ရော်နယ်ဒို၊ ကာဗာနီတို့ရဲ့ အဆုံးသတ်သေချာမှုတွေနဲ့ ပတ်သက်လို့ ဘရူနိုဖာနန်ဒက်စ်က ထုတ်ဖော်ပြောကြားလာတာပါ။

ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ဗီလာရီးရဲယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ နောက်ကျအနိုင်ဂိုးသွင်းယူခဲ့တဲ့ ရော်နယ်ဒိုကို ချီးကျူးစကားပြောကြားသွားခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဗဟိုနောက်ခံလူ မက်ဂွိုင်းရားဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ဘရူနိုဖာနန်ဒက်စ်က အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ရပြီး နိုင်ပွဲအတွက် ပရိသတ်တွေရဲ့ အံ့အားသင့်ဖွယ် အားပေးမှုအကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။ ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဘရူနိုဖာနန်ဒက်စ်က “ကျွန်တော်တို့ ဒီပွဲကိုနိုင်မယ်ဆိုတဲ့ ခံစားချက် အမြဲတမ်းရှိခဲ့ပါတယ်”

“သူတို့ ဦးဆောင်ဂိုးသွင်းသွားချိန်မှာတောင် ဒီခံစားချက်က မပြောင်းလဲခဲ့ဘဲ ကျွန်တော်တို့ ပြန်လာနိုင်မယ်ဆိုတာ သိခဲ့ပါတယ်။ အဲလက်စ်တဲလက်စ်ရဲ့ဂိုးဝင်သွားပြီးတဲ့နောက်မှာတော့ ကွင်းထဲကအနေအထား၊ ပရိသတ်တွေရဲ့ အားပေးမှုတွေက တကယ်ကို အံ့မခန်းပါပဲ”

“ရော်နယ်ဒိုရှိနေလို့ကတော့ ဧရိယာထဲရောက်လာတဲ့ ဘောလုံးတွေအားလုံးက ဂိုးဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ ခင်ဗျားတို့မြင်တဲ့အတိုင်းပဲလေ၊ ကျွန်တော်တို့က ဧရိယာထဲကို ဖြတ်တင်ဘောတွေ ပိုမိုပေးပို့ခဲ့တယ်၊ တောင်ပံကိုဖြန့်ထုတ်ပြီး အမြင့်ဘောတွေကစားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ရော်နယ်ဒိုနဲ့ကာဗာနီတို့နှစ်ယောက်က ဂိုးပေါက်ထဲ ဘယ်လိုကန်ထည့်ရမလဲဆိုတဲ့အသိ အလိုလိုရှိထားလို့ပါ”

“ရော်နယ်ဒိုက တစ်ကြိမ်လုပ်ပြခဲ့ပြီးပါပြီ။ သူလက်ရှိ ဘောလုံးရာသီမှာတင် နောက်ထပ် နောက်ထပ် ဒီလိုမျိုးဂိုးတွေ သွင်းပေးဦးမယ်လို့ ကျွန်တော်ခံစားမိပါတယ်။ ရော်နယ်ဒို၊ ကာဗာနီနဲ့ မာစီရယ်လ်တို့က ကျွန်တော်တို့အတွက် တကယ်အရေးပါလာမှာပါ။ ဘာလို့လဲဆိုတော့ သူတို့က ဂိုးတွေအများကြီး၊ အများကြီးသွင်းနိုင်လို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီပွဲကိုအနိုင်ရရှိခဲ့ပေမယ့် အုပ်စုရဲ့အဆင့် (၃) နေရာမှာသာ ရပ်တည်နေဆဲဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ လာမယ့် အောက်တိုဘာ (၂၁) မှာတော့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အတ္တလန်တာကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး အုပ်စုထိပ်ဆုံးနေရာကို ရယူချင်တယ်ဆိုရင်တော့ အဲ့ဒီပွဲကို မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်ပါလိမ့်မယ်။ 

Share

က္က