ဒီနေ့ကမ္ဘာတလွှားမှာ ရော်နယ်ဒိုက ပရိသတ်တွေအတွက် အာရုံခံစားမှုတစ်ခုလိုဖြစ်လာပါပြီ။


နေ့စဉ်ထိတွေ့ကိုင်တွယ်နေရတဲ့ အသုံးအဆောင်အရာဝတ္ထုတွေနဲ့မခြား ရော်နယ်ဒိိုနဲ့ ပတ်သက်ပြီးမှ ရှင်သန်နေသူလည်း ဒုနဲ့ဒေးပါ။ သူ့ရဲ့သွင်းဂိုးတွေ၊ အောင်မြင်မှုတွေနဲ့

ပရော်ဖက်ရှင်နယ်ဆန်မှုတွေက သူ့ကိုအမြင့်ဆုံးအဆင့်ဆီပို့ဆောင်ပေးခဲ့တာပါ။ ကစားခဲ့သမျှအသင်းတိုင်းမှာ သူ့ကိုယ်သူအောင်နိုင်သူတစ်ဦးအဖြစ် တည်ထောင်နိုင်ခဲ့ပြီး အသင်းတိုင်းက အလိုရှိတဲ့ကစားသမားတစ်ဦးဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။ 

ပွဲကြီးပွဲကောင်းတွေဆိုရင် ပိုပြီးအစွမ်းပြတတ်လို့ Big-Match ကစားသမားတစ်ဦးလို့တင်စားခံခဲ့ရပြီး အခုဆိုရင် သူက ဘောလုံးလောကရဲ့ဂန္ထဝင်တစ်ဦးဖြစ်နေပါပြီ။ အသက် ၃၆ နှစ်အရွယ်အထိ အမြင့်ဆုံးအဆင့်မှာကစားနေတဲ့ ရော်နယ်ဒိုကို ဒီလိုကစားသမားဖြစ်လာအောင်

ပျိုးထောင်ပေးခဲ့တဲ့ ခေါင်းကိုင်ဖခင်က ဆာအဲလက်စ်ဖာဂူဆန်ဆိုတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းလို့ အားလုံးက ယူဆကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ သူ့ကို အခုလိုဖြစ်လာမယ့် လမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့သူကတော့ ယူနိုက်တက်လက်ထောက်နည်းပြဟောင်း၊

ပေါ်တူဂီနည်းပြဟောင်းဖြစ်တဲ့ ကားလို့စ်ကွီးရော့ဇ်ပါ။ 

ကားလို့စ်ကွီရော့ဇ် (သို့) ရော်နယ်ဒိုကို ဒီနေ့ခေတ်ကစားသမားဖြစ်လာအောင် ပျိုးထောင်ခဲ့သူ

ရော်နယ်ဒိုရဲ့တိုးတက်ခဲ့မှုအတွက် သိသာတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူတစ်ဦးကတော့ သူ့ကိုလေ့ကျင့်ပေးခဲ့တဲ့ ကားလို့စ်ကွီးရော့ဇ်ပါ။ ဖာဂူဆန်နဲ့အတူ ကွီးရော့ဇ်က ရော်နယ်ဒိုကို ကူညီပေးခဲ့သူဖြစ်ပါတယ်။ ဖာဂူဆန်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ ရော်နယ်ဒိုရဲ့အကြောင်းကို

အတွင်းကျကျဖော်ပြထားမှုအခန်းတစ်ခန်းပါရှိခဲ့ပါတယ်။ စပို့တင်းကနေ ရော်နယ်ဒိုကိုခေါ်ယူခဲ့မှုကစပြီး အစောပိုင်းကာလတွေနဲ့ စိတ်ဝင်စားဖွယ်ဖြစ်ရပ်တွေကို ဖာဂူဆန်က စာဖတ်သူတွေကို ခံစားစေခဲ့ပါတယ်။ ရော်နယ်ဒိုကို ဖာဂူဆန်စိတ်ဝင်စားလာအောင် အစပျိုးပေးခဲ့သူက ကွီးရော့ဇ်

ဖြစ်တယ်ဆိုတာကို စာအုပ်ထဲမှာ အခုလိုမျိုး ဖာဂူဆန်က ပြောပါတယ်။ "၂၀၀၂ မှာ ကွီးရော့ဇ်က ကျွန်တော်တို့နဲ့ပူးပေါင်းခဲ့ပြီး စပို့တင်းမှာ လူငယ်တစ်ဦးရှိပြီး သူ့ကိုစောင့်ကြည့်ဖို့လိုအပ်တယ်လို့ ပြောပါတယ်၊ ကျွန်တော်တို့ သူ့အတွက် ချက်ချင်းပဲလှုပ်ရှားဖို့ ကားလို့စ်က တိုက်တွန်းခဲ့ပြီး

အဲဒီချာတိတ်က စပါယ်ရှယ်ပဲလို့ သူပြောခဲ့တာပါ" လို့ ဖာဂူဆန်က ရေးသားခဲ့ပါတယ်။ ကွီရော့ဇ်ရဲ့တိုက်တွန်းခွင့်ပြုချက်တွေက ရော်နယ်ဒိုကို အိုးထရက်ဖို့ဒ်ဆီအမြန်ဆုံးရောက်လာဖို့ဖြစ်ခဲ့တာပါ။ စပို့တင်းနဲ့ ယူနိုက်တက်တို့ခြေစမ်းပွဲအပြီးမှာတော့ ရော်နယ်ဒိုတစ်ယောက် အင်္ဂလန်မြေကိုရောက်လာခဲ့ပါတယ်။ 

တောင်ပံကစားသမားကနေ ဗဟိုတိုက်စစ်မှူးအဖြစ်ပြောင်းလဲခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဆင့်ကဲဖြစ်စဉ်

ကစားသမားဘဝအစမှာ ရော်နယ်ဒိုက ဘယ်တောင်ပံကစားသမားအဖြစ်ကစားခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာမှ တိုက်စစ်မှူးအသွင်ပြောင်းခဲ့ပြီး မက်ဆီနဲ့ သွင်းဂိုးတွေအပြိုင်ရေတွက်ရတဲ့အဆင့်ကိုရောက်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်အစောပိုင်းက ပေါ်တူဂီမှာကင်းထောက်အဖြစ်တာဝန်ယူနေတဲ့ ယူနို်က်တက်ကင်းထောက် ဂျင်မ်ရိုင်ယန်က

"ကျွန်တော်ကစားသမားတစ်ဦးတွေ့ထားတယ်၊ တောင်ပံကစားသမားလို့ထင်တယ်၊ ဒါပေမယ့် သူက လူငယ်အသင်းမှာ တိုက်စစ်မှူးနေရာလည်းကစားနေတယ်၊ အကြာကြီး ကျွန်တော်မစောင့်နိုင်တော့ဘူး၊ သူ့အသက် ၁၇ နှစ်ဆိုရင် တယောက်ယောက်က အလောင်းအစားလုပ်ပြီး ခေါ်သွားလိမ့်မယ်" လို့ ပြောခဲ့ကြောင်း ဖာဂူဆန်က ဆိုပါတယ်။

နောက်ဆုံးတော့ ဖာဂူဆန်က ရော်နယ်ဒိုကိုခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးအပြီးသတ်လုပ်ငန်းစဉ်ကို ကွီးရော့ဇ်ရဲ့ ပေါ်တူဂီက နေအိမ်တိုက်ခန်းမှာ အဆုံးသတ်ခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ ဖာဂူဆန်တို့ကြားမှာ ကွီးရော့ဇ်က ပေါင်းကူးတံတားလိုရှိနေခဲ့ပြီး သူ့ရဲ့ကြားထဲက ပြောင်မြောက်တဲ့ဆက်သွယ်မှုတွေကြောင့် ဒီလိုအဆင့်ထိကို ရော်နယ်ဒို

ရောက်ရှိခဲ့တာဆိုရင်လည်း မမှားပါဘူး။ အင်္ဂလန်မှာ မလည်မဝယ်ဖြစ်နေသေးတဲ့ ရော်နယ်ဒိုအတွက် ကွီးရော့ဇ်က အားကိုးအားထားပြုရာဖြစ်ခဲ့ရပြီး ဖာဂူဆန်က သူ့ရဲ့ဖခင်လိုဆိုရင် ကွီးရော့ဇ်ကလည်း ဒုတိယဖခင်လို့တောင်ဆိုရပါလိမ့်မယ်။ ၂၀၀၉ မှာ ရော်နယ်ဒိုက ရီးရဲလ်ကို ပေါင်သန်း ၈ဝနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး သူ့နေရာအတွက် ယူနို်က်တက်အစားမထိုးနိုင်ခဲ့ပါဘူး။ အက်ရှ်လေယန်းလိုကစားသမားတွေ ဝင်ရောက်လာခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ကဏ္ဍကိုမဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ 

ကာလရှည်ဆက်ဆံရေးကောင်းခဲ့တဲ့ ရော်နယ်ဒိုနဲ့ ကွီးရော့ဇ်တို့ရဲ့ ဆက်ဆံရေးက ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အက်ကြောင်းတွေထင်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကွီးရော့ဇ်က ယူနိုက်တက်လက်ထောက်နည်းပြကနေနုတ်ထွက်ပြီး ပေါ်တူဂီလက်ရွေးစင်အသင်းကို ကိုင်တွယ်နေပါပြီ။ ၁၆ သင်းအဆင့်မှာ ပေါ်တူဂီက စပိန်ကိုအရေးနိမ့်ထွက်ခွာခဲ့ရပြီး အဲဒီပွဲမှာရော်နယ်ဒိုက အလွတ်တည်ကန်ဘောအများအပြားကို ဖြုန်းတီးပစ်ခဲ့သလို အခွင့်အရေးကောင်းတွေကိုလည်း ဆုံးရှုံးခဲ့ပါတယ်။ ဒေးဗစ်ဗီလာရဲ့

ဂိုးနဲ့ စပိန်ကအနိုင်ရခဲ့ပြီး ပွဲအပြီးမှာတော့ ရော်နယ်ဒိုကို ပေါ်တူဂီဘာလို့အရေးနိမ့်တာလဲမေးမြန်းခဲ့ရာမှာ "ကွီးရော့ဇ်ကို သွားမေး" လို့ ရိုးရိုးရှင်းရှင်းပြန်ပြောပြီး နည်းပြရဲ့စွမ်းဆောင်ရည်ညံ့ဖျင်းကြောင်းကို အရိပ်အမြွက်ပြောသွားခဲ့ပါတယ်။ အဆုံးသတ်မှာတော့ ကွီးရော့ဇ်လည်း ပေါ်တူဂီကနေ ထုတ်ပယ်ခံခဲ့ရပါတော့တယ်။ အမြင်အမျိုးမျိုးရှိနေပေမယ့် ရော်နယ်ဒိုရဲ့ တိုးတက်ခဲ့မှုတွေမှာ ကွီးရော့ဇ်က အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာက ငြင်းမရပါဘူး။ ဖာဂူဆန်ကိုယ်တိုင်က သူ့စာအုပ်ထဲမှာ ရော်နယ်ဒိုကို

ကွီးရော့ဇ်ညွှန်ကြားလေ့ကျင့်နေပုံကို ဖော်ပြခဲ့ပြီး ဓာတ်ပုံအောက်မှာ "ရော်နယ်ဒိုက စံပြကျောင်းသားတစ်ဦးပဲ၊ ကားလို့စ်ကွီးရော့ဇ်က သူ့ရဲ့တိုးတက်မှုမှာ အဓိကအခန်းနေရာကနေ ပါဝင်ခဲ့တယ်" ဆိုတဲ့ caption ကို ရေးထားခဲ့ပါတယ်။ 

၂၀၀၆ ခုနှစ်အတွင်းမှာ နစ္စတယ်ရွိုင်းနဲ့ ရော်နယ်ဒိုတို့ လေ့ကျင့်ရေးကွင်းမှာ ပြသနာတက်ခဲ့ကြတော့ နစ္စတယ်ရွိုင်းက လူငယ်ကစားသမားသာရှိသေးတဲ့ ရော်နယ်ဒိုကို "မင်းဘာလုပ်ချင်လဲ၊ မင်း အဖေကိုသွားတိုင်မလို့လား?" လို့ ပြောဆိုခဲ့ပါတယ်။ အဲဒါက ကွီးရော့ဇ်ကို ရည်ရွယ်ခဲ့ပြီး အသင်းဖော်တွေကိုယ်တိုင် သူတို့နှစ်ဦးကြားဆက်ဆံရေးထူးခြားမှုကို သိနေခဲ့ကြတာ ပေါ်လွင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ရော်နယ်ဒိုက ဖခင်ဆုံးရှုံးထားသူဖြစ်ပြီး နစ္စတယ်ရွိုင်းတစ်ယောက် ယူနိုက်တက်ကနေ

ထွက်ခွာခဲ့ရမှုမှာ ရော်နယ်ဒိုက အဓိကဇာတ်လိုက်ဖြစ်ခဲ့ရပါတယ်။ ရော်နယ်ဒိုနဲ့ ကွီးရော့ဇ်တို့ရဲ့ ဆက်ဆံရေးက လူ့ဆက်ဆံရေးရဲ့ပျက်စီးလွယ်တဲ့သဘောကိုလည်းဆောင်နေခဲ့ပါတယ်။ ရော်နယ်ဒိုကို ယူနိုက်တက်ရောက်လာအောင် ကွီးရော့ဇ်က ကူညီပေးခဲ့ပြီး သူ့ရဲ့ခေါင်းကိုင်ဖခင်သဘောကိုဆောင်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ကစားသမားဘဝတိုးတက်လာအောင်လည်း ကွီးရော့ဇ်က ကူညီပေးခဲ့ပြီး ရော်နယ်ဒိုရဲ့ ဘလွန်းဒီအောဆုငါးကြိမ်အထိရယူအောင်မြင်ခဲ့မှုမှာ သူ့ကို လျစ်လျူရှုထားလို့

မရတာတော့အမှန်ပါပဲ။ သူ့အတွက် ကွီးရော့ဇ်သာမရှိခဲ့ဘူးဆိုရင် ရော်နယ်ဒိုဟာ ဒီနေ့ခေတ်မှာ သူဖြစ်တည်နေတဲ့ ကစားသမားဘဝကို ရရှိမှာမဟုတ်ဘူးဆိုတာကတော့ အသေအချာပဲဖြစ်ပါလိမ့်မယ်။

Share

က္က