နေ့စဉ်ရုန်းကန်လှုပ်ရှားနေရတဲ့ လူ့ဘဝမှာ တစ်နေ့တာပင်ပန်းမှုက လွန်လွန်ကျုးကျုးဖြစ်လာပြီဆိုရင် ကိုယ့်စိတ်နဲ့ခန္ဓာကိုယ်ကို ထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။
Photo: The Center
ဒါကြောင့်ပဲလူတွေဟာ စိတ်အပန်းပြေဖို့အတွက်နည်းလမ်းတွေကို ရှာဖွေလာတတ်ကြပါတယ်။ စိတ်အပန်းပြေဖို့အတွက်နည်းလမ်းရှာရာမှာ ကိုယ်ပြုလုပ်နေကြတဲ့ နည်းလမ်းတွေအပြင် တခြားနည်းလမ်းပေါင်းများစွာကို စဉ်းစားပြီးတော့ စိတ်အပန်းဖြေပါ။ အခြေအနေအရ ကိုယ်စိတ်အပန်းဖြေနေကျနည်းလမ်းတွေလုပ်ဆောင်လို့ မရတဲ့အခြေအနေမျိုးမှာ တခြားသင့်လျော်တဲ့ နည်းလမ်းပေါင်းများစွာနဲ့ ကိုယ့်စိတ်ကို အပန်းဖြေနိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ ဘဝရဲ့ အမှန်တရားတစ်ခုဖြစ်လို့ လူတိုင်းရှောင်လွှဲလို့မရနိုင်ပါဘူး။ စိတ်အပန်းဖြေတဲ့ နည်းလမ်းတွေကို လေ့လာသင်ယူထားခြင်းက စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေကိုတော့ အကောင်းဆုံးကာကွယ်ပေးနိုင်ပါလိမ့်မယ်။
Photo: Dasha
ကိုယ့်စိတ်ရဲ့ခံစားမှုကိုသိရှိပြီး အပန်းပြေစေမယ့်နည်းလမ်းတွေကိုရှာပါ
စိတ်အပန်းဖြေမှုနည်းလမ်းတိုင်းကလည်း ကိုယ်နဲ့အဆင်မပြေနိုင်သလို အခြေအနေ အနေအထားအရလည်း စိတ်အပန်းဖြေခြင်းနည်းလမ်းတွေကွဲပြားနိုင်ပါတယ်။ ကိုယ်ပြုလုပ်နေကြနည်းလမ်းတစ်ခုတည်းကို အစွဲမထားပဲ ဒီနည်းလမ်းတိုင်းမလုပ်ဆောင်နိုင်တဲ့အခါ ပိုပြီးစိတ်ဖိစီးမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မတူကွဲပြားတဲ့ နည်းလမ်းတွေနဲ့လည်း စိတ်အပန်းဖြေကြည့်ပါ။ စိတ်အပန်းဖြေဖို့ ခရီးထွက်တာ ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံစားသောက်ကြတာ၊ KTVတွေမှာ သီချင်းဆိုတာတွေကလည်း စိတ်အပန်းဖြေစရာတွေဖြစ်ပြီး ငွေကြေးကုန်ကျတဲ့ စိတ်အပန်းဖြေခြင်းနည်းလမ်းတွေလည်းဖြစ်ပါတယ်။ ပုံမှန်အခြေအနေမဟုတ်ချိန်မှာ ဒါတွေကိုမလုပ်နိုင်ရင် ကိုယ့်အတွက်ပိုပြီး စိတ်ဖိစီးလာနိုင်စေပါတယ်။
ဒါကြောင့် ငွေကုန်ကြေးကျသက်သာပြီး သူများအပေါ်မှီခိုရတာမျိုးမဟုတ်တဲ့ စိတ်အပန်းဖြေနည်းတွေနဲ့ ရင်းနှီးအောင်လည်း ကိုယ့်ကိုကိုယ် မိတ်ဆက်ထားဖို့လိုပါတယ်။ ဥပမာ- စာဖတ်၊သီချင်းနားထောင်၊တရားထိုင်၊ တီဗီကြည့်.....။
Photo: Life As A Human
စိတ်အပန်းဖြေတာ အပြစ်မရှိပါဘူး
လူအများစုစိတ်ပင်ပန်းစိတ်ညစ်နေချိန်မှာ ကိုယ့်စိတ်အပန်းပြေဖို့ကြိုးစားမှုကို အပြစ်လို့ရှုမြင်တာမျိုးမလုပ်ပါနဲ့။ ကိုယ်စိတ်ကျန်းမာမှသာ လူတိုင်းကိုယ့်ရည်မှန်းချက်ကိုပေါက်မြောက်အောင်ဆောင်ရွက်နိုင်မှာပါ။ ကိုဗစ်ကပ်ရောဂါကာလနဲ့ ပဋိပက္ခတွေကြောင့် ပုံမှန်အပြင်ထွက်ပြီး ကိုယ့်စိတ်အပန်းဖြေနိုင်ကြမယ့်နည်းလမ်းတွေကို မလုပ်ဆောင်နိုင်တဲ့အခါ ဒီနည်လမ်းတွေကို အသုံးပြုပါ။ သင်အကြိုက်ဆုံး သံစဉ်တွေကိုနားထောင်ပါ။ ဟာသဗီဒီယိုတွေကြည့်ပါ။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အချိန်ကုန်နိုင်သလို မိသားစုနဲ့ စကားတွေပြောပါ။ လမ်းလျှောက်မယ်၊ ရှပ်ရှင်တွေကြည့်မယ် ၊ကိုယ်နှစ်သက်ရာ အားကစားတွေလုပ်ရင်းနဲ့လည်း စိတ်အပန်းဖြေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝါသနာပါရာ အလုပ်တစ်ခုခုကို အာရုံစူးစိုက်လုပ်ပေးခြင်းဖြင့်လည်း စိတ်ဖိစီးမှုကိုလျော့ချပေးနိုင်ပါတယ်။
Photo: TODAY
သူများပျော်တိုင်း ကိုယ်ပျော်မယ်မထင်ပါနဲ့
စိတ်အပန်းဖြေနည်းတိုင်းက လူတိုင်းအတွက်အဆင်မပြေနိုင်ပါဘူး။ သူများအတွက် စိတ်အပန်းဖြေစေနိုင်ပေမယ့် ကိုယ့်အတွက် ဒီနည်းလမ်းကိုလုပ်ဆောင်တဲ့အခါ စိတ်ဖိစီးမှုကိုလျော့ချပေးနိုင်တာမျိုးမရှိပဲ လူကိုပါ ပင်ပန်းနွမ်းစေလာတယ်ဆိုရင် ဒီနည်းလမ်းက ကိုယ်နဲ့ မကိုက်ညီပါဘူး။ ဒါကြောင့် စိတ်အပန်းဖြေတဲ့အခါမျိုးမှာ ကိုယ်နဲ့ကိုက်ညီတဲ့ အပန်းဖြေနည်းလမ်းကိုလည်း ရွေးချယ်ဖို့လိုပါတယ်။ စိတ်အပန်းဖြေနေစဉ်မှာ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေက ဦးနှောက်ကိုတည်ငြိမ်လာစေပြီး စိတ်ချမ်းသာမှုကိုဖြစ်ပေါ်လာစေတယ်၊ ကိုယ်လက်ပေါ့ပါးလာပြီး နေထိုင်မှုကောင်းလာတယ်၊ စိတ်ဖိစီးမှုလျော့နည်းလာတဲ့အတွက် စိတ်ကြည်လင်လာပြီး နေ့စဉ်ကိုယ်လုပ်နေကြအလုပ်တွေကို ပုံမှန်ပြန်လုပ်ချင်စိတ်ပေါ်လာတာတွေက သင့်ရဲ့စိတ်ဖိစီးမှုကို လျော့ချပေးနိုင်လာတာဖြစ်ပါတယ်။ ဒါကြောင့် စိတ်အပန်းဖြေတဲ့နည်းလမ်းတွေလုပ်ဆောင်တဲ့အခါမှာ အကျိုးရှိပြီး ကိုယ်နဲ့ကိုက်ညီနိုင်တဲ့နည်းလမ်းတွေကိုသာ ရွေးချယ်ပါ။
ကိုယ်တွေးထားသလို အလုပ်တွေထင်တိုင်းမဖြစ်တော့ဘူး၊ စိတ်ထင်တိုင်းမဖြစ်တာတွေများလာတဲ့အခါ စိတ်ညစ်လာတာတွေ ၊ စိတ်ဓာတ်ကျလာတာတွေဖြစ်လာပါတယ်။ ဒီလို အခြေအနေဖြစ်လာရင် စိတ်ကို အနာတရမဖြစ်အောင်၊ စိတ်နွမ်းနယ်မှုတွေပြေပျောက်အောင် လုပ်ဖို့ လိုလာပါတယ်။ စိတ်ပင်ပန်း နာကျင်ရတာ အချိန်ကြာလာရင် ကျန်းမာရေးကို ထိခိုက်လာနိုင်တာမို့ မြန်မြန်ဖြေရှင်းဖို့ လိုပါတယ်။ စိန်ခေါ်မှု နဲ့ စိတ်ဖိစီးမှုများတဲ့ ယနေ့ခေတ် ခေတ်သစ်လူနေမှုပုံစံတွေထဲမှာ စိတ်အပန်းဖြေစရာနည်းလမ်းတွေလည်းမျိုးစုံရှိလာပါတယ်။ လူသားတွေအတွက် အကောင်းဆုံးအပန်းဖြေနည်းကတော့ ခရီးထွက်ခြင်းပါပဲ။ ဒီလိုကာလမှ ခရီးသွားလာဖို့ ခက်ခဲတဲ့ကာဖြစ်သလို ကိုယ်လုပ်နေကြတဲ့အပန်းဖြေနည်းလမ်းတွေလုပ်ဆောင်ဖို့လည်း ခက်ခဲနေတယ်ဆိုရင်တော့ စိတ်ကို လန်းဆန်းနေအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပန်းဖြေပေးထားဖို့လိုပါမယ်။ ယခုလိုကာလမှာ စိတ်အပန်းဖြေနည်းလမ်းတွေအများကြီးစဉ်းစားထားပါ။ ကိုယ်နဲ့ သင့်လျော်တဲ့ အပန်းဖြေနည်းတွေနဲ့ စိတ်ဖိစီးမှုကိုဖြေလျော့ပါလို့ စိတ်ပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် L. Diana Seng Hkawn ကအကြံပြုပြောကြားထားပါတယ်။
သတင်းဆောင်းပါးပါ အချက်အလက်များကို စိတ်ပိုင်းဆိုင်ရာအကြံပေးပုဂ္ဂိုလ် L. Diana Seng Hkawn က အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။