ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းကို တစ်ကျော့ပြန်ရောက်ရှိလာပြီးနောက်ပိုင်း အသင်းအတွက် ကစားပေးထားတဲ့ ပွဲစဥ် (၃) ပွဲလုံးမှာ ခြေစွမ်းပြဂိုးသွင်းယူနိုင်ခဲ့ပြီး (၃) ပွဲကစား၊ (၄) ဂိုးအထိ ရရှိထားတာပါ။ ရော်နယ်ဒိုကိုယ်တိုင်ကလည်း သူ့ရဲ့တစ်ကျော့ပြန် ယူနိုက်တက်ကစားသမားဘဝမှာ အောင်မြင်မှုဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ဆန္ဒရှိနေပြီး ဒီအကြောင်းကိုလည်း အသင်းဖော်တွေဆီ ရှင်းရှင်းလင်းလင်း အသိပေးထားပြီးဖြစ်ပါတယ်။
ကန်တိုနာနဲ့ရော်နယ်ဒိုတို့ဟာ ယူနိုက်တက်ရဲ့ဂန္တဝင်ကျောနံပါတ် (၇) ပိုင်ရှင်တွေဖြစ်ကြပြီး ဒီနှစ်ယောက်နဲ့ပတ်သက်လို့ ပေါလ်စခိုးလ်က “အဲရစ် (ကန်တိုနာ) က အရမ်းကိုရိုးရှင်းကောင်းမွန်တဲ့ ကစားသမားပါ။ ဒါပေမယ့် ရော်နယ်ဒိုကတော့ နောက်ထပ်အဆင့်တစ်ခုကို ရောက်သွားပါပြီ။ အဲရစ်က အကောင်းဆုံးကြိုးစားတယ်၊ ဂိုးတွေသွင်းတယ်၊ အပြင်တွေဘာတွေလည်း လည်ပတ်လေ့ရှိပါတယ်။”
“သူက တစ်နေ့လုံး ဖရီးကစ်ကျင့်တယ်၊ ပြေးနှုန်းမြန်လာအောင်ကျင့်တယ်၊ သူ့ရဲ့ခြေကျင်းဝတ်တွေမှာ အလေးပြားတွေချည်ပြီး ပြေးပါတယ်။ ဗြိတိန်ကစားသမားတွေဆီမှာ တစ်ခါမှမမြင်ဖူးတဲ့ အရာတွေအားလုံးကို ရော်နယ်ဒိုလုပ်လေ့ရှိပါတယ်။ သူ့ကိုယ်သူ အဆင်သင့်ဖြစ်နေဖို့ အရာအားလုံးကို အမြဲတမ်းအဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတဲ့လူမျိုးပါ။” လို့ ပြောကြားခဲ့ပါတယ်။
ကန်တိုနာဟာ အသက် (၃၀) မှာပဲ အနားယူသွားတာဖြစ်ပြီး ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ အသက် (၃၆) နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ကျရိပ်လုံးဝမပြသေးဘဲ သူ့ရဲ့ခန္ဓာကိုယ်ကလည်း အဆီပိုလုံးဝမရှိ၊ (၂၈) နှစ်သား ခန္ဓာကိုယ်လို တောင့်တင်းကျစ်လျစ်နေဆဲပဲဖြစ်ပါတယ်။