တစ်လတစ်ကြိမ် ရင်သားကင်ဆာ ရှိမရှိ စမ်းသပ်သင့်ပါတယ်။
ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ အဖြစ်အများဆုံးရောဂါဟာ ရင်သားကင်ဆာဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ အသက် (၂၀) ပြည့်တဲ့ အချိန်ကစပြီး ဘဝသက်တမ်းတစ်လျှောက်လုံး တစ်လတစ်ကြိမ် ရင်သားကင်ဆာ ရှိမရှိ စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။ ရင်သားကင်ဆာဟာ စောစောသိပြီး စောစော ကုသမယ်ဆိုရင် ကုသရ လွယ်ကူပါတယ်။ နောက်ကျသွားပြီဆိုရင်တော့ အသက်အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် ရင်သားကင်ဆာရှိမရှိ ဘယ်လိုသိနိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

scitechdaily.com

ဘယ်သူတွေမှာ အဖြစ်များသလဲ 

ရင်သားကင်ဆာဟာ မျိုးရိုးလိုက်ခြင်း ၊ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ပြန့်ပွားခြင်း ၊ အဆီများတဲ့ အစားအစာတွေ စားသုံးခြင်း ၊ ဟော်မုန်းအစားထိုး ကုသမှုခံယူထားခြင်း ၊ အသက် (၄၅) နှစ်မတိုင်ခင် သွေးဆုံးခြင်း ၊ အသက် (၃၀) နောက်ပိုင်းမှ ကလေးမွေးခြင်း စတဲ့ လက္ခဏာရပ်တွေရှိတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ပိုဖြစ်နိုင်ချေများပါတယ်။ 

ဘယ်လိုစစ်ဆေးရမလဲ

ရင်သားကင်ဆာရှိမရှိ ကိုယ့်ဘာသာ အိမ်မှာ စမ်းသပ်စစ်ဆေးနိုင်ပါတယ်။ စစ်ဆေးမှုပုံစံနှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ အမြင်နဲ့ စစ်ဆေးခြင်းဖြစ်ပြီး နောက်တစ်မျိုးကတော့ ကိုင်တွယ်စစ်ဆေးခြင်းပါ။ 

အမြင်ဖြင့် စစ်ဆေးခြင်း 

-အလင်းရောင်ကောင်းကောင်းရသော အခန်းမှာ စမ်းသပ်ဖို့လိုပါတယ်။ 

-မှန်ရှေ့မှာ ရပ်ပြီး ခါးအထက်ပိုင်းက အဝတ်အစားအားလုံးကို ချွတ်လိုက်ပါ။ လက်ကို ဘေးနှစ်ဖက်မှာ ချထားပါ။  

-မှန်တွင်းမှ မိမိရင်သားနှစ်ဖက်ကို သေချာစွာကြည့်ပါ။ ရင်သားနှစ်ခုမှာ မတူညီတာမျိုးရှိတတ်ပါတယ်။ တစ်ဖက်က အောက်ရောက်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ 

- သတိထားရမှာတွေကတော့ ရင်သား အရောင်ပြောင်းလဲနေတာ ၊ ချိုင့်ဝင်နေတာ ၊ ပုံစံပြောင်းနေတာ ၊ အရွယ်အစားပြောင်းလဲတာ ၊ နို့သီးခေါင်းအနေအထားတိမ်းစောင်းတာ ၊ အတွင်းကို ချိုင့်ဝင်နေတာ စတာတွေ ရှိမရှိ စစ်ဆေးပါ။ 

-ခန္ဓာကိုယ်ကို အနည်းငယ်စီ ဘယ်ညာ လှည့်ပြီး ရင်သားတစ်ဖက်စီကို ရှုထောင့်အမျိုးမျိုးက ကြည့်ပါ။

- ပြီးရင်တော့ လက်နှစ်ဖက်စလုံးကို ဦးခေါင်းပေါ် မြှောက်တင်ပြီး ရင်သားအရေပြား မသိမသာ ပြောင်းလဲမှုရှိမရှိ ဆန်းစစ်ပါ။ -ဘယ်လက်ကို မကာ လည်ပင်းကို နောက်ဖက်မှ ကိုင်ထားပါ။ ဘယ်ဖက်ရင်သားအောက်ပိုင်းကို ညာဖက်လက်နဲ့ အပေါ်ကို မပြီး ကြည့်ပါ။

- ညာဖက်ရင်သားကိုလည်း ထိုနည်းအတိုင်း စမ်းသပ်ကြည့်ပါ။ 

-လက်နှစ်ဖက်စလုံးကို ခါးပေါ်တင်းတင်းထောက်ထားပြီး ရင်အုပ်ကြွက်သားတွေ တောင့်တင်းလာတဲ့အခါ ရင်သားအရေပြား မသိမသာ ချိုင့်ဝင်ခြင်း၊ နို့သီးခေါင်း ပြောင်းလဲခြင်းရှိ ၊ မရှိ ရင်သားနှစ်ဖက်စလံုးကို ကြည့်ပါ။ 

-လက်နှစ်ဖက်လုံးကို ရှေ့မှာ ဆန့်တန်းပြီး ခါးကို ကုန်းညွှတ်လိုက်ပါ။ 

-ခန္ဓာကိုယ်ကို ဘေးတိုက်အနေအထားလှည့်ထားပြီး မှန်ထဲက ရင်သားကို ကြည့်ပါ။ 

-ရင်သားနှစ်ခုလုံး ပုံမှန်ဆိုရင် ရင်အုပ်ကနေ ခွာလာပြီး ရှေ့ကို တွဲလောင်း ကျလာပါလိမ့်မယ်။ 

cosmo.ph

လက်ဖြင့် စမ်းသပ်စစ်ဆေးခြင်း 

စမ်းသပ်ရမယ့်နေရာမှာ ရင်သားအပေါ်ဖက် ညှပ်ရိုးမှစကာ ရင်သားအောက်ဖက် (၁) လက်မနေရာအထိ နဲ့ အလယ်တည့်တည့် နံရိုးမှစပြီး ရင်သားဘေးဖက် ရင်ခေါင်းအထိ စမ်းသပ်ပါ။

-ညာဘက်ရင်သားကို ဘယ်ဘက်လက်နဲ့ လည်းကောင်း ၊ ဘယ်ဘက်ရင်သားကို ညာဖက်လက်နဲ့ လည်းကောင်း စမ်းသပ်ပါ။ 

-လက်ညှိုး ၊ လက်ခလယ် နဲ့ လက်သူကြွယ်ကို သာ အသုံးပြုပါ။ လက်မကို အသုံးမပြုပါနဲ့ ။ 

-လက်ချောင်း သုံးချောင်းကို ဆန့်တန်းပြီး လက်ဖဝါးကို အနည်းငယ်ကွေးလိုက်ပါ။ 

-လက်ချောင်းသုံးချောင်းကို စုထားပြီး လက်ချောင်းအဖျားပိုင်းရှိ အတွင်းဖက်အသားနဲ့ စမ်းသပ်ပါ။ လက်ဖျားထိပ်ဖြင့် မစမ်းသပ်ပါနဲ့။ 

-လက်ချောင်းသံုးချောင်းကို စက်ဝိုင်းငယ်လေးများပုံစံ ဝိုင်းပြီး စမ်းသပ်ပါ။ 

-ရင်သားကို နို့သီးခေါင်းနေရာမှ စကာ ရင်သားတစ်ခုလုံးနေရာလပ်မကျန်အောင် ခရုဗွေပုံ ဝိုင်းကာ စမ်းသပ်ပါ။ 

-လက်ချောင်းသုံးချောင်းနဲ့ လိုအပ်တဲ့ဖိအားနဲ့ ဖြေးဖြေးချင်း ပိုတိုးဖိကာ ညင်သာစွာ စမ်းသပ်ပါ။ 

-နို့သီးခေါင်းတစ်ဖက်စီကုိ ညင်သာစွာ ညှစ်ကြည့်ပါ။ 

-သွေးထွက်ခြင်း ၊ အရည်ကြည်ထွက်ခြင်းရှိ၊ မရှိ စစ်ဆေးပါ။ 

-ညာဖက်ချိုင်းကို ဘယ်ဘက်လက်ဖြင့်လည်းကောင်း ၊ ဘယ်ဘက်ချိုင်းကို ညာဖက်လက်ဖြင့်လည်းကောင်း ချိုင်းအလယ်တည့်တည့်ကို လက်ချောင်းသုံးချောင်းနဲ့ နေရာအနှံ့စမ်းသပ်ပါ။ ပုံမှန်မဟုတ်သော အလုံးအကျိတ် ရှိမရှိ စမ်းသပ်ပါ။ 

အကောင်းဆုံး စမ်းသပ်ချိန်ကတော့ ရာသီပေါ်တဲ့နေ့ကစပြီး တစ်ပတ်အကြာမှာ ဖြစ်ပါတယ်။ 

စမ်းသပ်စစ်ဆေးရာမှာ ပုံမှန်အနေအထားအတိုင်း မရှိဘဲ ဖော်ပြထားတဲ့ မသင်္ကာစရာ အနေအထားတွေ တွေ့ခဲ့ရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေကို အမြန်ဆုံးတိုင်ပင်ပြသဖို့ လိုအပ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အနေအထားတွေကို တွေ့ရှိချိန်မှာ ကိုယ့်ဘာသာကိုယ် ဆေးမြှီးတိုနဲ့ ကုသခြင်းမျိုးကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ စောစောသိလေ စောစော ကုသနိုင်လေ အန္တရာယ်ကင်းလေဖြစ်တဲ့ အတွက် အမျိုးသမီးတိုင်း တစ်လတစ်ကြိမ် ကိုယ့်ရင်သားကို ပုံမှန်စစ်ဆေးကြဖို့ တိုက်တွန်းပါရစေ။ 

အမျိုးသမီးတိုင်း ရင်သားကင်ဆာရောဂါဘေး ကင်းဝေးကြပါစေ။ 

(ရင်သားကင်ဆာစစ်ဆေးနည်းတွေကို ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းက ပံ့ပိုးကူညီထားပါသည်။)

Share

Loading Next Article...
က္က