ကလေးဆိုတာ သူတို့အသက်အရွယ်အလိုက် သင့်တော်တဲ့ အတန်းပညာကို တက်ရောက်လေ့လာဖို့ လိုတယ်ဆိုပေမယ့် လက်ရှိ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကပ်ဘေးအပြင် ပဋိပက္ခတွေ ကြောင့် ကလေးတွေဟာ အတန်းပညာတွေနဲ့ ဝေးကွာနေကြရပါတယ်။ ပဋိပက္ခတွေအပြီး ပြန်လည်ထူထောင်ရေးကာလရောက်တဲ့အခါ ကျောင်းပညာရေးတွေဆီ ပြန်လှည့်ဦးတည်ဖို့ ကြိုးစားချိန်မှာ ကလေးတွေဟာ သူတို့တက်မယ့် အတန်းနဲ့ လက်ရှိ ရောက်နေတဲ့အသက်နဲ့ မကိုက်ညီတော့တဲ့ ပြဿနာမျိုးကြုံရနိုင်ပါတယ်။ ကလေးတွေဟာ ကိုယ်တက်ရမယ့် အတန်းနဲ့ အသက်အရွယ်က လွန်နေတဲ့ အခါ ဘာတွေ ဖြစ်နိုင်သလဲ။ ဒီလို ပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာ Nway Oo Home Schooling က အခုလို အကြံပြုဆွေးနွေးထားပါတယ်။
Photo: Vecteezy
အရွယ်လွန်ကလေးနဲ့ ကျောင်းပညာသင်ကြားရေးအခက်အခဲ
အရွယ်လွန်ကလေးတွေကို ပညာသင်ကြားတဲ့အခါမှာ Non Formal Education စနစ်ကို အများဆုံးအသုံးပြုတာ တွေ့ရပါတယ်။ Non Formal Education ကို လေ့လာတဲ့အခါမှာ အဓိကက အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေးနဲ့ ဝေးသွားတဲ့ ကလေးတွေကို သင်ပေးရတာဖြစ်ပြီး ကလေးအများစုဟာ သူတို့ရဲ့ အသက်နဲ့ သူတို့တက်ရမယ့် အတန်းတွေက ကိုက်ညီမှု မရှိကြတာ တွေ့ရပါတယ်။ အဲဒီလို သင်ကြားတဲ့အခါမှာ ကလေးတွေဟာ အရွယ်လွန်မှ ကျောင်းစာပြန်သင်ရတဲ့အတွက် ရှက်တဲ့စိတ်တွေ ဖြစ်ပေါ်နိုင်တာကို တွေ့ရတယ်လို့ Nway Oo Home Schooling က ဆိုပါတယ်။ နောက်ထပ်အခက်အခဲတစ်ခုကတော့ ကလေးက အရွယ်ထွားနေတဲ့အတွက် ကျောင်းက ပေးထားတဲ့ စာသင်ခုံထိုင်ခုံသေးသေးလေးတွေမှာ ထိုင်ရတဲ့အခါ အဆင်မပြေဖြစ်တာ၊ အခြားသူငယ်ချင်းတွေနဲ့လည်း အရွယ်မတူတဲ့အတွက် တူတူ ဆော့မရတာ စတဲ့ Peer Pressure လို့ခေါ်တဲ့ ရွယ်တူ၊ အတန်းတူကလေးတွေက ကိုယ်နဲ့မတူတဲ့အတွက် အဲဒီအပေါ်မှာ စိတ်ဖိစီးမှုခံစားရစေနိုင်ပါတယ်။ အဲဒါကတော့ ကလေးဟာ သူနဲ့ အရွယ်မတူတဲ့အတန်းထဲကို ရောက်သွားတဲ့အခါ ခံစားရတဲ့ခံစားချက်ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိ ကလေးတွေ ကျောင်းမတက်ရတဲ့ ဖြစ်စဥ်ကတော့ ခုနက ဖော်ပြထားတဲ့ ပုံစံမျိုး ကြုံရဖို့ နည်းပါးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးအားလုံးဟာ တစ်ပြေးညီကျောင်းမတက်ရတာဖြစ်ပြီး ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာလည်း တစ်ပြေးညီ အတန်းပြန်တက်ရမှာဖြစ်တဲ့အတွက် အချင်းချင်း အရွယ်မတူတဲ့ စိတ်ဖိစီးမှုကို ခံစားရမှာ မဟုတ်ပါဘူး။
Photo: Chalk Academy
ဆရာ/ဆရာမတွေနဲ့ ကလေးတွေ ကြုံရမယ့် စိန်ခေါ်မှု
ကလေးတွေ အဓိက ကြုံရနိုင်တာကတော့ အသက်အရွယ်နဲ့ တက်ရမယ့်အတန်းနဲ့ မကိုက်ညီတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက်ဟာ ဒီလို အသက်အရွယ်ရောက်သွားရင် သင်ခန်းစာကို ဘယ်လိုမျိုး ပြောင်းလဲသင်ကြားမလဲဆိုတာ ဆရာ/ဆရာမတွေအပေါ်မှာ အများကြီး မူတည်ပါတယ်။ ဆရာမက ကိုယ့်ရဲ့ သင်ကြားရေးကို မပြောင်းလဲဘူးဆိုရင် ဆရာမရော ကလေးပါ စိန်ခေါ်မှုတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဆရာ/ဆရာမတွေအနေနဲ့ အများကြီးကြိုးစားရပါတယ်။ အခုလို ပြန်လည်ထူထောင်ရေးကာလမှာ ဆရာ၊ ဆရာမတွေ ရဲ့ သဘောထားတွေ ပြောင်းလဲလာအောင် အရင်ဆုံးလုပ်ထားပေးဖို့ လိုအပ်တယ် ။ ဒါ့အပြင် အစိုးရ၀န်ထမ်းတွေရဲ့ မပြည့်စုံမလုံလောက်မှုတွေကိုလည်း ပြန်လည်ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ဆရာမတွေအနေနဲ့လည်း ကျောင်းပြန်ဖွင့်တဲ့အခါ ကလေးတွေကို ဘယ်လိုသင်ခန်းစာမျိုးနဲ့သင်မလဲ။ မိမိကြုံရမယ့် ကလေးက ဘယ်လိုကလေးမျိုး၊ ဘယ်လိုအသက်အရွယ်မျိုး ဒါဆို သင်ရမယ့် သင်ခန်းစာတွေကို ဘယ်လိုပြောင်းလဲပြီးသင်ကြားမလဲ။ နောက်ပြီးကလေးတွေကို ကျောင်းမှာ ပျော်အောင် ဘယ်လိုထားမလဲဆိုတာမျိုး စဥ်းစားထားဖို့ လိုအပ်ပါတယ်။ ကျောင်းမှာ ပျော်တဲ့စိတ် ဖြစ်လာအောင် ဘယ်လိုဆွဲဆောင်မလဲဆိုတာ ပရော်ဖက်ရှင်နယ်ကျကျ စဥ်းစားတွေးခေါ်ပြီး လုပ်ဖို့ လိုအပ်ပါတယ်။ အစိုးရဝန်ထမ်းဆရာ/ဆရာမတွေအနေနဲ့ ပရော်ဖက်ရှင်နယ်ကျကျ စဥ်းစားရမှာက ကလေးကို မိမိ Customer လိုသဘောထားပြီး ကလေးကို စာသင်ခန်းမှာ ပျော်အောင် ကလေးက မိမိအတန်းမှာ တက်ရတာ စိတ်ကျေနပ်မှုရအောင် ကြိုတင်လေ့လာထားပြီး ကြိုးစားသင့်ပါတယ်။
ကလေးအတွက် အကြီးမားဆုံး စိန်ခေါ်မှုက ဘာဖြစ်မလဲဆိုတော့ ကျောင်းတက်ရတာကို မလိုအပ်ဘူးလို့ ထင်သွားတာပါ။ ဒီစာတွေကို သင်စရာမလိုဘူးလို့ ထင်သွားမှာပါ။ ကလေးက အပြင်မှာ သိပြီးသားတွေ ဖြစ်နေနိုင်တဲ့အတွက် ကျောင်းမှာ သင်နေတဲ့သင်ခန်းစာတွေကို ရပြီးသားတွေ ဖြစ်တဲ့အတွက် သင်စရာမလိုဘူးလို့ ထင်သွားတာပါ။ ကျောင်းကို မလာလည်းဖြစ်ပါတယ်ဆိုတဲ့ အတွေးမျိုးတွေက ကလေးတွေကျောင်းပြန်တက်မယ်ဆိုရင် ကြုံရမယ့် ပြဿနာဖြစ်ပါတယ်။ ဒါပေမယ့် ရွယ်တူအချင်းချင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ စိတ်ဖိစီးမှု Peer Pressure တော့မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ အတန်းတူတူတက်ရမယ့် သူငယ်ချင်းတွေ အားလုံး အရွယ်လွန်နေလို့ပဲ ဖြစ်ပါတယ်။
Photo: Unsplash
စာသင်နှစ်ကွာဟသွားတဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ
လက်ရှိ အခြေအနေအရ ပညာရေးမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာက စာသင်နှစ်ကွာဟသွားတာဖြစ်ပါတယ်။ စာသင်နှစ်ကွာဟမှုကို ဖြေရှင်းဖို့ သင်ကြားတဲ့ဆရာ/ဆရာမတွေ၊ သင်ရိုးညွှန်းတဲ့ဆွဲတဲ့သူတွေ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေက ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။
အဓိကကတော့ Skill Based Assessment လို့ခေါ်တဲ့ အရည်အသွေးကို အကဲဖြတ်ပေးတဲ့ စနစ်လိုအပ်တာဖြစ်ပါတယ်။ ဒါကို နိုင်ငံအဆင့် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ပြန်လည်ထူထောင်ရေးကာလအပြီး အတန်းတွေ ပြန်တက်တဲ့အခါ စာသင်နှစ်တွေကွာဟမှုကို ပြန်ညှိဖို့ ပထမဆုံးအနေနဲ့ နိုင်ငံအဆင့် စစ်ဆေးခြင်းတွေ လုပ်သင့်ပါတယ်။ Skill Based Assessment နဲ့သက်ဆိုင်တဲ့ မူဝါဒတွေ ချမှတ်ဖို့ လိုအပ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရည်အသွေးကို စစ်ဆေးပြီးစီးကြောင်းလက်မှတ်ရထားတဲ့ကလေးက သူနဲ့သင်တော်တဲ့ အတန်းမှာ တက်ဖို့ဆိုတဲ့ မူဝါဒမျိုး ချမှတ်ရမှာပါ။
အဲလိုချမှတ်လိုက်တဲ့အခါ ဥပမာ - ခုနှစ်နှစ်အရွယ်ကလေးတစ်ယောက်က သူ့ အရည်အသွေးက ဘာတွေ ရှိသင့်လဲဆိုတာ သိဖို့အတွက် Skill Based Assessment ကို ဝင်ဖြေပါ။ အဲဒီလို ဖြေလိုက်ပြီးတော့ ရလဒ်ကို ကြည့်တဲ့အခါ ဒီကလေးကတော့ ၇ နှစ်နှစ်အရွယ်မှာ ဒါတွေ ရှိနေပြီ။ အရှေ့မှာ ဘယ်နှစ်တန်းပဲ တက်ခဲ့တက်ခဲ့။ စစ်ဆေးတဲ့ရလဒ်အရ ကလေးက ဘယ်အတန်းနဲ့သင့်တော်လဲဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။
Photo: Quartz
စာသင်ခန်းထဲပြန်ရောက်တဲ့အခါ ဖြစ်ပေါ်နိုင်တဲ့စိတ်ခံစားချက်
ကျောင်းပြန်တက်တဲ့အခါမှာတော့ အတန်းထဲမှာ ကလေးအားလုံးမစုံတော့တဲ့ ပြဿနာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒီကာလမှာ ကိုဗစ်ကြောင့်ရော ပဋိပက္ခတွေကြောင့်ရော ဆုံးပါးသွားတဲ့ မိဘတွေရှိနေနိုင်သလို ကလေးတွေလည်း ရှိနိုင်ပါတယ်။ ဒီဖြစ်ရပ်တွေအပေါ်မှာ ကလေးတွေမှာ စိတ်ခံစားချက်မကောင်းတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေစိတ်ဒဏ်ရာမရအောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ကျောင်းပြန်တက်တဲ့အခါ ကိုယ့်စာသင်ခန်းထဲကို ရောက်လာတဲ့ကလေးတွေမှာ စိတ်ဒဏ်ရာ ရလာရင် ဘယ်လိုပြန်လည်ကုစားကုသပေးမလဲဆိုတာ ဆရာဆရာမတွေလေ့လာထားဖို့ လိုအပ်ပါတယ်။
“ အဓိကကတော့ ကျောင်းများပြန်ဖွင့်ရင် အရွယ်လွန်တဲ့ကလေးတွေနဲ့ စာသင်ခန်းပြဿနာက ကြီးမားလာပါလိမ့်မယ်။ ဒါကို Negative Point of View နဲ့ မကြည့်ဘဲနဲ့ ဘယ်လိုအကောင်းဆုံးဖြေရှင်းမလဲဆိုတာကို မိဘဆရာ ပူးပေါင်းအားစိုက်သင့်ပါတယ်။ အရင်လို ပုံစံပဲ ရချင်တယ်ဆိုတာမျိုး တွေးတောလို့ မရတော့ပါဘူး။ ပဋိပက္ခတွေပြီးတဲ့အခါ အရင်လို ဘဝမျိုးတွေ ပြန်မရနိုင်တော့တာကို လက်ခံဖို့ လိုအပ်ပါတယ် ။ ပဋိပက္ခတွေ ပြီးတဲ့အခါ ပညာရေးကဏ္ဏအတွက် သူများနိုင်ငံတွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ကြိုတင်ပြီးတော့ လေ့လာထားသင့်ပါတယ် ။ အဲဒီလို လေ့လာထားခြင်းဖြင့် ဆရာမတွေအနေနဲ့လည်းကိုယ့်စာသင်ခန်းကို ဘယ်လိုကောင်းကောင်း တည်ဆောက်ရမလဲဆိုတာ သိနိုင်မယ်။ မိဘတွေအနေနဲ့လည်း ကိုယ့်ကလေးကို ဘယ်လိုကောင်းဆုံးလုပ်ပေးမလဲဆိုတာ ကြိုပြီး လေ့လာနိုင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် အခုကာလမှာ ဘာမှမလုပ်ဖြစ်ဘူးဆိုရင်တော့ ဘယ်လိုပြန်လည်ကုစားကြမလဲဆိုတဲ့နည်းလမ်းတွေ လေ့လာထားသင့်ပါတယ်။” လို့ Nway Oo Homeschooling ကဆိုပါတယ်။
သတင်းဆောင်းပါးပါ အချက်အလက်များသည် Nway Oo Homeschooling မှ ဆွေးနွေးအကြံပြုမျှဝေထားခြင်းဖြစ်ပါသည်။