ဂရီလစ်ရှ်ကို အမ်ဘာပေ၊ နေမာ၊ ဟာလန်း၊ ဟာရီကိန်းတို့နဲ့ တစ်တန်းတည်းထားပြီး ချီးကျူးလိုက်တာပါ။
မန်စီးတီး ကွင်းလယ်တိုက်စစ်ကစားသမား ဂရီလစ်ရှ်ဟာ PSG တိုက်စစ်မှူး အမ်ဘာပေ၊ နေမာ၊ စပါးတိုက်စစ်မှူး ဟာရီကိန်း၊ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတို့လို ကစားသမားမျိုးဖြစ်လာမယ်လို့ စပါးနည်းပြဟောင်း တင်မ်ရှားဝုဒ်က ချီးကျူးပြောကြားလိုက်ပါတယ်။


ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အက်စတွန်ဗီလာကနေ မန်စီးတီးကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်စီးတီးအတွက် အကောင်းဆုံးပုံစံပြသနေတဲ့ ကစားသမားတစ်ဦးပါ။

ဂရီလစ်ရှ်အတွက် အသုံးပြုခဲ့ရတဲ့ငွေကြေးနဲ့ ခြေစွမ်းထိုက်တန်မှုရှိမရှိဆိုတာကို ဂရီလစ်ရှ်က အကောင်းဆုံး တုံ့ပြန်နေပြီး တင်မ်ရှားဝုဒ်ကလည်း “ဂျက် (ဂရီလစ်ရှ်) က တကယ်ကို အရည်အချင်းအပြည့်ရှိတဲ့ ကစားသမားဖြစ်ပြီး ဂွါဒီယိုလာက သူ့ကို တကယ့်စူပါစတားဖြစ်လာအောင် လုပ်ပေးပါလိမ့်မယ်။ သူ ဒီလိုဖြစ်လာမယ့် လမ်းကြောင်းပေါ်ကိုလည်း ရောက်နေပါပြီ။”


“ဂရီလစ်ရှ်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်လာပါလိမ့်မယ်။ နောက်ဆုံး (၃) (၄) နှစ်အတွင်းမှာ ကျွန်တော်တို့က ရော်နယ်ဒိုနဲ့မက်ဆီ ဘယ်သူပိုကောင်းလဲဆိုတာပဲ ငြင်းခုံခဲ့ကြပါတယ်။ အဲ့ဒါအပြင် မရှိတော့ပါဘူး။”


“အခုချိန်မှာတော့ အမ်ဘာပေ၊ နေမာ၊ ဟာလန်း၊ ဟာရီကိန်းနဲ့ ဂရီလစ်ရှ်တို့က ဒီနေရာကို ယူလာပါလိမ့်မယ်။ ဂရီလစ်ရှ်ကလည်း ထူးခြားကောင်းမွန်တဲ့ကစားသမားတစ်ယောက်ပါ။ နောက်ပိုင်းရာသီတွေမှာ ရော်နယ်ဒိုနဲ့မက်ဆီကို ကျော်နိုင်တဲ့ ကစားသမားတွေမရှိပါဘူး။ ဒါပေမယ့် နောက်ပိုင်းကျ သူတို့မရှိတော့ရင် သူတို့နေရာကို ဘယ်သူဝင်မယ်ထင်လဲ?”


“ဂရီလစ်ရှ်က အခုဆို ကြီးကျယ်ခမ်းနားတဲ့အသင်းတစ်သင်းမှာရှိနေပြီး ဆုဖလားတွေကို ဆွတ်ခူးနိုင်ပါလိမ့်မယ်။” လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။ ဂရီလစ်ရှ်ရဲ့ မန်စီးတီးဟာ မနက်ဖြန်ညမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အကောင်းဆုံးပုံစံတွေပြသနေတဲ့ ချဲလ်ဆီးအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ 

Share

က္က