ဟော်မုန်းဆိုတာ ဂလင်းတွေထဲကနေ သွေးထဲကို ထုတ်လွှတ်လိုက်တဲ့ ဓာတုပစ္စည်းတွေဖြစ်ပြီး ထုတ်လွှတ်မှု များလွန်းတာ ၊ နည်းလွန်းတာတွေဖြစ်တဲ့အခါ ဟော်မုန်းအပြောင်းအလဲတွေနဲ့ မညီမျှခြင်းတွေ ဖြစ်ပေါ်လာပါတယ်။
အမျိုးသမီးတွေဟာ ဟော်မုန်းပြောင်းလဲမှုကို သိသာစွာ ခံစားကြရတဲ့သူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် အပျိုဖော်ဝင်ချိန်နဲ့ သွေးဆုံးခါနီးအချိန်တွေမှာ ဟော်မုန်းတွေပြောင်းလဲကြပါတယ်။ ဒါ့အပြင် ကြားအသက်အရွယ်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ဟော်မုန်းတွေပြောင်းလဲတတ်ပါတယ်။
ဒါပေမယ့် ကိုယ့်ဆီမှာ ဖြစ်ပေါ်နေတဲ့ လက္ခဏာတွေက ဟော်မုန်းပြောင်းလဲနေတာဖြစ်တယ်ဆိုတာကိုတော့ သိထားဖို့ လိုပါတယ်။ ဟော်မုန်းတွေဟာ ပြောင်းလဲတဲ့အပြင် ဟော်မုန်းမညီမျှခြင်းတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။
သင့်ဆီမှာ ဟော်မုန်းပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီဆိုရင် ဒါတွေဖြစ်လာနိုင်ပါတယ်။
(၁) ပင်ပန်းနွမ်းနယ်ခြင်း
(၂) အရေပြားယားယံခြင်း
(၃) ကိုယ်အလေးချိန် တိုးလာခြင်း
(၄) စိတ်ခံစားချက်မကောင်းတော့ခြင်း
ဟော်မုန်းတွေဟာ ကိုယ်ခန္ဒာရဲ့ ဇီဝဖြစ်စဉ်တွေကို ထိန်းညှိတဲ့အချက်တွေထဲမှာ ပါဝင်တာကြောင့် အစားစားချင်စိတ် ၊ အိပ်စက်ခြင်း ၊ မျိုးပွားခြင်း ၊ လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှု ၊ ကိုယ်အပူချိန်နဲ့ စိတ်ခံစားမှုတွေမှာ ဟော်မုန်းရဲ့ ကဏ္ဍဟာ အရေးကြီးပါတယ်။
အပျိုဖော်ဝင်ချိန်နဲ့ သွေးဆုံးခါနီးအရွယ်မဟုတ်တဲ့ ကြားအချိန်တွေမှာလည်း လူနေမှုပုံစံ ၊ ဆေးဝါးမှီဝဲခြင်း ၊ ကိုယ်ဝန်ဆောင်ခြင်းတွေကြောင့်လည်း ဟော်မုန်းအတက်အကျဖြစ်ပြီး မညီမျှမှုတွေဖြစ်နိုင်တာကြောင့် ကိုယ့်ရဲ့ ကျန်းမာသာယာတဲ့ ဘဝကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် ဟော်မုန်းပြောင်းလဲခြင်းနဲ့ မညီမျှမှုတွေကို အချိန်မီသိရှိနိုင်ဖို့ ရောဂါလက္ခဏာတွေကို သတိပြုမိပြီး စစ်ဆေးနိုင်ဖို့နဲ့ ကုသနိုင်ဖို့ လိုပါတယ်။ ဒါမှသာ ပျော်ရွှင်ကျန်းမာတဲ့ဘဝကို ပြန်လည်ရရှိဖို့ ဆေးဝါးတွေ ၊ ဖြည့်စွက်အစားအစာတွေ ၊ လူနေမှုပုံစံပြောင်းလဲခြင်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဟော်မုန်းမညီမျှတဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာ (၁၀)မျိုး
ဓာတ်ပုံ iStock
၁။ စိတ်ခံစားမှုပြောင်းလဲခြင်း- အမျိုးသမီးလိင်ဟော်မုန်းအီစထရိုဂျင်က serotonin အပါအ ၀ င် ဦး နှောက်အတွင်း ရှိ neurotransmitter များကိုအကျိုးသက်ရောက်စေပါတယ်။ အီစရိုဂျင် အတက်အကျပြောင်းခြင်းက စိတ်ဓာတ်ကျခြင်းကိုဖြစ်စေနိုင်ပါတယ်။
၂။ နာကျင်မှုများ- ဝမ်းဗိုက်နာကျင်မှု၊ ဆီးသွားရန်မကြာခဏလိုအပ်ခြင်း၊ နောက်ကျောနာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ လက္ခဏာများဖြစ်ပေါ်ပါက fibroids ဖြစ်နိုင်သည်။ Fibroids သည် သားအိမ်အတွင်း ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ ကင်ဆာမဟုတ်ဘဲ ကြီးထွားလာတာကြောင့် ဖြစ်ပါတယ်။
၃။ လိင်စိတ်လျော့နည်ခြင်း- လိင်ဟော်မုန်းတွေ ပြောင်းလဲခြင်းကြောင့်လည်း ညဘက်ချွေးထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ခြင်းစတာတွေကြောင့်လည်း လိင်စိတ်ကို ထိခိုက်နိုင်ပါတယ်။
၄။ ကောင်းစွာအိပ်မပျော်ခြင်း- သားဥအိမ်များက အိပ်စက်ခြင်းကိုတိုးပွားစေတဲ့ အီစထိုဂျင်နဲ့ ပရိုဂျက်စတုန်း
ကို အနည်းငယ်ပဲ ထုတ်လွှတ်တဲ့အခါ အီစထိုဂျင်ပမာဏကျဆင်းတာကြောင့် ညဘက်ချွေးထွက်တာတွေ ဖြစ်တာကြောင့် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
၅။ ကိုယ်အလေးချိန်တိုးလာခြင်း- ဟော်မုန်းနဲ့ဆက်နွယ်တဲ့ အခြေအနေတွေထဲမှာ ကိုယ်အလေးချိန် နည်းခြင်း ၊ တိုးခြင်း ကိစ္စရပ်များပါဝင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများထုတ်လုပ်မှုနည်းခြင်းက သားဥအိမ်ပေါ်က သေးငယ်တဲ့ အလုံးလေးများဖြစ်စေတဲ့ ကိစ္စရပ်များ ၊ ဝမ်းဗိုက်ပိုင်း ကိုယ်အလေးချိန်တိုးလာခြင်းများဟာ ဟော်မုန်းနဲ့ သက်ဆိုင်နေပါတယ်။
၆။ အရေပြားပြသနာများ- အရွယ်ရောက်သူတွေရဲ့ ဟော်မုန်းမညီမျှခြင်း ပြသနာတွေမှာ ဝက်ခြံ ၊ အရေပြားယားယံခြင်းနဲ့ အရေပြားခြောက်သွေ့ခြင်းတွေပါဝင်ပါတယ်။ဒါဟာ အက်စထရိုဂျင် ၊ ပရိုဂျက်စတုန်း ၊ အန်ဒရိုဂျင်ဟော်မုန်းတွေနဲ့ သိုင်းရွိုက်ပြသနာတွေကြောင့် ဖြစ်နိုင်ပါတယ်။
၇။ မျိုးပွားမှုပြသနာ- ဟော်မုန်းမညီမျှမှုက မျိုးမပွားနိုင်ခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပြီးပြောင်းလဲနေတဲ့ ဟော်မုန်းအဆင့်များနဲ့အတူအမျိုးသမီးတွေဟာ အသက်၃၅နှစ်ကစပြီး မျိုးပွားနိုင်မှုကျဆင်းတာ ဖြစ်ပါတယ်။ follicles လှုံ့ဆော်ဟော်မုန်း (FSH) က အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ရနိုင်မှုကို လျှော့ချနိုင်ပြီး Luteinizing ဟော်မုန်း (LH) နည်းပါးမှုက မျိုးပွားမှုပြသနာတွေ ဖြစ်စေပါတယ်။သွေးစောစောဆုံးခြင်းနဲ့ ကိုယ်ဝန်ဆောင်နိုင်မှုကို သက်ရောက်စေပါတယ်။
၈။ ခေါင်းကိုက်ခြင်း - အမျိုးသမီးတွေဟာ ရာသီလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း ဒါမှမဟုတ် သွေးဆုံးချိန်တို့
မှာလည်း ဟော်မုန်းအပြောင်းအလဲတွေကြောင့် ခေါင်းကိုက်ဝေဒနာခံစားကြရပါတယ်။
၉။ အရိုးအားနည်းခြင်း- အီစရိုဂျင်ပမာဏကျဆင်းခြင်းကလည်း အရိုးတွေကို အားနည်းစေပါတယ်။
၁၀။ မိန်းမကိုယ်ခြောက်သွေ့ခြင်း- အထူးသဖြင့် perimenopause နဲ့ သွေးဆုံးချိန်မှာ မိန်းမကိုယ်ခြောက်သွေ့ခြင်းက အီစထရိုဂျင် ပမာဏကျဆင်းခြင်းကြောင့်ဖြစ်လေ့ရှိပါတယ်။သန္ဓေတားဆေးသောက်ခြင်း (သို့) စိတ်ကျဆေးသောက်ခြင်းတွေက ဟော်မုန်းပမာဏပြောင်းလဲခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။
ဟော်မုန်းမညီမျှမှုကြောင့် ဖြစ်တဲ့ ဝေဒနာတွေလျော့ကျအောင် ဘယ်လိုလုပ်မလဲ
ဟော်မုန်းမညီမျှမှုကြောင့် ခံစားရလတဲ့ လက္ခဏာတွေ သက်သာအောင်လုပ်ဖို့ဆိုရင် ကျန်းမာတဲ့ လူနေမှုပုံစံဖြစ်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို မျှတာအောင် စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်ခြင်း၊ စိတ်ဖိစီးမှုလျှော့ခြင်းတွေ ပြုလုပ်ဖို့ လိုတယ်လို့ အထွေထွေရောဂါအထူကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က Duwun ကနေ အကြံပြုပြောကြားပါတယ်။ တကယ်လို့ ကိုယ်က ကျန်းမာတဲ့ လူနေမှုပုံစံတွေရှိရဲ့နဲ့ ရောဂါလက္ခဏာတွေ လျော့ပါးသွားခြင်းမရှိဘူးဆိုရင် သမားတော်တွေ၊ သားဖွားမီးယပ်အထူးကု၊ စိတ်ပညာရှင်တို့နဲ့ တိုင်ပင်ဖို့ လိုပါလိမ့်မယ်။
ခံစားရတဲ့ ဝေဒနာတွေကို ကုသဖို့ နည်းလမ်းမရှာဘူးဆိုရင် ပတ်ဝန်းကျင်နဲ့အဆင်မပြေဖြစ်ကာ နောက်ဆုံးမှာ စိတ်ကျရောဂါခံစားရတဲ့အထိ ဖြစ်နိုင်ပါတယ်။ စိတ်ကျရောဂါကြောင့် ကိုယ့်ကိုယ်ကိုသတ်သေတဲ့အထိဖြစ်တာမို့ မပေါ့ဆသင့်ဘူးလို့လည်း ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုပါတယ်။ ဒီဝေဒနာတွေကို ကုစားနိုင်မယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာမို့ အမျိုးသမီးတွေအနေဲ့ ဟော်မုန်းမညီမျှတဲ့အခါ ဖြစ်တဲ့ ဝေဒနာတွေကို လျစ်လျူမရှုထားကြဖို့ တိုက်တွန်းလိုက်ပါရစေ