ရော်နယ်ဒိုမရှိတဲ့ ဂျူဗင်တပ်စ်နဲ့ပတ်သက်လို့ တူချယ်လ်က သုံးသပ်ပြောကြားလိုက်တာပါ။

ချဲလ်ဆီးနည်းပြ သောမတ်စ်တူချယ်လ်က ဒီနေ့ညမှာ ဂျူဗင်တပ်စ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် အဝေးကွင်းပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ရော်နယ်ဒိုမရှိတော့တဲ့ ဂျူဗင်တပ်စ်ရဲ့ အနေအထားနဲ့ပတ်သက်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဇင်းနစ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိထားပြီး ဂျူဗင်တပ်စ်ကလည်း အဝေးကွင်းမှာ မာလ်မိုကို ၀-၃ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ ဒီနှစ်သင်းဟာ အုပ်စုတွင်းမှာ အင်အားအကြီးမားဆုံး အသင်းတွေဖြစ်ကြပြီး ဒီလိုမျိုးထိပ်တိုက်တွေ့ဆုံတဲ့ပွဲတွေက အုပ်စုပထမနဲ့ဒုတိယနေရာအတွက် အဆုံးအဖြတ်ပေးနိုင်ပါတယ်။


ဂျူဗင်တပ်စ်ဟာ ရော်နယ်ဒိုမရှိတဲ့နောက်ပိုင်း ပြည်တွင်းလိဂ်မှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး ဥရောပမှာလည်း လူရိုသေ၊ ရှင်ရိုသေအဆင့်ကနေ လျှောကျသွားပြီလို့ဆိုရင် မလွန်ပါဘူး။ ဒီလိုမျိုး ဂျူဗင်တပ်စ်ရဲ့ အခြေအနေနဲ့ပတ်သက်လို့ တူချယ်လ်ကတော့ “အချိန်က စကားပြောသွားပါလိမ့်မယ်”

“ကမ္ဘာပေါ်မှာ ရော်နယ်ဒိုမရှိတဲ့အသင်းတွေက ဘာလျှို့ဝှက်ချက်၊ ဝှက်ဖဲမှ မရှိနိုင်ဘူးလို့ထင်ပါတယ်။ တချို့ပွဲချိန်အပိုင်းအခြားတွေမှာ ရော်နယ်ဒိုရှိတာနဲ့မရှိတာ မတူပါဘူး။ သူက ထိပ်တန်းကစားသမားတွေထဲက တစ်ယောက်ပါ။ ပွဲတိုင်းကို အကောင်းဆုံးသက်သေပြရင်း ကစားနိုင်ပါတယ်”

“ဂျူဗင်တပ်စ်တို့က ချန်ပီယံအကြီးစားတစ်ယောက်ကို ဆုံးရှုံးခဲ့ရတာပါ။ ဒါပေမယ့် ရော်နယ်ဒိုမရှိဘဲနဲ့ အသင်းကြီးတစ်သင်း၊ သန်မာတဲ့အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်လို့ရပါတယ်။ ဂျူဗင်တပ်စ်မှာ အရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့ အတွေ့အကြုံရင့်နည်းပြလည်းရှိပါတယ်။ သူတို့က အနိုင်ရလိုစိတ်အပြည့်နဲ့ အသင်းကိုတည်ဆောက်ထားကြတာပါ”

“ကျွန်တော့်အတွက် ဂျူဗင်တပ်စ်နဲ့တွေ့ရမှာ ဒါပထမဆုံးပါပဲ။ ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့် ကျွန်တော်တို့ လိုချင်တာလည်း ဒါပါပဲ။ သူတို့က စီးရီးအေအဖွင့်ပွဲတွေမှာ ပြဿနာအချို့ရှိခဲ့တာဟုတ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ အေးဆေးပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဥ် (၂) ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ပြီး လမ်းကြောင်းမှန်ပေါ်တက်ရောက်ဖို့ ကြိုးစားနေသလို ချဲလ်ဆီးကလည်း နောက်ဆုံး အိမ်ကွင်းပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲကနေ အမြန်ဆုံးပြန်လည်ရုန်းထွက်နိုင်ဖို့ လိုအပ်နေပါတယ်။ 

Share

က္က