မန်စီးတီးနဲ့ပွဲက မက်ဆီရဲ့စွမ်းဆောင်ရည်ကြောင့်လည်း ဂျိုကိုးလ်က မက်ဆီကို ချီးကျူးခဲ့တာပါ။

ချဲလ်ဆီးကစားသမားဟောင်း ဂျိုကိုးလ်က ချန်ပီယံလိဂ်အုပ်စုပွဲစဥ် (၂) ပွဲကစားပြီးချိန်မှာ လက်ရှိအချိန်အထိ မက်ဆီကသာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေဆဲလို့ သုံးသပ်ခဲ့ပါတယ်။

မက်ဆီဟာ အင်္ဂါနေ့ညက ကစားခဲ့တဲ့ PSG နဲ့ မန်စီးတီးပွဲမှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို ဧရိယာထိပ်ကနေ လှလှပပကန်သွင်းနိုင်ခဲ့ပြီး အသင်းကလည်း ၂-၀ ဂိုးနဲ့ မန်စီးတီးကို အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီသွင်းဂိုးဟာ မက်ဆီအတွက် PSG ကစားသမားဘဝ ပထမဆုံးသွင်းဂိုးဖြစ်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဗီလာရီးရဲယ်ပွဲမှာလည်း ရော်နယ်ဒိုက ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ ယူနိုက်တက်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ယူနိုက်တက်ကို ဒီရာသီ ချန်ပီယံလိဂ်ပထမဆုံးနိုင်ပွဲနဲ့ မြည်းစမ်းခွင့်ရရှိစေခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ဒီတစ်ပတ်က GOAT နှစ်ယောက် အပြိုင်အဆိုင် ခြေစွမ်းပြခဲ့တဲ့ ရက်သတ္တပတ်လို့ဆိုနေကြပြီး ဂျိုကိုးလ်ကလည်း BT Sports က တစ်ဆင့် မက်ဆီနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောကြားလာတာပါ။ ဂျိုကိုးလ်က “မက်ဆီအတွက် အချိန်ပဲလိုအပ်ခဲ့ပြီး အဲ့ဒီဂိုးကလည်း လှပတဲ့ဂိုးတစ်ဂိုးဖြစ်ခဲ့ပါတယ်။ သူက မန်စီးတီးနဲ့ပွဲမှာ ပွဲကိုအလှည့်အပြောင်းဖြစ်စေခဲ့တာပါ”

“အချို့လူတွေကတော့ မက်ဆီ အင်္ဂလန်မှာဒါမျိုးလုပ်နိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်နေကြမှာကို ခင်ဗျားလည်း သိပါတယ်။ ကောင်းပါပြီ။ အခု သူက လတ်တလော အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းကို ဂိုးသွင်းခဲ့ပါပြီ။ မက်ဆီက ဘယ်လောက်တောင် ကောင်းကောင်းလုပ်ပြသွားခဲ့လဲ ကြည့်ပါဦး”

“သူ့ရဲ့ပြေးအား၊ အယိမ်းအနွဲ့၊ အသင်းဖော်နဲ့ အချိတ်အဆက်တွေကတစ်ဆင့် ပြိုင်ဘက်ဂိုးရဲ့ အပေါ်ထောင့်ထဲကို ကန်သွင်းပြီး မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။ ကျွန်တော့်အတွက် သူက အခုထိ ထာဝရအကြီးကျယ်အခမ်းနားဆုံးနဲ့ ထာဝရအကောင်းဆုံး ကစားသမားဖြစ်နေဆဲပါ။ PSG နဲ့အတူ သူဘာတွေလုပ်ပြနိုင်ဦးမလဲဆိုတာကို ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

မက်ဆီဟာ လိုင်ယွန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် PSG ရဲ့ နောက်ဆုံးနှစ်ပွဲကို လွဲချော်ခဲ့ပေမယ့် မန်စီးတီးနဲ့ပွဲမှာတော့ ပြန်လည်ပါဝင်လာခဲ့ပြီး အခုလိုမျိုး ဂိုးပါသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

က္က