နှုန်း၊ မိန်းကလေးက (၄၅) ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပါတယ်။ ပညာသင်ခွင့်အခွင့်အလမ်းဆုံးရှုံးတယ်လို့ ဆိုရာမှာ အမျိုးသမီးတင်မကပါဘူး။ အမျိုးသားတွေလည်း ပါဝင်တာ တွေ့ ရပါတယ်။ အများစုကတော့ မိဘကျောင်းစရိတ် မတတ်နိုင်တော့လို့ ဆင်းရဲနွမ်းပါးလို့ ပညာဆက်မသင်နိုင်ကြတော့တာဖြစ်ပါတယ်။ ကျားမတန်းတူညီမျှမှု အရေးလုပ်ဆောင်တဲ့ ဆာဆကဝါဖောင်ဒေး ရှင်းက ၂၀၂၀ ခုနှစ် ထုတ်ပြန်ထားတဲ့ စစ်တမ်းတစ်ခုမှာတော့ မြန်မာနိုင်ငံမှာ အဆင့်မြင့်ပညာတတ်မြောက်မှု ရာခိုင်နှုန်းက အမျိုးသားများနဲ့ အမျိုးသမီးများ ကွာခြားမှု သိပ်မရှိလှပေမယ့် ဒေသတွင်းအာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက နောက်ကျနေပြီး ပညာသင်ခွင့်ရပေမယ့်လည်း အလုပ်အကိုင်ရရှိမှုမှာတော့ ကျားမတန်းတူ ညီမျှမှု မရှိသေးဘူးလို့ ဖော်ပြထားတာတွေ့ရပါတယ်။ ဆိုလိုတာက လုပ်ငန်းခွင်အတွင်း မြန်မာအမျိုးသမီး လုပ်အားဟာ ဒေသတွင်းနိုင်ငံတွေမှာ အနိမ့်ဆုံးဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့အောက်နိမ့်ကျနေသေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အပေါ် ပတ်ဝန်းကျင်ရဲ့ ရှေးရိုးစွဲ အမြင်တွေကို ဖယ်ခွာနိုင်ဖို့ စွန့်ဦးတီထွင်မှုနဲ့ စိန်ခေါ်ပြောင်းလဲနိုင်တယ်လို့ အဆိုပါ စစ်တမ်းက ဆိုထားပါတယ်။ 

Share

Loading Next Article...
က္က