သင်ကြားရေးအပိုင်းမှာလည်း ကလေးများ စိတ်လက်ပေါ့ပါးစွာ သင်နိုင်အောင် ၊ စာသင်ခန်းထဲမှာလည်း ပျော်ပျော်နေနိုင်အောင် ထားပေးဖို့ အဓိက လိုအပ်ပါတယ်။

ကလေးဆိုတာ ပညာသင်ကြားလေ့လာမှုတွေ ရှိနေရမယ်ဆိုပေမယ့် ကိုဗစ်ကပ်ဘေးအပြင် မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှု အခြေအနေတွေ ကြောင့် စာသင်ခန်းတွေနဲ့ ကာလရှည်ဝေးကွာနေမှုတွေ ဖြစ်နေကြရပါပြီ။ 

Photo: Fusion Footage

ပဋိပက္ခ ၊ ကိုဗစ်ကပ်အပြင် အရွယ်ရောက်ပြီးသူများနဲ့ ကလေးသူငယ် ၂ သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ လူမှုရေးအကြပ်အတည်းနဲ့ နိုင်ငံရေးအကြပ်အတည်းတို့က ကလေးသူငယ်များပညာသင်ယူနိုင်မှုကို နှောင့်နှေးစေခဲ့ပြီဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ Unicef Myanmar က ထုတ်ပြန်ပါတယ်။

ဒီတော့ ပဋိပက္ခတွေအပြီး ပြန်လည်ထူထောင်ရေးကာလမှာ ကလေးများ စာသင်ခန်းထဲကို ရောက်လာဖို့ အရေးကြီးပါတယ်။ ကလေးများ စာသင်ခန်းထဲ ပြန်ဝင်လာကြတဲ့အခါ ကလေးစိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်လုံခြုံမှုပေးနိုင်ဖို့ လိုအပ်ပါတယ်။ သင်ကြားရေးအပိုင်းမှာလည်း ကလေးများ စိတ်လက်ပေါ့ပါးစွာ သင်နိုင်အောင် ၊ စာသင်ခန်းထဲမှာလည်း ပျော်ပျော်နေနိုင်အောင် ထားပေးဖို့ အဓိက လိုအပ်ပါတယ်။ ကလေးများ ပျော်ရွှင်စွာ စာသင်ခန်းထဲ ပြန်ဝင်လာဖို့ သင်ကြားရေးပုံစံတွေကို ပြင်ဆင်ထားဖို့ လိုအပ်သလို မိဘဆရာ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးပါတယ်လို့ Nway Oo Homeschooling ကဆိုပါတယ်။  ဒါဆိုကလေးတွေ စာသင်ခန်းထဲ ပျော်ရွှင်အောင် ဘာတွေ လုပ်သင့်ပါသလဲ Nway Oo Homeschoolingမှ ဆွေးနွေးချက်ကို လေ့လာနိုင်ပါတယ်။ 

Photo: classcentral

ဆရာ/ဆရာမတွေအရည်အသွေး ပြည့်ဝနေဖို့ လိုအပ်ပါတယ်

အရင်ဆုံးကလေးတွေ စာသင်ခန်းထဲမှာ ပျော်ရွှင်စွာနေနိုင်အောင် ဆရာ/ဆရာမတွေအနေနဲ့ အများကြီးပိုလုပ်ဖို့ လိုအပ်ပါတယ်။ ဆရာ/ဆရာမတွေအနေနဲ့ သင်ယူလိုစိတ်များဖို့ အရေးကြီးပါတယ်။ မိမိပညာရပ်ကို အမြဲဖြည့်ဆည်းနေဖို့ လိုအပ်ပါတယ်။ အခုချိန်မှာ ကျောင်းပိတ်လိုက်တယ်ဆိုတာက အသိပညာပိတ်လိုက်တာမဟုတ်ပါဘူး။ ကျောင်းပိတ်လို့ ကလေးထက် ဆရာမက ပိုပျော်နေလို့လည်း မရပါဘူး။ အဲဒါကြောင့် ကျောင်းပိတ်ထားတယ်ဆိုရင်တောင် ကျောင်းပြန်ဖွင့်တဲ့အခါ ကလေးတွေကို တက်ကြွလှုပ်ရှားစေတဲ့ လှုပ်ရှားမှုလေးတွေ ဘယ်လို ပေးနိုင်မလဲဆိုတာ အများကြီးလေ့လာထားဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက အခုလို အွန်လိုင်းကလပ်တွေ ခေတ်စားလာတဲ့အချိန်မှာ ဆရာ/ဆရာမတွေအနေနဲ့ နည်းပညာကို အသုံးချတတ်ဖို့လိုလည်းလိုအပ်ပါတယ်။ “ ဆရာမတွေထဲမှာ အခုထက်ထိ Gmail မဖွင့်တတ်သေးတာ။ drive ကို မသုံးတတ်တာတွေ ရှိတယ်။ အဲဒါတော်တော်လေးကို အဆင်မပြေပါဘူး၊ အခုလို ကျောင်းတွေ ပိတ်လိုက်တဲ့အချိန်မှာ ကလေးတွေနဲ့ မတွေ့ရတဲ့အတွက် ဘယ်လိုသင်ယူမှုပေးကြမလဲဆိုတာ ဒီအချိန်မှာ အများကြီး လေ့လာနေဖို့ လိုအပ်ပါတယ်။ “ လို့ Nway Oo Homeschooling က အကြံပြုပြောဆိုပါတယ်။ 

Photo: Abdobe Stock

ကလေးများ တက်ကြွလှုပ်ရှားစေမယ့် လေ့ကျင်ခန်းလေးတွေနဲ့ သင်ပေးပါ

ကလေးတွေ စာသင်ခန်းထဲမှာ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်ဖို့ သင်ရိုးသစ်မှာ တက်ကြွလှုပ်ရှားစေမယ့် ကျောင်းတွင်း လေ့ကျင့်ခန်းလေးတွေ (Active Learning Activities) ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါတွေကို သင်ကြားမယ့် ဆရာ/ဆရာမတွေ လေ့လာထားပြီး ကောင်းကောင်းအသုံးချနိုင်မယ်ဆိုပါက ကလေးများ စိတ်ပျော်အောင် လုပ်ဖို့ နည်းလမ်းတွေ ရနိုင်မှာဖြစ်တယ်လို့ Nway Oo Home Schooling က ပြောပါတယ်။

Active Learning Activities ဆိုတာ အရင်လို စာသင်မယ်။ စာအုပ်ဖွင့် ၊ စာအုပ်ထဲကအတိုင်း လိုက်ဆို အလွတ်ကျက် ဆိုတာမျိုးမဟုတ်တော့ပါဘူး။ ဥပမာ ဆားနဲ့ ‌ ရေနဲ့ ဖျော်မယ်ဆို တကယ်လက်တွေ့လုပ်တာမျိုး၊ အဖွဲ့လိုက် ဆွေးနွေးတာမျိုး၊ အချက်အလက်လေးတွေစုလာပြီး တစ်ဖွဲ့ချင်းစီတင်ပြကြတာမျိုး စတဲ့လှုပ်ရှားမှုလေးတွေ ဖြစ်ပါတယ်။

ဒါကြောင့်ကလေးတွေစာသင်ခန်းထဲ ပြန်ဝင်တဲ့အခါ ကလေးတွေ အချင်းအချင်း အပြန်အလှန်ဆက်သွယ်ပြောဆိုတတ်အောင် ၊ ကလေးတွေ ပြန်ရင်းနှီးအောင် အဖွဲ့လိုက် လေ့ကျင့်ခန်းတွေ လုပ်ခိုင်းပါ။ လက်တွေ့လေ့ကျင့်ခန်းတွေ လုပ်ခိုင်းပါ။ ကိုယ်တိုင် လေ့လာခိုင်းတာတွေမျိုး လုပ်ခိုင်းပါ။ ဥပမာ အပင်တစ်ပင်မှာ ဘာတွေ ပါလဲဆိုတာ လက်တွေ ကြည့်ခိုင်းတာ ၊ ဆရာမနဲ့ အပြန်အလှန်မေးခွန်းတွေ မေးကြ ပြောကြတာ စသဖြင့် ဒီလိုနည်းလေးတွေနဲ့ ကလေးများ စိတ်ပျော်အောင် ဖန်တီးပေးပါ။  

Photo: Waterford

ကလေးများ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်အောင် သင်ကြားပေးပါ

လက်ရှိမှာ ကလေးတွေဟာ ကိုဗစ်ကြောင့် အိမ်ပြင်မထွက်ရတဲ့အတွက် မွန်းကျပ်မှုတွေ ခံစားနေရတဲ့အပြင် နိုင်ငံတွင်း ပဋိပက္ခဖြစ်ရပ်တွေကြောင့် ကျေးလက် မြို့ပြမကျန် မလုံခြုံမှုဒဏ်ကို ခံစားနေကြရတာြဖစ်ပါတယ်။ဒီလို ကလေးရဲ့ စိတ်မလုံခြုံမှုအခြေအနေတွေကြောင့် စာသင်ခန်းထဲ ပြန်ရောက်ကြတဲ့အခါ သူငယ်ချင်းအချင်းချင်း ၊ ဆရာမနဲ့ အကြား ပေါင်းသင်းဆက်ဆံရေးကို ထိခိုက်ကျဆင်းစေနိုင်တာဖြစ်ပါတယ်။ ဒီလိုထိခိုက်ကျဆင်းမှုကို စာရိတ္တနဲ့ ပြည့်သူ့နီတိ ဘာသာ ရပ်နဲ့ ပြန်လည်ဖြည့်တင်းနိုင်တယ်လို့ Nway Oo Home Schooling ကဆိုပါတယ်။ 

“ ကျွန်မသိသလောက် အခု အပြင်အွန်လိုင်းကလပ်တွေမှာ ကလေးကို အချင်းချင်းစကားပြောကြပါဦးဆိုပြီးတော့ ပေးတာမျိုး သိပ်မတွေ့ဖူးသေးပါဘူး။ အွန်လိုင်းသင်ဖို့ ရတဲ့အချိန်လေးမှာ သင်ခန်းစာပြီးမြောက်ဖို့လည်း လိုသေးတာကိုး။ ဒါကြောင့် စာသင်ခန်းထဲ ပြန်ဝင်တဲ့အခါ ကလေးတွေ ပေါင်းသင်းဆက်ဆံရေးကို ပြန်တည်ဆောက်ဖို့ လိုအပ်တယ်။ ဒါကြောင့် ဆရာမတွေအနေနဲ့ စာ ရိတ္တနဲ့ ပြည့်သူ့နီတိ ဘာသာအရေးမကြီးဘူးလို့ မထင်စေချင်ပါဘူး။ ကျောင်းဖွင့်တာနဲ့ တန်းပြီး စာတွေ သင်မယ်ဆိုတာမျိုး မလုပ်သင့်ပါဘူး။ သူတို့ကို ရင်းနှီးကျွမ်းဝင်အောင် အရင်သင်ပေးထားဖို့ လိုပါတယ်” လို့ Nway oo Home Schooling ကဆိုပါတယ်။ 

Photo: MindChamps

ကလေးတွေဆက်ဆံရေးကောင်းနေဖို့ မိဘတွေဘာလုပ်ပေးသင့်လဲ

ကလေးတွေ စာသင်ခန်းဆီ ပြန်ဝင်တဲ့အခါ ပေါင်းသင်းဆက်ဆံရေးကောင်းနေစေဖို့ မိဘတွေအနေနဲ့လည်း ကူညီပေးထားသင့်ပါတယ်။ မိဘတွေအနေနဲ့ ကလေးနဲ့ အတူတူကစားပေးခြင်းက ကလေးရဲ့ ပေါင်းသင်းဆက်ဆံရေးကိုကောင်းမွန်စေပါတယ်။ ကလေးကိုသူနဲ့ရွယ်တူ တစ်ယောက် ရှိနေတယ်လို့ ခံစား ရစေအောင် ကလေးကို အချိန်ပေးပါ။ ဒါဆိုကလေးက ကျောင်းပြန်တက်တဲ့အခါ ပေါင်းသင်းဆက်ဆံရေးမှာ ပိုမို အဆင်ပြေလာပါမယ် လို့ Nway Oo Homeschooling ကဆိုပါတယ်။ 

Photo: TODAY

မိဘနဲ့ဆရာ အပြန်အလှန်ပူးပေါင်းမှု အရေးကြီးပါတယ်

အခုကာလကတော့ မိဘနဲ့ ဆရာဟာ အလှမ်းဝေးကွာနေတဲ့အခြေအနေလို့ ဆိုရမှာပါပဲ။ အရင်ကျောင်းတွေ တက်နေစဥ်ကာလမှာကတည်းက မြန်မာနိုင်ငံပညာရေးစနစ်မှာ ဆရာမနဲ့ မိဘဆိုတာ စာသင်ဖို့ ဌားရမ်းတဲ့ အချိန်လောက်ပဲ အဆက်အသွယ်ရှိကြတယ်လို့ ဆိုပါတယ်။ အခုပညာရေးစနစ်သစ်မှာတော့ မိဘနဲ့ ဆရာ ဘယ်လိုအချိန်မှာ တွေ့သင့်လဲ။ ကလေးနဲ့ ပတ်သက်တာတွေကို အချင်းချင်းအပြန်အလှန်တင်ပြကြမယ် ဆိုတာမျိုးတွေ ပါဝင်လာပါြပီ။ ကလေးပညာရေးကို မိဘကစိတ်ဝင်စားဖို့ လိုအပ်သလို ဆရာဘက်ကလည်း တာဝန်ခံ၊ တာဝန်ယူမှု အပြည့် ရှိဖို့ လိုအပ်ပါတယ်။ ကလေးရီပို့ကတ်မှာ အမှတ်စာရင်းတင်မကပါဘူး။ ကလေး ရဲ့ အရည်အသွေး၊ ပေါင်းသက်းဆက်ဆံရေးတွေပါဝင်လာမှာ ဖြစ်တဲ့အတွက် ကလေးအခြေအနေကို လိုက်ပြီး မိဘ /ဆရာပူးပေါင်းဆောင်ရွက်နေဖို့ လိုအပ်ပါတယ်။ 

ကလေးတွေ ပညာသင်ကြားရေးမှာ အစွန်းနှစ်ဖက် မရောက်ဖို့ လိုအပ်ပြီး ဒီအချိန်မှာ အိမ်အခြေပြုသင်ကြားနည်းက ကလေးများ ကျောင်းပြန်တက်တဲ့အခါ အထောက်အကူဖြစ်စေနိုင်မှာ ဖြစ်တယ်လို့ Nway Oo Homeschooling က အကြံပြုပါတယ်။ 

“ ကျွန်မတို့ နိုင်ငံဟာ ဒီလိုအခြေအနေ ဖြစ်သွားပြီဆိုတာ လက်ခံနိုင်ဖို့ လိုအပ်တယ်။ အခုက ပုံမှန်ဘဝမဟုတ် ပါဘူး။ အဲဒါတွေကို ငြီးငြူနေလို့ မရတော့ပါဘူး။ ဒီလိုအခြေအနေမှာ ကလေးဟာ ကျောင်းသွားမှမဟုတ်ဘူး။ အိမ်မှာလည်းပဲ သင်ယူနိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေ ရှိသလားဆိုတာ မိဘကိုယ်တိုင် လေ့လာပါ။ ကလေးက ဘာမှမသင်လဲ အချိန်တန်တတ်မှာပဲ ဆိုတာမျိုး အတွေးမျိုး မတွေးပါနဲ့ ၊ ဘာမှမသင်လဲ ကလေးက မြန်မာစာကောင်းကောင်းတတ်တယ်ဆိုပြီး ပြောကြတာမျိုးတွေ တွေ့ဖူးပါတယ် ။ ဒါက အိမ်မှာ မြန်မာစကားပြောနေလို့ပဲ ဖြစ်ပါတယ်။ သင်ပေးဖို့ မလိုတဲ့ကိစ္စပါ။ နောက်တစ်ခုက ကလေးကိုနေ့တိုင်းသင်ပေးတယ် ။ အွန်လိုင်းကလပ်တွေ တစ်ခုပြီး တစ်ခု တက်ခိုင်းတာမျိုးတွေလည်း ‌ ရှောင်ပါ။ ဒါကြောင့် အခုကာလမှာ ဘာမှမသင်ပေးဘူး၊ အလွန်အမင်းသင်တယ်ဆိုတဲ့အစွန်းနှစ်ဖက်ကို လွတ်အောင် ရှောင်ပါ။ အစွန်းနှစ်ဖက်ကို ရှောင်ပြီး အိမ်မှာ အခြေပြုသင်ကြားနည်းကို လေ့လာပါ ။ Home Base Learning ဆိုတာ ဆရာမတစ်ယောက်လို သင်ပေးတာထက် စာရင် ကလေးတစ်ယောာက်ဟာ ဒီအရွယ်မှာ ဘာလေးတော့ သိသင့်တယ်ဆိုတာမျိုး သင်ပေးပါ။ ဒါဆို ပဋိပက္ခတွေအပြီး ပြန်လည်ထူထောင်ရေးကာလမှာ ကျောင်းတွေ ပြန်တက်မယ်ဆိုပါက ကလေးက လိုက်မှီဖို့ မခက်ခဲတော့ပါဘူး။”

Share

Loading Next Article...
က္က