လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဝမ်းနည်းတတ်တဲ့စိတ်၊ ကြောက်တတ်တဲ့စိတ်၊ စိုး ရိမ်တတ်တဲ့စိတ် တွေ ရှိတတ်ကြသလို စိတ်ပင်ပန်းတာ၊ မွန်းကျပ်တာ၊ စိတ်ဖိစီးတာ စတာမျိုးတွေလည်း ကြုံ ရတတ်တာ ဓမ္မတာပါပဲ။
Photo: MOJO News
အဲဒီလို စိတ်ခံစားချက်တွေ ဖြစ်လာပြီဆို ကိုယ့်အတွက် အဆိုးကို ဖြစ်စေနိုင်တဲ့ခံစားချက် ၊ ဒီခံစားချက်တွေက မရှိသင့်ဘူးး၊ မကောင်းဘူးဆိုပြီးတော့ လူတွေက ထင်တတ်ကြပါတယ်။ အဲဒီတော့ ဒေါသထွက်ရင် မထွက်အောင် လုပ်ရမယ်။ သည်းခံရမယ်။ ဒါမှမဟုတ် ဝမ်းနည်းတယ်ဆိုလည်း ဝမ်းမနည်းဘဲ ပျော်ပျော်နေရမယ် ဆိုတဲ့ ဆန့်ကျင်ဘက် သဘောတရားတွေ တွေးတတ်ကြပါတယ်။ အဲဒီလိုတွေးကြပြီး ဆန့်ကျင်ဘက်နည်းလမ်းတွေကို လုပ်ဖို့ ကြိုးစားလာကြပါတယ်။ တကယ်တော့ မိမိခံစားချက်တွေကို ဆန့်ကျင့်ဘက်ပြောင်းလိုက်ဖို့ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဒီတော့ မိမိမှာ မကောင်းတဲ့ စိတ်ခံစားချက်တွေ ဖြစ်လာပြီဆို ခံစားချက်ကို ရှေ့တန်းတင်သင့်ပါသလား။ ခံစားချက်တွေ ထုတ်ဖော်ပြသတဲ့အခါ ဘယ်လိုနည်းလမ်းလေးတွေ အသုံးပြုသင့်ပါသလဲ Professional Counselor တစ်ဦးဖြစ်တဲ့ L.Diana Seng Hkawn က အခုလို အကြံပြုထားပါတယ်။
Photo: BrightQueat
စိတ်ခံစားချက်ဆိုတာ မိမိအတွက် လိုအပ်ပါတယ်
စိတ်ခံစားချက်ဆိုတာ မကောင်းတဲ့ခံစားချက်ဖြစ်ဖြစ် ကောင်းတဲ့ခံစားချက်ဖြစ်ဖြစ် အဲဒါတွေအကုန်လုံးက ကိုယ့်အတွက် လိုအပ်ပါတယ်။ ဥပမာ- ကြောက်တဲ့အတွက် အန္တရာယ်ကနေ လွတ်ဖို့ အတွက် လုပ်နိုင်တယ်။ စိုးရိမ်တဲ့အတွက် အနာဂတ်အတွက် ပြင်ဆင်နိုင်တယ်။ ဝမ်းနည်းတဲ့အတွက် ကူညီဖို့ သူငယ်ချင်းတွေ ရှိနိုင်တယ်။ ကိုယ်က ကြောက်စိတ်ဖြစ်လာပြီဆို အဲဒီကြောက်စိတ်တွေ လျှော့ပြီး ချက်ချင်း သတ္တိတွေ ရှိအောင် လုပ်လိုက်တယ် ဆိုရင် သဘောတရားအရ မအောင်မြင်နိုင်ပါဘူး။ ကိုယ်တိုင်ကလည်း လုပ်ချင်စိတ်မရှိနေနိုင်ပါဘူး။
Photo: GRx
စိတ်ခံစားချက်ကို အရှိအတိုင်းထုတ်ဖော်ပြသပါ
မိမိမှာ အဆိုးဖြစ်နေတဲ့ စိတ်ခံစားချက်တွေကို ကိုယ်တိုင် အသိအမှတ်ပြုပြီးတော့ ဆန့်ကျင်ဘက်ပြောင်းလဲမယ့်အစား အရှိအတိုင်း ခံစားချက်တွေကို ထုတ်ဖော်ပြသသင့်ပါတယ်။ ဥပမာ- ဒေါသထွက်နေတယ်ဆိုလည်း ဒေါသထွက်တယ်ဆိုပြီးထုတ်ဖော်ပြသင့်ပါတယ်။ ခံစားချက်ကို ထုတ်ဖော်ပြသတဲ့ အခါမှာ ကိုယ့်ကိုလည်း မထိခိုက်သလို သူများကိုလည်း မထိခိုက်တဲ့နည်းလမ်းတွေနဲ့လုပ်ဆောင်ပါ။ ဝမ်းနည်းတဲ့သူကို ဝမ်းမနည်းပါနဲ့ ပျော်ပျော်နေပါဆိုရင် ဘယ်လိုမှ မနေနိုင်ပါဘူး။ မိသားစုဝင်တစ်ယောက်ယောက်၊ မိမိချစ်ရတဲ့သူ တစ်ယောက်ယောက်ဆုံးသွားလို့ စိတ်ထိန်းပါ ဝမ်းမနည်းပါနဲ့ လို့ပြောရတာက လွယ်တယ်။ ဒါကိုဘယ်လိုစိတ်ထိန်းမှာလဲပေါ့။ ကိုယ်ချစ်ရတဲ့သူဆုံးရှုံးတာကို ဘယ်လိုပျော်ပျော်နေရမှာလဲပေါ့ စသဖြင့် အဲဒီလို ဆန့်ကျင်ဘက် သဘောတရားတွေက အလုပ်မဖြစ်ပါဘူး။ အလုပ်မဖြစ်တဲ့အခါကျတော့ Motivation လည်းမရှိနိုင်ပါဘူး။ ဘာပဲလုပ်လုပ် ပျော်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ခံစားချက်တွေကို ဆန့်ကျင်ဘက် မလုပ်လိုက်ဘဲနဲ့ အသိအမှတ်ပြုပါ။ ပြီးတော့ ခံစားချက်တွေ ထုတ်ဖော်မယ့် နည်းလမ်းလေးတွေ လုပ်ပါ။ ဒါက ခံစားရသူအတွက် ပိုပြီးကောင်းမွန်ပါတယ်။
Photo: Lighfield
ခံစားချက်တွေ ပေါက်ကွဲထွက်ဖို့ နေရာလေးတွေ ဖန်တီးပါ
စိတ်ခံစားချက် တွေ မွန်းကြပ်လာတဲ့အခါ ပေါက်ကွဲထွက်ဖို့ မိမိအတွက် သီးသန့်ဖြစ်စေမယ့် နေရာလေးတွေ ဖန်တီးဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ တစ်နေရာမှာ အော်လိုက်တာမျိုး၊ လေ့ကျင့်ခန်းလုပ်တယ်ဆိုရင်တော့ Boxing ထိုးတာ၊ လက်ဝှေ့ထိုးတာ၊ သဲအိတ်ကိုထိုးတာမျိုး တွေ စတဲ့ မွန်းကျပ်မှုတွေကို ပေါက်ကွဲခွင့်ပြုလိုက်ပါ။ စိတ်ညစ်နေတာကို ချက်ချင်းကြီး လျော့အောင် လုပ်တာမျိုးမဟုတ်ဘဲ အဲဒီစိတ်ညစ်နေတာကို ထုတ်ဖော်ပြသတဲ့နည်းလမ်းလေးတွေကလည်း စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ အဲဒီတော့ ဒေါသဖြစ်ရင် မိမိဒေါသကို ပေါက်ကွဲလို့ရတဲ့နေရာလေးတွေ ရှာထားပါ။ ပေါက်ကွဲထွက်တဲ့အခါ သူများကိုလည်း မထိခိုက်သလို ကိုယ့်အတွက်လည်း အကျိုး ဖြစ်စေမယ့် နည်းလမ်းလေးတွေနဲ့ စိတ်ဖိစီးမှုကိုသက်သာအောင် လုပ်လို့ရပါတယ်။
သတင်းဆောင်းပါးပါ အချက်အလက်များသည် Professional Counselor တစ်ဦးဖြစ်တဲ့ L.Diana Seng Hkawn က အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။