တစ်ကယ်က လောကဆိုတာ အနတ္တပါ။ ဘယ်အရာကိုမှ အစိုးမရပါဘူး။

စိတ်ညစ်လိုက်တာ..ဒါကိုတော့ငါမလုပ်နိုင်လောက်ဘူး..သူများတွေကတော့ ငါ့ကိုဘယ်လိုမြင်မလဲမသိဘူး..ငါ့ဘဝကတော့ ပျက်ပါပြီ..

Photo: Business Insider

ဒီစကားသံတွေကို လူအတော်များများရဲ့ပါးစပ်ကနေထွက်ခဲ့ဖူးသလို၊ ဆက်လက်ပြီးတော့လည်း အဆက်မပြတ်ထွက်ပေါ်နေဆဲပါ။ ဒီလိုအတွေးတွေစိတ်ထဲမှာ တဝဲဝဲလည်နေပြီဆိုရင်တော့ သေချာပါတယ်။ သင်ဟာ စိတ်ဖိစီးမှုထောင်ချောက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက်သက်ဆင်းနေမိပါပြီ။

Photo: Mystery

သံသယ

အလုပ်မှာ ဒါမှမဟုတ် ဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုဆုံးဖြတ်ရတော့မယ်အချိန်မှာ ပထမဆုံးစတင်ခံစားမိတာကတော့ သံသယပါ။ ငါဒါကိုလုပ်နိုင်ပါ့လားဆိုတဲ့သံသယပါ။ သံသယဆိုတဲ့ စကားလုံးလေးသုံးလုံးက သင့်ကို တစ်ဘဝစာစိတ်ဖိစီးမှုထောင်ချောက်ထဲဆွဲသွင်းနိုင်တာကိုသတိပြုပါ။ 

ဘဝကပေးတဲ့အတွေ့အကြုံအသစ်၊ အခွင့်အလမ်းအသစ်တွေက သင့်ကိုနေရာသစ်၊ ကမ္ဘာသစ်တစ်ခုဆီကိုဆွဲခေါ်သွားနိုင်တယ်ဆိုတဲ့ယုံကြည်မှုထားပြီး အပြောင်းအလဲတွေကို သံသယကင်းကင်းနဲ့လက်ခံပါ။ အရာရာကို သံသယမထားပါနဲ့။ သင့်အတွက်နေစရာကမ္ဘာကြီးက အရမ်းကို ကျဉ်းမြောင်းသွားပါလိမ့်မယ်။

Photo: Medium

အနတ္တ

တစ်ကယ်က လောကဆိုတာ အနတ္တပါ။ ဘယ်အရာကိုမှ အစိုးမရပါဘူး။ ဘဝရဲ့အနာဂတ်အတွက် အစီအစဉ်တွေဆွဲနိုင်ပေမယ့် မျှော်လင့်ချက်ကို အလွန်အကျွံမထားပါနဲ့။ သင်မျှော်လင့်ထားတဲ့ ပျော်ရွှင်မှုက တကယ်တမ်းသင့်ဆီရောက်လာချိန်မှာ ထင်သလောက် မပျော်ရတာမျိုးကိုလည်း ကြုံဖူးကြမှာပါ။ 

ပြီးပြည့်စုံတယ်ဆိုတဲ့ ခံစားချက်ကိုရရှိနိုင်ဖို့က သင့်စိတ်ရဲ့ရောင့်ရဲမှုအပေါ်မူတည်ပါတယ်။ ဒီနေရာက ငါမနေသင့်တဲ့နေရာလို့ အဆက်မပြတ်တွေးနေရင် ဦးနှောက်ကလည်း သင့်ရဲ့တွေးခေါ်မှုကိုပြီးပြည့်စုံအောင် အချက်အလက်တွေ ရှာဖွေဖန်တီးနေပါလိမ့်မယ်။ အနာဂတ်ကိုစီစဉ်ပါ။ ဒီနေ့ကိုကောင်းအောင်လုပ်ပါ။ အလွန်အကျွံမမျှော်လင့်ပါနဲ့။ ဒါဆိုရင်တော့စိတ်ဖိစီးမှုထောင်ချောက်ကလွတ်ဖို့အတွက်သော့တစ်ချောင်းကိုပိုင်ဆိုင်ခွင့်ရမှာပါ။ 

Photo: Healthline

စိတ်ယားယံခြင်း

အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တစ်ယောက် သီချင်းတအေးအေးနဲ့ပျော်ရွှင်နေတာမြင်ရင် ပထမဆုံးဝင်လာတဲ့အတွေးက သူဘာလို့ဒီလောက်ပျော်နေရတာလဲဆိုတာပါ။ ပြီးရင်တော့ နောက်ဆက်တွဲဝင်လာတဲ့အတွေးက ငါကျသူ့လိုမပျော်နိုင်ဘူးဆိုတဲ့ စိတ်ယားကျိယားကျိဖြစ်စေတဲ့အတွေးပါ။ 

ဒီအခြေအနေမှာ ဘယ်သူက စိတ်ဒုက္ခပိုရောက်စေတာလဲ။ ဘာကြောင့်သင်က ပျော်ရွှင်နေတဲ့သူဆီသွားပြီး ဝမ်းမြောက်မှုကိုမျှဝေမခံစားချင်ရတာလဲ။ ကိုယ့်ခံစားချက်ကို သူ့ကိုရင်ဖွင့်ပြီးမတိုင်ပင်နိုင်ရတာလဲ။ အနားမှာ ပျော်နေတဲ့သူတွေ့ရင် အခုပဲချဉ်းကပ်ပြီး ခံစားချက်တွေဖလှယ်လိုက်ပါ။ အနည်းဆုံးတော့ သင့်စိတ်ထဲမှာ ယားကျိကျိဖြစ်နေတာတွေ အယားပြေသွားစေပါလိမ့်မယ်။

Photo: Healthline

ဂဏာမငြိမ်တဲ့စိတ်

ဘားထဲဝင်ထိုင်ပြီး အရက်တစ်ခွက်မှာလိုက်ချိန် မှာထားတဲ့အရက်ရောက်မလာချိန်မှာဘဲ သင့်စိတ်က ကမ္ဘာပတ်နေနိုင်ပါတယ်။ Facebook မှာ ဘာသတင်းတွေများထူးနေမလဲ၊ Twitter မှာ ဘယ်သူတွေကများ ဘာတွေကို Tweet နေသလဲ၊ အရေးတကြီး Message တွေများဝင်နေမလားဆိုပြီး ဖုန်းကိုဖွင့်ကြည့်လိုက်ရုံနဲ့ သင်သောက်ရမယ့် အရက်ခွက်နဲ့ မိုင်ပေါင်းသန်းချီဝေးရာတွေဆီကို စိတ်ကလွင့်ထွက်သွားနိုင်ပါတယ်။ 

အနားယူချိန်မှာ ပြဿနာတွေဆီကိုပဲ စိတ်ရောက်နေတာက သင့်အတွေးတွေကို ကိုယ်တိုင်ပိတ်မိအောင် ဖန်တီးနေသလိုပါပဲ။ စိတ်ကိုနည်းနည်းလေးလျှော့ပြီး အနားယူချိန်လေးတွေကို ဖန်တီးနိုင်ဖို့ကြိုးစားကြည့်စမ်းပါ။ ကမ္ဘာကြီးက သင့်အတွက် နေပျော်စရာဖြစ်လာပါလိမ့်မယ်။ 

Photo: Healhline

နှေးကွေးခြင်း

ဒီနေ့အလုပ်လုပ်မယ်၊ သူငယ်ချင်းတွေနဲ့ချိန်းထားတယ်၊ အင်္ဂလိပ်စာလေ့လာရမယ်.. ဟာ.. လုပ်စရာတွေကများလိုက်တာ၊ ငါလည်းပင်ပန်းနေပြီ..နောက်နေ့မှပဲဒါတွေကိုလုပ်တော့မယ်။ ဒါမျိုးကို လူအတော်များများတွေးတတ်ပါတယ်။ 

ဒါမျိုးမလုပ်ပါနဲ့။ ဒီနေ့လုပ်စရာရှိတာကို မနက်ဖြန်ရွှေ့လိုက်တာက သင့်အတွက် ပျော်ရွှင်မှုတွေနဲ့လွဲချော်စေနိုင်သလို အလုပ်ကြွေးပိပြီး စိတ်ဖိစီးစေပါတယ်။ မနှေးကွေးပါနဲ့ ..အစီအစဉ်လေးတွေချပြီး တစ်နေ့တာလုပ်စရာလေးတွေကို ပြီးစီးအောင်လုပ်ပါ။ အောင်မြင်မှုအရသာ၊ အလုပ်ပြီးမြောက်ခြင်းအရသာတွေကို ခံစားရနိုင်ပြီး နေလို့ကောင်းစေပါတယ်။ 

ဘဝကတိုပါတယ်။ ပျော်ရွှင်စရာကာလတွေက အမြဲမရနိုင်ပါဘူး။ ကမ္ဘာကြီးကလည်းနေ့စဉ်ပြောင်းလဲနေတာပါ။ ဒီတော့ ဘာကြောင့်များကိုယ့်စိတ်ကို ထောင်ချောက်တစ်ခုထဲပိတ်ထည့်ပြီး အဆိုးတွေကို တဝဲလည်လည်တွေးနေမှာလဲ။ ထထိုင်ပါ..တစ်ခုခုလုပ်ပါ..ရှေ့ဆက်ပါ.. တစ်နေရာကိုတော့သင်ရောက်အောင်သွားနိုင်ပါတယ်။ 

Ref: Mindful

Share

Loading Next Article...
က္က