စိတ်ဖိစီးလာတဲ့အခါ  သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ ရှော့ပင်းထွက်လိုက်တာ စတဲ့ နည်းလမ်းတွေက ကိုယ့်ကို သက်တောင့်သက်သာဖြစ်စေလိမ့်မယ်လို့ အများစုက ထင်တတ်ကြပါတယ်။ ဒီနည်းလမ်းတွေက ကိုယ့်ကို စိတ်ပျော်ရစေမယ်လို့ ထင်သွားကြတာဖြစ်ပါတယ်။

Photo: USA Today

တကယ်တော့ စိတ်ဖိစီးမှုကို သိပွံနည်းကျရော လက်တွေ့မှာပါ လျှော့ချပေးနိုင်တဲ့ လူအများသိပ်မသိသေးတဲ့ နည်းလမ်းလေးတစ်ခုကို Duwun Lifestyle ကဏ္ဏကနေ မျှဝေပေးချင်ပါတယ်။ စိတ်ဖိစီးမှု ဖြစ်တဲ့အခါ လျော့ကျအောင် လုပ်တဲ့နည်းလမ်းတွေကတော့ များစွာ ရှိပါတယ်။  အခုပြောပြမယ့် နည်းလမ်းကတော့  စိတ်ကျန်းမာရေးပညာရှင်တော်တော်များများ အကြံပြုတဲ့နည်းလမ်းလေး ဖြစ်ပါတယ်။ အဲဒါကတော့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့ အခါ စိတ်ဖိစီးမှုကို ဘယ်လိုပုံစံနဲ့ လျှော့ချပေးနိုင်မလဲဆိုတာ Professional Counselor တစ်ဦးဖြစ်တဲ့  L.Diana Seng Hkawn က အခုလို မျှဝေထားပါတယ်။ 

Photo: Healthline

Stress ဟော်မုန်းကို တော်လှန်နိုင်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း                   

လူဆိုတာ စိတ်ဖိစီးမှုတွေ ဖြစ်လာပြီဆို ခန္ဓာကိုယ်ကနေ  အရင်ဆုံး Stress ဟော်မုန်းဓာတ်တွေ ထွက်လာပါတယ်။ အဲဒီထွက်လာတဲ့ Stress ဟော်မုန်းကို ပြန်လည်တိုက်ထုတ်နိုင်တဲ့တစ်ခုတည်းသော နည်းလမ်းက ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာပါပဲ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါ ထွက်လာတဲ့ဟော်မုန်းတွေက  စိတ်ဖိစီးမှုကြောင့် ထွက်ပေါ်လာတဲ့ ဟော်မုန်းကို ပြန်လည်ချေဖျက်ပေးလိုက်တာဖြစ်ပါတယ်။  Stress ကြောင့် ဖြစ်လာတဲ့ ဟော်မုန်းကို ပြန်တိုက်ထုတ်နိုင်တဲ့ အကျိုးပြုဟော်မုန်းလေးတွေ များစွာ ရှိပါတယ်။  ကိုယ်က လေ့ကျင့်ခန်းလုပ်လိုက်တယ်ဆိုရင် အဲဒီအကျိုးပြုဟော်မုန်းလေးတွေက တစ်ပြိုင်နက်တည်းထွက်လာပါတယ်။ အဲဒီလို ထွက်လာပြီးတဲ့နောက် စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ဟော်မုန်းကို ပြန်လည် ချေမှုန်းပြီးတော့ ဟန်ချက်ညီအောင် လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။

Photo: Healthline

စိတ်ဖိစီးနေချိန် လေ့ကျင့်ခန်း လုပ်နိုင်ပါ့မလား

လူတွေက စိတ်ဖိစီးနေတာ ၊ စိတ်ကျတဲ့အခါ အားမရှိရတဲ့ ကြားထဲ ဘယ်လိုလုပ်လေ့ကျင့်ခန်းလုပ်နိုင်မှာလဲလို့ တွေးကောင်းတွေးနေနိုင်ပါလိမ့်မယ်။  ဒါပေမယ့် စိတ်ကုထုံး သဘောတရားအရ စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ပိုတိုးအောင် လုပ်ရတာဖြစ်ပါတယ်။ စိတ်ညစ်လို့ အိပ်ရာထဲမှာ နေမယ့်အစား တစ်ခုခုထလုပ်နိုင်ဖို့ ကြိုးစားပါ။ လေ့ကျင့်ခန်းလုပ်ပါဆိုလည်း  ကိုယ်က စိတ်ပင်ပန်းနေလို့ မလုပ်နိုင်လောက်ဘူးဆို ပြီး မတွေးပါနဲ့ ။ တကယ်တော့ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ သိပ္ပံနည်းလမ်းအရကိုယ့်ကို စိတ်ချမ်းသာစေတဲ့ ဟော်မုန်း၊ ချစ်ခင်စေတဲ့ဟော်မုန်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတဲ့ဟော်မုန်း၊ တီထွင်ဖန်တီးချင်တဲ့ဟော်မုန်းလေးတွေ သူ့အလိုလိုထွက်လာပါတယ်။  အဲဒီလို ထွက်လာတဲ့အခါ အကျိုးသက်ရောက်မှုက စိတ်က အလိုလိုပျော်ရွှင်သွားတာ၊ အလိုအလျောက် ဖြစ်လာတဲ့ စွမ်းအင်တွေ ပိုရှိလာတာ တွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းက လူ့စိတ်ကို တကယ် ပြောင်းလဲစေနိုင်ပါတယ်။  

Photo: Top Doctor

ခံစားချက်တွေကို အရှိအတိုင်းဖြစ်စေတဲ့ ကိုယ်လက်လေ့ကျင့်ခန်း

စိတ်ညစ်ရင် လေ့ကျင့်ခန်းလုပ်လို့ ပြောတယ်ဆိုတာ လေ့ကျင့်ခန်းလုပ်လို့ စိတ်ပျော်ရွှင်သွားမယ်ဆိုတာထက် လေ့ကျင့်ခန်းလုပ်ရင် အရင်ဆုံးချွေးတွေ ထွက်ပါတယ်။ တစ်ခါတစ်လေမှာ အော်ရတယ်။  အပြေးလေ့ကျင့်ခန်းလုပ်တယ်ဆိုလည်း တစ်နေရာရာကို ဦးတည်ပြေးရတဲ့အတွက်  အာရုံက အရှေ့ကို အားစိုက်ရပါတယ်။ အားကစားလုပ်တဲ့အပေါ်မှာ အာရုံစိုက်နေတဲ့အခါ ကိုယ့်ခံစားချက်က ဝမ်းနည်းနေတယ်ဆိုရင် ဝမ်းနည်းတာ မပျောက်သွားပါဘူး။ ဒါပေမယ့် မခံမရပ်နိုင်လောက်အောင် ခံစားရတာမျိုး မဖြစ်တော့ဘဲ  နည်းနည်းသက်တောင့်သက်သာဖြစ်သွားစေတာပါ။ နောက်ပြီး လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ လက်ရှိ ကိုယ့် ခံစားချက်ကို ဆန့်ကျင်ဘက်ဖြစ်အောင် ပြောင်းလဲလိုက်ရတာမဟုတ်ပါဘူး။ ဒါကြောင့် စိတ်ကျန်းမာရေးပညာရှင်တွေကတော့ စိတ်ညစ်တဲ့အခါ လေ့ကျင့်ခန်းလုပ်ဖို့ အများဆုံးလမ်းညွှန်တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လက်ရှိခံစားချက်တွေကို ပြောင်းပြန်ဖြစ်မသွားစေပါဘူး။ 

Photo: Healthline

စိတ်ကို သက်သာစေမယ့် လေ့ကျင့်ခန်းလေးတွေ လုပ်ပါ

စိတ်ဖိစီးမှုဖြစ်လာတဲ့အခါ စိတ်ကိုသက်သောင့်သက်သာဖြစ်စေမယ့် နည်းလမ်းလေးတွေကတော့  ယောဂကျင့်တာ၊ တရားထိုင်တာ၊ သတိဘာဝနာပွားများတာမျိုးတွေလည်း လုပ်နိုင်ပါတယ်။ အဲဒါတွေကလည်း စိတ်ဖိစီးမှုကိုသက်သာစေတဲ့ နည်းလမ်းလေးတွေ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို သက်သာအောင်လုပ်တဲ့အခါ ကိုယ့်အတွက်အကျိုးရှိမယ်၊ သူများကိုလည်း မထိခိုက်တဲ့အရာလေးတွေ လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ- သီချင်းဆိုတာ၊  ပန်းချီဆွဲတာ စတဲ့ ကိုယ်ဝါသနာပါတာလေးတွေ လုပ်လို့ရပါတယ်။ ဂစ်တာတီးတာ၊ သီချင်းဆိုတာ၊ တစ်နေရာရာမှာ တစ်ယောက်တည်းအေးအေးဆေးဆေးထိုင်တာ၊ သူငယ်ချင်းတွေနဲ့ စကား‌ပြောတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။ စိတ်ပညာရှင်တွေကတော့ စိတ်ဖိစီးတဲ့အခါလေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာမျိုးတွေ လုပ်ဖို့ အများဆုံးညွှန်းလေ့ရှိကြပါတယ်။

ချစ်တဲ့သူတွေအတွက် စိတ်ပျော်အောင်နေပါ

ကိုယ်က စိတ်ဖိစီးနေတာ၊ စိတ်ဓာတ်ကျနေတဲ့အခါ  စိတ်ချမ်းသာစေမယ့်ဟာ တစ်ခုခုလုပ်လို့  ပြောလိုက်ရင်  ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ အဲဒီလို စိတ်အဆင်မပြေမှုတွေ ကြားမှာပဲ နစ်မြောနေတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်အတွက် မလုပ်ချင်ရင်တောင် တစ်ပါးသူအတွက် စဥ်းစားပြီး လုပ်သင့်တာလုပ်ဖို့ လိုပါတယ်။  စိတ်ဖိစီးမှုတွေလျော့ပြီး ကိုယ်ကျန်းမာမှ ကိုယ်ချစ်ရတဲ့သူတွေကို ကူညီနိုင်မယ်လို့ တွေးပါ။ လူတိုင်းမှာမိသားစုရှိပါတယ်။ လူတိုင်းမှာ ကိုယ်ချစ်ရတဲ့သူတွေ ရှိပါတယ် ။ ဒါကြောင့် ကိုယ်ချစ်ရတဲ့သူတွေအတွက် စိတ်ဓာတ်မကျနေဘဲ ပျော်ရွှင်စွာနေနိုင်ဖို့ အရေးကြီးပါတယ်။ 

သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့  L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က