Covid-19 ကာကွယ်ဆေးထိုးတဲ့ ဝန်ထမ်းတွေအတွက် Amazon က ဆုကြေး ဒေါ်လာသိန်းနဲ့ချီပေးတဲ့ အစီအစဉ်တစ်ခု လုပ်ခဲ့ပါတယ်။
ကမ္ဘာကျော် e-Commerce လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Amazon ဟာ ဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးကို အားပေးတဲ့အနေနဲ့ Max Your Vax ဆိုတဲ့ ဆုချီးမြှင့်ရေး အစီအစဉ်တစ်ခုကို ဩဂုတ်လထဲမှာ လုပ်ဆောင်ခဲ့တယ်လို့ CNBC သတင်းက ဆိုပါတယ်။ Max Your Vax ဟာ Covid-19 ကာကွယ်ဆေးထိုးတဲ့ ဝန်ထမ်းတွေကို ဆုချီးမြှင့်တာဖြစ်ပြီး တခြားဝန်ထမ်းတွေ ကိုဗစ်ဆေးထိုးချင်လာအောင် လှုံ့ဆော်တဲ့အနေနဲ့ ကျင်းပတာလည်း ဖြစ်ပါတယ်။
Photo: CNBC
Max Your Vax အစီအစဉ်မှာ ဆုတွေအဖြစ် ကားမဲဖောက်ပေးတာ ၊ ဒေါ်လာ ၁၂၀၀၀ တန် ခရီးသွားပက်ကေ့ချ်တစ်ခုနဲ့အတူ တစ်ပတ်စာ လစာအပြည့်နဲ့ ခွင့်ပေးတာ အပြင် ဒေါ်လာ ၁ သိန်းနဲ့ ၅ သိန်းတန်တဲ့ ငွေသားဆုကြေးတွေလည်း ထည့်ပေးထားပါတယ်။ ဆုအမျိုးအစား ၁၈ ဆု ပါရှိပြီး ဆုကြေးစုစုပေါင်း ဒေါ်လာ ၂ သန်းနီးပါး တန်တဲ့ ဒီအစီအစဉ်ကနေ ဆုရသူတွေကို အောက်တိုဘာ ၂၁ အထိ ဆုတွေ ချီးမြှင့်သွားမယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။
လက်ရှိမှာ Amazon သိုလှောင်ရုံဝန်ထမ်း ၄ ဦးနဲ့ Whole Food ဝန်ထမ်း ၁ ဦးဟာ Covid-19 ဆေးထိုးထားကြောင်း သက်သေပြနိုင်တာကြောင့် ဒေါ်လာ ၄၀၀၀၀ တန် ကားတွေ ချီးမြှင့်လိုက်တယ်လို့လည်း ကုမ္ပဏီရဲ့ Amazon Vest Life ဆိုတဲ့ Instagram အကောင့်မှာ ကြေညာထားပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း Amazon သိုလှောင်ရုံနဲ့ Whole Foods ဘက်က ဝန်ထမ်း ၃ ဦးကို ကိုဗစ်ဆေးထိုးပြီး ဖြစ်လို့ ငွေသားဆုကြေး ဒေါ်လာ ၁ သိန်း ပေးခဲ့ပါတယ်။
Photo: CNBC
ကမ္ဘာတစ်လွှား ကိုဗစ်ဒယ်လ်တာမျိုးကွဲ ကူးစက်မှုမြန်ဆန်လာချိန်မှာ Amazon အနေနဲ့ ရှေ့ထွက်ပြီး အလုပ်လုပ်နေရတဲ့ သိန်းနဲ့ချီတဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးပေးဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ သိုလှောင်ရုံတွေအတွင်း မဖြစ်မနေ mask တပ်ဆင်ဖို့အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားရေးအစီအမံတချို့ကို ပြန်လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
Covid-19 ကာကွယ်ရေးအတွက် Amazon သိုလှောင်ရေးရုံတွေအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုအစီအစဉ်ကိုလည်း ပြန်လုပ်ဆောင်သွားမယ်လို့ Seattle Times က ဆိုပါတယ်။