In partnership with  logo
အိမ်အကူလုပ်သား ကွန်ယက်ကနေ ကူညီပေးနေတဲ့ ခေါင်းဆောင်အမျိုးသမီးဖြစ်ပါတယ်။

ဒီလို ကပ်‌ရောဂါအကြပ်အတည်းကာလမှာ ကြုံရတဲ့ စီးပွားရေးဆိုင်ရာသက်‌ရောက်မှုတွေဟာ အမျိုးသမီးတွေကိုလည်း ရိုက်ခတ်နေပါတယ်။ အထူးသဖြင့် တိုင်းတပါးမှာ သွားရောက်အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေအတွက် လုပ်ခလစာ နည်းပါးတာ ၊ မလုံခြုံတာ နဲ့ တရားမဝင်တဲ့ အလုပ်တွေလုပ်ရတာ စတဲ့ အခက်အခဲတွေ ကြုံလာရပါတယ်။ ဒီထဲကမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ထိုင်းနိုင်ငံက အိမ်အကူရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းအမျိုးသမီးတစ်ဦးအကြောင်းကို ပြောပြချင်ပါတယ်။



unwomen.org

သူကတော့ ကိုယ်တိုင် အိမ်အကူတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေတဲ့မနန်းဇာနည်မြင့်ဖြစ်ပြီး သူ့ရဲ့ အိမ်အကူလုပ်သား (domestic workers) ကွန်ယက်ကနေ ပြီးတော့ ထိုင်းနိုင်ငံက အိမ်အကူရွှေ့ပြောင်းအလုပ်သမားတွေကို ဒီလို ရောဂါတွေဖြစ်ပွားနေတဲ့ အကြပ်အတည်းကာလမှာ ကူညီပံ့ပိုးပေးနေတာဖြစ်ပါတယ်။ 

အမျိုးသမီးတိုင်းဟာ ဘယ်နယ်ပယ်ကိုရောက်နေနေ၊ ဘာအလုပ်လုပ် လုပ်နေနေ ၊ ဘယ်လို အဆင့်အတန်းရှိနေနေ သူတို့ရဲ့ ရပိုင်ခွင့်ကို ရသင့်တယ်လို့ သူမကပြောပါတယ်။ 

“ရွှေ့ပြောင်းအိမ်အကူအမျိုးသမီးတွေအားလုံးက သူတို့ရသင့်တဲ့ အခွင့်အရေးတွေကို ရသင့်တယ်လို့ ၊ ရအောင်လုပ်သင့်တယ်လို့ ကျွန်မယုံကြည်တယ်။ ခက်တာက သူတို့က သူတို့ရဲ့ ရပိုင်ခွင့်အခွင့်အ‌ရေးကို မသိကြဘူးလေ” လို့ မနန်းဇာနည်မြင့်က ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ အိမ်အကူအဖြစ် ဆယ်စုနှစ်ကြာ လုပ်ခဲ့သူ

အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ မနန်းဇာနည်မြင့်ဟာ ထိုင်းနိုင်ငံမှာ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့တာ ခုဆိုရင် ၁၉ နှစ်တိုင်အောင် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်က သူမရဲ့ အားလပ်ရက် တနင်္ဂနွေမှာ အင်္ဂလိပ်ဘာသာစကားကို သင်ကြားခဲ့ပြီး အဲဒီမှာပဲ သူမနဲ့ ဘဝတူ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားဖွဲ့စည်းထားတဲ့ ကွန်ယက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ 

“ဘဝတူတွေနဲ့ ဆုံတွေ့ခဲ့ရမှု ၊ ဘာသာစကားကျွမ်းကျင်လာမှုတွေဟာ သတင်းအချက်အလက်တွေကို ပိုပြီး သိလာ၊ ရလာခဲ့ရပါတယ်။ အဲဒီကစလို့ ရွှေ့ပြောင်းအိမ်အကူတွေရဲ့အခွင့်အရေးတွေအကြောင်းကို စပြီးလေ့လာဖြစ်ခဲ့တယ်” လို့ သူမကပြောပါတယ်။ 

အခွင့်အရေးတွေ ချိုးဖောက်ခံရတဲ့ အိမ်အကူလုပ်သားများဘဝ

သူမဟာ အဖွဲ့နဲ့ ပိုမိုထိတွေ့ဆက်ဆံလာတာနဲ့အမျှ ရွှေ့ပြောင်းအိမ်ဖော်တွေရဲ့ အခွင့်အရေးချိုးဖောက်ခံရတာတွေကို ပိုသိလာသလို ဘဝတူတွေရဲ့ အနိုင်ကျင့်ခံရတာတွေ၊ မတော်မတရားပြုကျင့်ခံရတာတွေကို သိလာရပါတယ်။ 

“အိမ်ဖော်အတော်များများက တစ်ပတ်လုံးလုံး အလုပ်လုပ်နေကြရတယ်။ တချို့ဆို သူတို့ရဲ့ ခရီးသွားလာခွင့်နဲ့ မှတ်ပုံတင် ၊ နိုင်ငံကူးလက်မှတ် စတဲ့ ကိုယ်ပိုင်အထောက်အထားစာရွက်စာတမ်းတွေကို သူတို့ရဲ့အလုပ်ရှင်ကသိမ်းထားတယ်တဲ့ ။ COVID-19 ကပ်ရောဂါကြောင့် အိမ်မှာပဲ lockdown နေနေရတဲ့အချိန်မှာ တချို့က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တွေ့ကြုံခဲ့ရတယ်။ သူတို့ထဲက တစ်ယောက်က ကျွန်မကို အလုပ်စာချုပ်ကောင်းကောင်းရှိလို့ ကျွန်မက ကံကောင်းတယ်လို့ ပြောတယ်။ တကယ်က အဲဒါ ကံကောင်းတာမှ မဟုတ်တာ။ ဒါ ကျွန်မ ရပိုင်ခွင့်ပဲလေ” လို့ ရွှေ့ပြောင်းလုပ်သားတွေ ကိုယ့်ရဲ့ အခွင့်အရေးကို မသိကြပုံကို သူမရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြပါတယ်။

unwomen.org

အခွင့်အရေးချိုးဖောက်ခံနေရမှန်းမသိတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေအတွက် သူမက ခုအခါမှာတော့ စေတနာဝန်ထမ်းအဖြစ်နဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေးတွေကို နားလည်အောင် ကူညီပေးပြီး အခွင့်အရေးများချိုးဖောက်ခံရရင် ဘယ်လိုလုပ်ရမလဲ၊ ရပိုင်ခွင့်တွေက ဘာတွေလဲစတာတွေကို သိနားလည်ပောင် ကူညီပေးနေပါတယ်။ 

“ ထိုင်းနိုင်ငံက အလုပ်သမားဥပဒေတွေ၊ အလုပ်အကိုင်အခြေအနေတွေ၊ အနိမ့်ဆုံးလုပ်ခ၊ အလုပ်ချိန်၊ ခွင့်ရက်တွေ၊ ကိုယ်ပိုင်ဥပဒေရေးရာစာရွက်စာတမ်းတွေထားရှိခွင့်နဲ့အိမ်အကူတွေအတွက်ရပ်စဲရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကိုနားလည်ဖို့အတွက် ရွှေ့ပြောင်းလုပ်သားတွေကို စည်းရုံး၊ မီတင်တွေလုပ်ပြီး သတင်းအချက်အလက်တွေပေးဖြစ်တယ်။ အသိပညာတွေ ၊ အတွေ့အကြုံတွေကို ဝေမျှပြီး ရွှေ့ပြောင်းလုပ်သားတွေကို သူတို့ရဲ့ အခွင့်အရေးတွေသိအောင်၊ စိတ်ဓာတ်ခွန်အားမြင့်တက်‌အောင်လုပ်ပေးဖို့က အရမ်းအရေးကြီးတယ်လို့ ကျွန်မကတော့ ယုံကြည်တယ်” လို့ သူမကပြောပါတယ်။ 

အကြမ်းဖက်ခံရသူတွေအတွက် အသင့်ရှိသူ 

COVID-19 မဖြစ်ပွားခင်ကတော့ သူမရဲ့ ကွန်ယက်ကနေ အကြမ်းဖက်ခံရတဲ့ ၊ အကူအညီလိုနေတဲ့သူတွေဆီ သွားပြီး ထောက်ပံ့ကူညီပေးနိုင်ပေမယ့်လည်း ကိုဗစ်ရောဂါဖြစ်ပွားနေချိန်မှာတော့ သွား‌ရောက်ဖို့ရာ မလွယ်ကူတော့ပါ။ အခွင့်အရေးဆုံးရှုံးနေသူတွေအတွက် ကူညီပေးနိုင်ဖို့ မနန်းဇာနည်မြင့်တို့ဟာ ဆိုရှယ်မီဒီယာကနေတဆင့်အဆက်အသွယ်ရရှိအောင် ပြုလုပ်ခဲ့ကြပါတယ်။ လုပ်ရကိုင်ရတာ ခက်ခဲပေမယ့်လည်း သူမဟာ လက်မလျှော့ခဲ့ပါဘူး။ 

သူမနဲ့ သူမရဲ့ ကွန်ယက်ကနေတစ်ဆင့် အကြမ်းဖက်မှုတွေ ကြုံတွေနေရတဲ့ ရွှေ့ပြောင်းအိမ်အကူလုပ်သားတွေကို သွားရောက်တွေ့ဆုံပြီး ထောက်ခံမှုအကြံပေးမှုတွေ ပြုလုပ်တာတွေ၊ ၀ န်ဆောင်မှုပေးတာတွေ ၊ counselling လုပ်ပေးတာတွေ၊ စီးပွားရေးအထောက်အပံ့ပေးတာတွေ ၊ ကောင်းမွန်တဲ့ အလုပ်ရှင်ဆီပို့ပေးတာတွေ စသဖြင့် ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ 



HomeNet ရဲ့ အဖွဲ့ဝင် သူမ

HomeNet Thailand ကတော့ အိမ်အကူလုပ်သားတွေကို ပံ့ပိုးပေးသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဖွဲ့ဝင် မနန်းဇာနည်မြင့်ဟာလည်း ဒီကွန်ယက်ကနေတစ်ဆင့် ရွှေ့ပြောင်းအလုပ်သမားတွေကို ပိုမိုကောင်းမွန်တဲ့ အကာအကွယ်ပေးနိုင်ဖို့ စည်းမျဉ်းတွေကို ပြန်လည်ပြင်ဆင်ဖို့ ထောက်ခံထားတယ်လို့လည်း သိရပါတယ်။

အာဏာပိုင်တွေကိုလည်း သူမက ရွှေ့ပြောင်းအိမ်အကူလုပ်သားတွေရအတွက် သေချာခိုင်မာတဲ့ အလုပ်သမာဥပဒေတွေ ထုတ်ပြန်ပေးဖို့၊ အလုပ်ရှင်တွေအနေနဲ့လည်း အလုပ်သမားတွေရဲ့ အခွင့်အရေးကို လေးစားဖို့နဲ့ ဥပဒေနှင့်ကိုက်ညီတဲ့ အလုပ်သမားစာချုပ်ကို ချုပ်ဆိုရာမှာ ပူးပေါင်းပါဝင်ပေးဖို့အတွက် ဖိတ်ခေါ်ပေးဖို့ သတင်းစကားပါးထားပါတယ်။ 

ဒီလို ကိုယ့်ရဲ့ အခွင့်အရေးကိုသာမက ကိုယ့်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကိုပါ ရရှိအောင်၊ အလုပ်သမားတွေအနေနဲ့ ကိုယ့်အခွင့်အရေးကို သိနားလည်အောင် အားလုံးကို စည်းရုံးလှုံ့ဆော်ပြီး စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးနေတဲ့ မနန်းဇာနည်မြင့်ကတော့ မြန်မာနိုင်ငံရဲ့ လေးစားစရာ ပန်းကလေးတစ်ပွင့်ပါပဲ။ 

Ref: UN Women

Share

Loading Next Article...
က္က