ကျောင်းလုံးဝမတတ်ရသေးတဲ့ကလေးလို့ ပြောလိုက်ရင် KG အတန်းမှာ တက်မယ့်ကလေးလို့ ဆိုရမှာပါ။

ကိုဗစ်ကပ်ကြောင့် ကျောင်းတွေပိတ်ထားရတဲ့အခါ ကလေးများအပေါ်ထိခိုက်မှု ရှိနေတယ်လို့ UNICEF က ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ထုတ်ပြန်ထားခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုများ အမြင့်ဆုံးချမှတ်ထားရချိန် ကမ္ဘာတစ်ဝှမ်းမှ ကျောင်းသားပေါင်း ၉၀ ရာခိုင်နှုန်းခန့် ထိခိုက်နစ်နာခဲ့ရတာဖြစ်ပါတယ်။ 

ကျောင်းသားလူငယ် သုံးပုံတစ်ပုံကျော်မှာလည်း အဝေးမှသင်ကြားရေးကို လက်လှမ်းမီ မရရှိနိုင်သလို ကျောင်းများပိတ်ထားခြင်းကြောင့် ဆုံးရှုံးနစ်နာမှုမှာ အလွန်တရာကြီးမားလှတယ်လို့ UNICEF ကဆိုပါတယ်။ ကလေးများကျောင်းတွေနဲ့ ဝေးကွာခြင်းကြောင့် နောက်ဆက်တွဲ ဘယ်လိုပြဿနာတွေ ကြုံရနိုင်လဲ။ အ ရွယ်လွန်မှ ကျောင်းတက်ရတဲ့အခါ ဘယ်လိုအခက်အခဲတွေ ကြုံလာနိုင်ပါသလဲ။

Photo: UNICEF Myanmar

ကျောင်းများပိတ်ထားခြင်းကြောင့် ဖြစ်နိုင်တဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းပြဿနာတွေ 

ကျောင်းတွေနဲ့ ဝေးကွာခြင်းကြောင့် ကလေးများ ကျန်းမာရေး၊ တိုးတက်ဖွံ့ဖြိုးရေး၊ ဘေးကင်းလုံခြုံရေးနှင့် ကောင်းကျိုးချမ်းသာပြည့်စုံရေးတို့ကို ထိခိုက်စေမယ့် အခြေအနေများ တွေ့ကြုံနေကြရပြီး သူတို့ထဲမှာ အားနည်းထိခိုက်အလွယ်ဆုံးကလေးတွေကတော့ အပြင်းထန်ဆုံးသော ရိုက်ခတ်မှုဒဏ်ကိုခံကြရမယ်လို့ Unicef ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကလေးတွေဟာ ကျောင်းက ပံ့ပိုးတဲ့ အစားအစာတွေ မရရှိကြတဲ့အတွက် ကလေးများမှာ ဆာလောင်မွတ်သိပ်ပြီး အာဟာရပြည့်ဝမှု လျော့နည်းလာခဲ့ကြရပါတယ်။ ဒါ့အပြင် သက်တူရွယ်တူတွေနဲ့ နေ့စဉ်တုံ့ပြန်ထိတွေ့မှုတွေ မရှိကြဘဲ လှုပ်ရှားသွားလာမှုတွေလည်း လျော့နည်းလာခြင်းကြောင့် ကာယကြံ့ခိုင်မှုအားနည်းလာပြီး စိတ်ဖိစီးမှု လက္ခဏာတွေကို တွေ့မြင်လာရပါတယ်။ ကျောင်းတွေက ပေးတဲ့ ဘေးကင်းလုံခြုံတဲ့ အသိုက်အဝန်းတစ်ခုမရှိတာကြောင့် ကလေးတွေမှာ နှိပ်စက်ညှဉ်းပန်းခံရခြင်း၊ အရွယ်မရောက်မီ အိမ်ထောင်ပြုရခြင်းနှင့် ကလေးလုပ်သားအဖြစ် ခိုင်းစေခံရခြင်း စတဲ့ အခြေအနေတွေ ပိုမို ကြုံတွေ့ရနိုင်ဖွယ်ရှိလာတယ်လို့ UNICEF အစီရင်ခံစာ အရသိရပါတယ်။

ကမ်ယာမှာတော့ ကလေးတွေ ကျောင်းစာသင်ခန်းနဲ့ နီးစပ်နိုင်ဖို့ ပြန်လည်ကြိုးစားလာကြပြီးအခုဆို နိုင်ငံအများစုမှာ ကိုဗစ်စည်းမျဉ်းနဲ့အညီ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်လာကြပြီဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ UNICEF ထုတ်ပြန်ချက်အရ ဒေသနဲ့ နိုင်ငံပေါင်း ၁၂ ခုမှာ စာသင်ကျောင်းတွေ ပြန်ဖွင့်နေပြီလို့ သိ ရပါတယ်။ 

ကျောင်းပြန်ဖွင့်ရာမှာ ၂ နှစ်ကနေ ၁၅ နှစ်အတွင်း ကလေးတွေ ကျောင်းပြန်တက်နိုင်ပြီး ဒေသတွေ၊ နိုင်ငံတွေ အလိုက် သူတို့သတ်မှတ်ထားတဲ့ ကိုဗစ်စည်းမျဉ်းအတိုင်း စာသင်ခန်းပတ်ဝန်းကျင်တွေဆီမှာ ပြန်သင်နိုင်ဖို့ ကြိုးစားလာကြပြီဖြစ်ပါတယ်။ 

Photo: UNICEF Myanmar

ကျောင်းများပိတ်ထားတဲ့ မြန်မာနိုင်ငံ အခြေအနေ

မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကပ်ဘေးအပြင် နိုင်ငံရေးမတည်ငြိမ်မှု၊ ပဋိပက္ခ ဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံက ကလေးတွေဟာ အခုဆို ကျောင်းစာသင်ခန်းတွေနဲ့ ဝေးနေခဲ့တာ ၂နှစ်ကျော်ထဲကို ရောက်လာခဲ့ပါပြီ။

ကိုဗစ်ကြောင့် ၁၂ သန်းနီးပါးသော ကလေးငယ်တွေနဲ့ လူငယ်တွေ ပညာသင်ယူခြင်းကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီးလို့ UNICEFကထုတ်ပြန်ထားပါတယ်။ ကိုဗစ် ကြိုတင်ကာကွယ်ရေး အစီအမံတွေကြောင့် ကျောင်းတွေ ဆက်လက်ပိတ်လိုက်တာနဲ့အတူ ကလေးတွေ သင်ယူမှုကို လက်လှမ်းမမီနိုင်တော့တာ၊ သူတို့ ရည်မှန်းချက်တွေ ဖျက်ဆီးခံလိုက်ရတာ၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် မျှော်လင့်ခြင်းတွေ ဖျက်ဆီးခံလိုက်ရတာတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျောင်းများ ပိတ်ထားခြင်းကြောင့် ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ ကျောင်းထွက်နှုန်းတွေ ပိုများလာတာ၊ ကလေးတွေ ကျောင်းခန်းထဲမှာ စာသင်ကြား ရတာတွေကို စိတ်မဝင်စားတော့တဲ့ ပြဿနာတွေလည်း ပိုပြီးတိုးလာနိုင်တယ်လို့ Nway Oo Home Schooling က ဆိုပါတယ်။

ကလေးတွေအနေနဲ့လည်း အခုဆို စာသင်ခန်းတွေနဲ့ ဝေးနေတာ ၂ နှစ်ကျော်လာပြီဖြစ်တဲ့အတွက် ကျောင်းလုံးဝမတတ်ရသေးတဲ့ကလေးဆိုပါက ပုံမှန်သတ်မှတ်ထားတဲ့အသက်အရွယ်မှာ ကျောင်းမတတ်ရဘဲ အရွယ်လွန်မှ ကျောင်းပြန်တက်ရတဲ့အခါ ၊ ကျောင်းတက်နေဆဲကလေးဆိုလည်း အခုလို နှစ်ရှည်နားပြီးမှ ကျောင်းပြန်တက်ရတဲ့အခါ ဘယ်လိုအခက်အခဲတွေ ကြုံလာနိုင်ပါသလဲ Nway Oo Home Schooling မှ အခုလို ဆွေးနွေးအကြံပြုထားပါတယ်။

Photo: UNICEF Myanmar

ကျောင်းလုံးဝမတက်ရသေးတဲ့ KG ကလေးတွေ 

ကျောင်းလုံးဝမတတ်ရသေးတဲ့ကလေးလို့ ပြောလိုက်ရင် KG အတန်းမှာ တက်မယ့်ကလေးလို့ ဆိုရမှာပါ။ စာသင်ကျောင်းတွေမှာက KG တန်း တက်မယ့်ကလေးတွေကို ရေး၊ ဖတ်၊ တွက် တွေလုပ်နိုင်ဖို့ အဆင်သင့်ဖြစ်အောင်လုပ်ပေးတဲ့ ပုံစံမျိုးနဲ့သင်ကြားပေးတာဖြစ်ပါတယ်။ ကလေးတစ်ယောက်ဟာ စာသင်ကျောင်းတွေကို စဝင်လာပြီဆိုတာနဲ့ ရေး၊ဖတ်၊တွက် တွေလုပ်နိုင်ဖို့ အဆင့်သင့်ဖြစ်အောင် အ ရင်ဆုံးလုပ်ပေးတာဖြစ်ပါတယ်။ လုံးဝကျောင်းမတတ်ရသေးတဲ့ကလေးကတော့ ကျောင်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံက အသစ်လို ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကလေးက အပြင်မှာ အွန်လိုင်းကလပ်တွေ တက်ထားတယ်ဆိုပါက စည်းကမ်းတကျနေထိုင်ရတာတွေကို ကြိုတင်သိထားမယ်ဆိုရင် ပိုမိုကောင်းမွန်ပါတယ်။ ကျောင်းတွေစတက်ရပြီဆိုရင်တော့ KG တန်းတက်မယ့် ကလေးအားလုံးဟာ အကုန်လုံး တန်းတူ အသက်ကြီးနေမှာဖြစ်ပါတယ်။ အဲဒီတော့ အရွယ်လွန်ပြီး အတန်းငယ်နေမှာဖြစ်ပေမယ့် ကလေးအားလုံးက လုံးဝအတန်းမတတ်ရသေးတဲ့အတွက် ကျောင်းပြန်စတတ်မယ်ဆိုပါကလည်း သိပ်ပြီး စိတ်ပူဖို့ မလိုအပ်ဘူးလို့ Nway Oo Home Schooling ကဆိုပါတယ်။ 

Photo: UNICEF Myanmar

ကျောင်းတက်ဖူးပြီး အိမ်မှာ သင်ထားတဲ့ကလေးများ အခြေအနေ 

ကျောင်းမတတ်တာကြာနေတဲ့ကလေးတွေ ကျောင်းပြန်‌သွားတက်ကြတော့မယ်ဆိုပါက ပြဿနာအနည်းငယ် ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အတန်းထဲမှာ စာသင်ရတာက ကလေးကို မဆွဲဆောင်နိုင်တဲ့အခါ ကျောင်းတက်ရလို့ အကျိုးမရှိပါဘူးလို့ ထင်သွားတဲ့ အခါ ကလေးတွေအနေနဲ့ စာသင်ခန်းထဲမှာ ပြန်သင်ဖို့ လုံးဝစိတ်ပြန်လာမှာမဟုတ်ပါဘူး။ ကလေးရဲ့ စိတ်ထဲမှာ တွေးနေနိုင်ပါတယ်။ ဥပမာ- အိမ်မှာရှိတုန်းက အွန်လိုင်းက သင်တာကမှ၊ ဆရာမခေါ်သင်တာကမှ၊ အမေသင်တာကမှ ပိုကောင်းဦးမယ်။စာတွေပို ပြီးသေးတယ်။ အခုကျောင်းတက်တော့ ဒီစာတွေက လုပ်ပြီးသားပါလို့ ဆိုပြီး တွေးနိုင်ပါတယ်။ ဒါကတော့ အိမ်မှာစာသင်ထားတဲ့ကလေး အခြေအနေပါ။ ဒါကြောင့်ကလေးတွေ စာသင်ခန်းထဲ ပြန်လာတဲ့အခါ ကလေးကို ကျောင်းခန်းထဲမှာ သင်ခန်းစာတွေကို စိတ်ဝင်စားအောင် ဘယ်လိုသင်ကြားရမလဲဆိုတာ သိဖို့ အရေးကြီးပါတယ်လို့ Nway Oo Home Schooling ကဆိုပါတယ်။

အိမ်မှာစာမသင်ထားတဲ့ ကလေးများ အခြေအနေ 

အိမ်မှာ မသင်ထားတဲ့ကလေးတွေအနေနဲ့လည်း သင်ကြားမှုနဲ့ ဝေးနေတယ်ဆိုပေမယ့် သူ့အသက်အရွယ်အလိုက် တားဆီးလို့မရတဲ့ ဖွံဖြိုးမှုတွေက ရနေပါတယ်။ အဲဒီဖွံဖြိုးမှုတွေအလိုက် ကလေးက သူတို့မှာ တစ်ချို့ အရာတွေ တတ်မြောက်သွားပါတယ်။ ဥပမာ- ကျောင်းပိတ်တုန်းက အိမ်မှာ ဈေးကူ ရောင်းထားလို့ ၊ မိဘက အပြင်အလုပ်တွေ ခိုင်းထားလို့ စတဲ့ ဖြစ်စဉ်တွေကြောင့် ကလေးတွေဟာ ဈေးရောင်း ဈေးဝယ်ကိစ္စတွေ၊ လူမှုဆက်ဆံ‌ရေးတွေ အလိုအလျောက်ရသွားနိုင်ပါတယ်။ ဒါကို ကျောင်းထဲ ပြန်ဝင်ပြီး ကလေးလို ပြန်သင်ရတဲ့အခါ ဒါတွေကို သိပြီးသား မသိလည်း နေလို့ ရတာပဲ ဆိုတာမျိုုးဖြစ်တတ်ပါတယ်။ ဆိုလိုချင်တာက ကလေး ရဲ့ အသက်အ ရွယ်နဲ့ သင်ရမယ့် စာတွေနဲ့ မလိုက်ဖက်တော့တဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ကလေးကို စာသင်နိုင်အောင် ဆွဲဆောင်နိုင်ဖို့ အားနည်းသွားနိုင်ပါတယ်။ ဒါက ကြီးမားတဲ့စိန်ခေါ်မှုပါပဲ။ ဒါကြောင့် ကျောင်းမှာ ကလေးတွေကို စိတ်ဝင်စားအောင် သင်နိုင်ဖို့ အတွက် ဆရာမတွေအနေနဲ့ ကြိုးစားဖို့ လိုအပ်တယ်လို့ Nway Oo Home Schooling က ဆိုပါတယ်။ 


Share

က္က