အဆုတ်ယောင်ပြင်းထန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ ကိုဗစ်-၁၉ဗိုင်းရပ်စ်ပိုးဟာ ကူးစက်ခံရသူတွေကိုပြင်းထန်တဲ့ဝေဒနာတွေ ခံစားစေရသလို ပျောက်ကင်းသက်သာသွားချိန်မှာလည်း ပုံမှန်မဟုတ်တဲ့ဝေဒနာအချို့ကိုဆက်လက်ခံစားရတာမျိုးတွေ ရှိတတ်ပါတယ်။
Photo: medicalnewstoday
ဗိုင်းရပ်စ်က အဆုတ်၊နှလုံးနဲ့ဦးနှောက်တွေကိုတိုက်ခိုက်ခဲ့တဲ့အတွက် ဆိုးကျိုးအဖြစ် တချို့ဝေဒနာတွေကို ကာလရှည်ခံစားရတတ်ပါတယ်။ ကိုဗစ်-၁၉ကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရာမှာလည်းတစ်ဦးနဲ့တစ်ဦးခံနိုင်ရည်အပေါ်မူတည်ပြီး ပြင်းထန်မှုမတူညီတဲ့အတွက် တချို့က ရက်သတ္တပတ်အနည်းငယ်အတွင်းပျောက်ကင်းသက်သာခဲ့သလို တချို့ကလည်းတစ်လနီးပါးဝေဒနာခံစားခဲ့တာပါ။ ကိုဗစ်-၁၉ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက်မှာ နောက်ဆက်တွဲခံစားရတတ်တဲ့ဝေဒနာအချို့ကတော့.....
Phorto: Verywell Fit
မောပန်းခြင်း
ကိုဗစ်-၁၉ဗိုင်းရပ်စ်ကိုတွန်းလှန်တဲ့အခါမှာ လူငယ်အများစုက တစ်ပတ်ကနေနှစ်ပတ်အတွင်းသက်သာပျောက်ကင်းသွားတတ်သလို ပြင်းထန်တဲ့ဝေဒနာခံစားရမှုမျိုးလည်းမရှိတတ်ကြပါဘူး။ အသက် ၅၀အထက် လူကြီးအများစုကတော့ ကိုဗစ်လက္ခဏာတွေကိုပြင်းပြင်းထန်ထန်ခံစားရတတ်ပြီး အဆုတ်ကိုတိုက်ခိုက်ခံရကာ အောက်စီဂျင်လိုအပ်ချက်ရှိတဲ့အထိ ကြုံကြရပါတယ်။
ကိုဗစ်ကိုဘယ်လိုနည်းနဲ့ပဲ တွန်းလှန်နိုင်ခဲ့ပေမယ့် ဗိုင်းရပ်စ်ကူးစက်ခံရသူအားလုံးမှာတူညီတဲ့အချက်ကတော့ အမောမခံနိုင်တော့တာပါ။ တချို့ဆိုရင် ကိုဗစ်-၁၉ရောဂါကင်းရှင်းသွားချိန်မှာတောင် အနည်းငယ်လှုပ်ရှားမှုပြုလုပ်ရုံနဲ့မောပန်းနေတတ်ပါတယ်။ ဒါကြောင့် ကိုဗစ်ကင်းစင်သွားပြီဆိုပေမယ့်လည်း တစ်လကနေသုံးလအတွင်းအလွန်အမင်းမောပန်းစေနိုင်တဲ့လှုပ်ရှားမှုမျိုးတွေကို ရှောင်ကျဉ်ဖို့လိုအပ်ပါတယ်။
Photo: India Time
အသက်ရှူမဝခြင်း
ကိုဗစ်ပိုးက ခန္ဓာကိုယ်အတွင်းမှာ အဆုတ်ကလွဲပြီးအခြားအစိတ်အပိုင်းတွေကို တိုက်ခိုက်တာမျိုးမရှိပါဘူး။ ဒါကြောင့်ပြင်းထန်ကိုဗစ်ဝေဒနာခံစားခဲ့ရသူတွေရဲ့အဆုတ်ဟာ သာမန်အခြေအနေအတိုင်းပြန်လည်သန်စွမ်းလာဖို့အတွက် ခက်ခဲပြီးအချိန်ယူရပါတယ်။
ဒါကြောင့် ကိုဗစ်နောက်ဆက်တွဲဝေဒနာတွေထဲမှာ အသက်ရှူမဝတာ၊ အသက်ရှူခက်ခဲတာမျိုးကို အများစုခံစားရလေ့ရှိပါတယ်။ ဒီအတွက် အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးတာ၊ ရေနွေးငွေ့ရှူတာအစရှိတာမျိုးကို လုပ်ဆောင်ဖို့ဆေးပညာရှင်တွေကအကြံပြုထားပါတယ်။
Photo: India Time
စိတ်လှုပ်ရှားခြင်း၊စိတ်ပင်ပန်းအိပ်မပျော်ခြင်း
ကိုဗစ်ကိုကျော်လွန်ပြီးခဲ့သူတွေခံစားရတတ်တဲ့ လက္ခဏာတွေထဲမှာ ညဘက်အိပ်ပျော်ဖို့ခက်ခဲတာ၊ စိတ်လှုပ်ရှားလွယ်တာ၊ စိတ်ပင်ပန်းတာမျိုးတွေလည်းရှိတတ်ပါတယ်။ ညဦးပိုင်းတွေမှာ အိပ်စက်ဖို့ခက်ခဲနေတတ်တာ၊ တချို့ကလည်း အိပ်မက်ဆိုးတွေမက်ပြီးလန့်နိုးတာ၊ ညနေစောင်းတွေမှာ ဝမ်းနည်းနေတာမျိုးတွေလည်းခံစားရတတ်ပါတယ်။
ဒီအတွက်ဖြေရှင်းနည်းတွေကတော့ နေရောင်ခြည်ခံတာ၊ တရားထိုင်တာနဲ့ သင့်တင့်လျောက်ပတ်တဲ့ လေ့ကျင့်ခန်းအချို့ကိုလုပ်ခြင်းနဲ့အိပ်ပျော်စေနိုင်တယ်လို့ဆရာဝန်တွေကတော့ အကြံပြုပြောကြားထားပါတယ်။
Photo: Healthline
အနံ့အရသာပျောက်ဆုံးခြင်း
ကိုဗစ်ပိုးက နှာခေါင်းထဲမှာရှိတဲ့ ဆဲလ်တွေ၊ အနံ့အာရုံခံတဲ့ ဆဲလ်တွေကို ယောင်ရမ်းစေပြီး ပျက်စီးစေလို့ အနံ့မရတော့တာပါ။ အာရုံခံစားမှုတစ်မျိုးဖြစ်တဲ့ အနံ့ခံအာရုံပျောက်ဆုံးသွားတဲ့အတွက် အများစုကစိတ်ဓာတ်ကျပြီး အစားအသောက်ပျက်တာ၊ စိတ်ကျတာမျိုးတွေခံစားရတတ်ပါတယ်။
ဒါပေမယ့် ဒါကယာယီပါ။ ဆဲလ်တွေပြန်ကောင်းလာချိန်မှာ မူလအနံ့ခံအာရုံကိုပြန်ရမှာပါ။ အနံ့ပြန်ရဖို့အတွက်တော့ ဆေးမရှိပါဘူး။ လူတစ်ဦးနဲ့တစ်ဦးခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ကိုယ်ခံအားမတူညီတာကြောင့် အချိန်ကာလမတူပေမယ့် ပုံမှန်အားဖြင့်တော့ တစ်ပတ်၊ဆယ်ရက်ကနေတစ်လအတွင်း အနံ့ပြန်ရပါတယ်။
ကိုဗစ်-၁၉ရောဂါကို ကုသနိုင်တဲ့ဆေးဝါးမရှိသေးသလို ကာကွယ်ဆေးတွေကလည်း အပြည့်အဝကာကွယ်နိုင်ခြင်းမျိုးမရှိသေးပါဘူး။ ဒါကြောင့်ကူးစက်ခံရချိန်မှာခံစားရမယ့်ဝေဒနာတွေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုမခံစားရအောင် ကြိုတင်ကာကွယ်ခြင်းကအရေးကြီးပါတယ်။ ဒါကြောင့် လူတိုင်း ကိုဗစ်-၁၉အန္တရာယ်ကနေရှောင်ရှားနိုင်ဖို့အတွက် အပြင်သွားရင် Mask တပ်ပါ။ လက်ဆေးပါ။ အကြောင်းကိစ္စမရှိရင် အိမ်မှာနေပါ။ အစရှိတဲ့အခြေခံအချက်တွေကို လိုက်နာကြဖို့အတွက် တိုက်တွန်းလိုက်ပါရစေ။
သတင်းဆောင်းပါးပါအချက်အလက်များကို အမေရိကန်ကျန်းမာရေးဝက်ဘ်ဆိုက် Healthline မှကိုးကားပြီးမျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။
Share