ထိပ်ထိပ်ကြဲ CEO တွေရဲ့ ပညာရေး

အမေရိကန်ရဲ့ အတော်ဆုံး CEO တွေအကြောင်း ပြောချင်ပါတယ်။ နောက်ပြီး သူတို့ရဲ့ ပညာရေးအကြောင်းရောပေါ့။

               အားလုံးသိကြတဲ့အတိုင်း အမေရိကန်ဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ကျောင်းတွေ ရှိတဲ့ နိုင်ငံပါ။ ကမ္ဘာကျော်တဲ့ ဟားဗတ်တက္ကသိုလ် ၊ မက်ဆာချူးဆက်နည်းပညာအင်စတီကျူဒ့် MIT ၊ စတန်းဖို့ဒ်တက္ကသိုလ် ၊ ကယ်လီဖိုးနီးယား-ဘာကလေတက္ကသိုလ် ၊ ကိုလံဘီယာတက္ကသိုလ် ၊ ကယ်လီဖိုးနီးယားနည်းပညာအင်စတီကျူ့ဒ် ၊ ဝါရှင်တန်တက္ကသိုလ် ၊ ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ် ၊ ယေးလ်တက္ကသိုလ်နဲ့ ပရင်စတန်တို့ဆိုတာ ကမ္ဘာ့အကောင်းဆုံး ထိပ်ထိပ်ကြဲတက္ကသိုလ်တွေ မဟုတ်လား။



               ဒီတော့ ကမ္ဘာကျော်တဲ့ အမေရိကန်ရဲ့ အတော်ဆုံး နည်းပညာ CEO တွေဆိုရင်လည်း အကောင်းဆုံး တက္ကသိုလ်ကျောင်းထွက်တွေလို့ ထင်ကြမှာပါ။ ဒီထင်ကြေး ဟုတ်မဟုတ်ကို ကြည့်လိုက်ရအောင်ပါ။


(၁) တင်မ်ကွတ်ခ်



Photo: NBC News

               လူဦးရေ ၂ သိန်းတောင် မပြည့်တဲ့ အလာဘားမားပြည်နယ် အနောက်တောင်ပိုင်းက Mobile ဆိုတဲ့ မြို့ကလေးမှာ လူဖြစ်လာခဲ့တဲ့ တင်မ်ကွတ်ခ် (နာမည်အပြည့်အစုံ- တင်မိုသီ ဒေါ်နယ်ကွတ်ခ်) ကို သင်္ဘောကျင်းအလုပ်သမားအဖေနဲ့ ဆေးကုမ္ပဏီဝန်ထမ်းအမေက မွေးခဲ့ပါတယ်။ ကိုယ်ပိုင်ကုမ္ပဏီမဟုတ်ဘဲ ဒေါ်လာ ၁.၃ ဘီလျံကျော် ချမ်းသာတဲ့ CEO တစ်ယောက်လည်း ဖြစ်ပါတယ်။

               ၁၉၆၀ ဖွား အသက် ၆၀ ပြည့်သွားပြီ ဖြစ်တဲ့ တင်မ်ကွတ်ဟာ ကမ္ဘာကျော် Apple ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး Apple ကို ရောက်မလာခင်က IBM နဲ့ Intelligent Electronics မှာ ညွှန်ကြားရေးမှူးနဲ့ COO အဖြစ်လည်း တာဝန်ထမ်းဖူးသူ ဖြစ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံများပြားတဲ့သူတစ်ယောက်ဖြစ်ပြီး Auburn University မှာ စက်မှုအင်ဂျင်နီယာပညာရပ်နဲ့ ရိုးရိုးဘွဲ့ ၊ Duke University စီးပွားရေးကျောင်း မှာ MBA ဘွဲ့ယူထားပါတယ်။


(၂) ဂျက်ဖ်ဘီဇော့စ်



Photo: leprogres

               ဘီလျံ ၂၀၀ ကျော် ချမ်းသာတဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဖ်ဘီဇော့စ်ကို Amazon တည်ထောင်သူအဖြစ် သိကြမှာပါ။ မွေးရပ်က နယူးမက္ကဆီကို Albuquerque မြို့ ဖြစ်ပြီး သူဆယ်ကျော်သက်အရွယ်မှာ မိသားစုလိုက် မိုင်ယာမီကို ရောက်လာခဲ့တာပါ။ ဂျက်ဖ်ဘီဇော့စ်ဟာ အထက်တန်းကျောင်းသားဘဝမှာပဲ Grade 4 ကနေ Grade 6 တန်းကျောင်းသားတွေအတွက် နွေရာသီ ပညာရေးစခန်းသွင်းကျောင်း Dream Institute ဆိုတဲ့ လုပ်ငန်းကို ထောင်ခဲ့ပါတယ်။

               ကမ္ဘာကျော် သတင်းမီဒီယာကြီးဖြစ်တဲ့ The Washington Post ကို ၂၀၁၃ ခုနှစ်က ဝယ်ထားပါတယ်။ ဂျက်ဖ်ဘီဇော့စ်ဟာ ရူပဗေဒပညာရှင်ဖြစ်ချင်ခဲ့သူတစ်ဦး ဖြစ်ပြီး ကမ္ဘာကျော် ပရင့်စတန်တက္ကသိုလ်မှာ လျှပ်စစ်အင်ဂျင်နီယာနဲ့ ကွန်ပျူတာသိပ္ပံဘွဲ့ ရထားသူ ဖြစ်ပါတယ်။


(၃) ရန်ဒဲလ် အယ်လ်စတက်ဖင်ဆန်


Photo: indiewire


               ရန်ဒဲလ် အယ်လ်စတက်ဖင်ဆန်ဟာ အမေရိကန်ထိပ်သီး တယ်လီကွန်းအော်ပရေတာတစ်ခုဖြစ်တဲ့ AT&T ရဲ့ ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်ဟောင်းဖြစ်ပါတယ်။ ၁၉၈၂ မှာ သတင်းအချက်အလက်နည်းပညာကုမ္ပဏီ Southwestern Bell Telephone မှာ အလုပ်စဝင်ခဲ့ပြီး AT&T Inc မှာ ၂၀၀၇ ကနေ ၂၀၂၀ အထိ ၁၃ နှစ်ကျော်ကြာအောင် ဥက္ကဌနဲ့ CEO အဖြစ် တာဝန်ယူခဲ့တာပါ။

               နှစ်ပေါင်း ၄၀ နီးပါး ဖြတ်သန်းလာခဲ့တဲ့ သူ့ဘဝတစ်လျှောက်မှာ ရာထူးအမျိုးမျိုးနဲ့လည်း ဦးဆောင်မှု ပြုခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ CFO နဲ့ ၂၀၀၄ ခုနှစ်မှာ COO တာဝန်တွေ မယူခင်မှာလည်း ကုမ္ပဏီမှာ ဘဏ္ဏာရေးပိုင်းကို တာဝန်တွေ ဆက်တိုက်ယူခဲ့တာပါ။ ပညာရေးအနေနဲ့ University of Central Oklahoma မှာ စာရင်းကိုင်ဘွဲ့ (ရိုးရိုး) နဲ့ မဟာဝိဇ္ဇာဘွဲ့တွေ ရခဲ့ပါတယ်။


(၄) ဆွန်ဒါ ပီချိုင်း


Photo: Forbes


               အိန္ဒိယသား ချန်နိုင်းမှာ မွေးတဲ့ ဆွန်ဒါပီချိုင်းဟာ ကမ္ဘာကျော် Google ရဲ့ မိခင်ကုမ္ပဏီ Alphabet မှာ အကြီးဆုံးရာထူးဖြစ်တဲ့ CEO အဖြစ် တာဝန်ယူနေသူ ဖြစ်ပါတယ်။Google founders တွေ ဖြစ်တဲ့ လယ်ရီပေ့ချ် နဲ့ ဆာဂီဘရင်းတို့ Alphabet မှာ ထိပ်တန်းရာထူးတွေကနေ ဆင်းပေးပြီး ၂၀၁၉ မှာပဲ ပီချိုင်းဟာ Alphabet မှာ CEO ဖြစ်လာခဲ့တာပါ။ ဒီမတိုင်ခင် ၂၀၁၅ ကတည်းက သူဟာ Google အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းနေတာ ဖြစ်ပါတယ်။

               Applied Materials ပိုင်းမှာ အတွေ့အကြုံတွေနဲ့ တက်ခဲ့တဲ့ ပညာရေးအရ သူဟာ Google မှာ ၂၀၀၄ ကစပြီး Product Manger အဖြစ် တာဝန်ယူခဲ့ပါတယ်။ သူ့လက်ထက်မှာ ပြောစမှတ်ဖြစ်ခဲ့တာက နာမည်ကျော် Google products တွေ ဖြစ်တဲ့ Google Chrome ၊ Chrome OS နဲ့ Google Drive ပရောဂျက်တွေကို ဦးဆောင်ရတာ ဖြစ်ပါတယ်။ Google ရဲ့ Gmail နဲ့ Google Maps ထုတ်ကုန်ဖွံ့ဖြိုးရေးပိုင်းမှာ ကြီးကြပ်ခဲ့ရသလို ၂၀၁၁ မှာ Chromebook နဲ့ Chrome OS ထွက်ဖို့လည်း သူပဲ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

               ဒီလို တော်လို့လည်း လယ်ရီပေ့ချ်နဲ့ ဆာဂီဘရင်းတို့ဟာ Google ရော Alphabet ကိုပါ ပီချိုင်းလက်ထဲကို ယုံယုံကြည်ကြည် တာဝန်ပေးလွှဲအပ်ခဲ့တာပါ။ ပညာရေးအနေနဲ့ ပီချိုင်းဟာ ခါရာဂ်ပူမှာ ရှိတဲ့ Indian Institute of Technology မှာ သတ္တုပုံလောင်းအင်ဂျင်နီယာဘွဲ့ ရခဲ့ပါတယ်။ အမေရိကန် စတန်းဖို့ဒ်တက္ကသိုလ်ကနေလည်း Material Sciences နဲ့ Engineering မဟာဘွဲ့ ၊ ပင်န်ဆီဗေးနီးယားတက္ကသိုလ်မှာ ရှိတဲ့ Wharton စီးပွားရေးကျောင်းကနေ MBA ဘွဲ့တွေ တက်ခဲ့ပါတယ်။

               အခုပြောခဲ့တဲ့ နည်းပညာ CEO တွေထဲမှာ Microsoft founder ဘီလ်ဂိတ်စ်နဲ့ Facebook founder မတ်ခ်ဇူကာဘတ်ခ်တော့ မထည့်ထားပါဘူး။ သူတို့နှစ်ဦးစလုံးက ကျောင်းပြီးအောင် မတက်ခဲ့လို့ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က