အိမ်မှာပဲ သီချင်းဆိုတာမျိုးနဲ့ အနားယူလို့ရပေမယ့် ကိုယ်က ကာရာအိုကေဆိုင်မှာပဲ ဆိုတတ်တယ်လို့ ဦးနှောက်က မှတ်သားထားတဲ့အခါ အခြားနည်းလမ်းတွေက ကိုယ့်အတွက် ပျော်စရာ မဖြစ်နိုင်တော့ပါဘူး။

စိတ်ပင်ပန်းဖိစီးမှုတွေ ဖြစ်လာတဲ့အခါ တစ်ချို့ကတော့ သူငယ်ချင်းတွေနဲ့စကားပြောလိုက်ရမှ၊ တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရမှ၊ တစ်ချို့ကျပြန်တော့လည်း ခရီးသွားလိုက်ရမှ၊ ကာရာအိုကေ သွားဆိုလိုက်ရမှ ဆိုတာမျိုးတွေ ရှိတတ်ပါတယ်။

Photo: The Conversation

ဒါကြောင့် စိတ်ပင်ပန်းလာတိုင်း ဖြေဖျောက်ဖို့ ကြိုးစားတဲ့အခါ ကိုယ် အမြဲလုပ်နေကျ အရာတွေပဲ လုပ်တတ်ကြပါတယ်။  ဒါပေမယ့် စိတ်ဖိစီးတိုင်း ကိုယ် အမြဲလုပ်နေကျအရာတွေကို တစ်ခါတစ်လေမှာ လုပ်ခွင့်မရနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလိုလုပ်ခွင့်မရတဲ့အခါ စိတ်ပင်ပန်းဖိစီးမှုကို ပိုတိုးစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုနဲ့ ပတ်သက်တဲ့ကုထုံးတွေကို ကျင့်သားရအောင် အစကတည်းက ကြိုတင်လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ 

Photo: News24

စိတ်ပျော်စေမယ့်အရာတွေ များများရှာဖွေထားပါ 

အတတ်ပညာဆိုတာ များများတတ်လေကောင်းလေပါပဲ။ တစ်ခုအလုပ်မဖြစ်ရင် တစ်ခုထုတ်သုံးလို့ ရပါတယ်။  အခုလည်း အဲဒီလိုသဘောမျိုးပါပဲ။ ကိုယ့်အတွက် နည်းနည်းလေးစိတ်ချမ်းသာစေတယ်လို့ထင်ရတဲ့ အလေ့အကျင့်လေးတွေ များများ ရှိနေတယ်ဆိုရင်  စိတ်ညစ်လာတဲ့အခါ ပျော်ရွှင်အောင်လုပ်ဖို့ ရွေးချယ်စရာ နည်းလမ်းတွေ များနေမှာဖြစ်ပါတယ်။ နည်းလမ်းတစ်ခုအဆင်မပြေရင် အခြားနည်းလမ်းတစ်ခု ပြောင်းပြီးလုပ်လို့ ရပါတယ်။  ဥပမာ - အရင်က  စိတ်အနားယူဖို့ အပန်းဖြေချင်တယ်ဆို ခရီးတွေထွက်ကြတယ် ၊ သူငယ်ချင်းတွေနဲ့ ကာရာအိုကေ သွားဆိုကြတယ် ။ အဲဒါလုပ်ရင် စိတ်ချမ်းသာစေတယ်ဆိုပြီး ခဏခဏလည်းလုပ်ဖြစ်ကြတဲ့သူတွေ ရှိပါတယ်။  ဒါပေမယ့်အခုလို ကိုဗစ်ကာလ ၊ မတည်မငြိမ်ဖြစ်နေတဲ့ကာလတွေမှာတော့ အဲဒီ နည်းလမ်းတွေလုပ်ဖို့ အဆင်မပြေတော့ပါဘူး။ ကိုယ်တိုင်ကလည်း တခြားနည်းလမ်းတွေကို အကျင့်မလုပ်ထားတဲ့အခါ စိတ်ပင်ပန်းသက်သာစေဖို့ ဘာထပ်လုပ်ရမှန်း မသိတော့ဘူးဖြစ်သွားတတ်ပါတယ်။ အိမ်မှာပဲ သီချင်းဆိုတာမျိုးနဲ့ အနားယူလို့ရပေမယ့် ကိုယ်က ကာရာအိုကေဆိုင်မှာပဲ ဆိုတတ်တယ်လို့ ဦးနှောက်က မှတ်သားထားတဲ့အခါ အခြားနည်းလမ်းတွေက ကိုယ့်အတွက် ပျော်စရာ မဖြစ်နိုင်တော့ပါဘူး။  ဒါကြောင့် အစကတည်းက စိတ်သက်သာစေမယ့် နည်းလမ်းတွေကို များများစဥ်းစားထားပါ။ အလေ့အကျင့်လုပ်ထားပါ။ မိမိလုပ်နေကျ နည်းလမ်းအဆင်မပြေပါကလည်း  အခြားနည်းလမ်းတွေကိုအသုံးပြုပြီး  ကိုယ့် ရဲ့ စိတ်ပင်ပန်းမှုကို သက်သာအောင် ဖြေဖျောက်နိုင်ပါတယ်။ 

Photo: WHO

ကောင်းမွန်တဲ့ဆက်ဆံရေးတွေ တည်ဆောက်ထားပါ

စိတ်ညစ်စရာရှိတဲ့အခါ ရင်ဖွင့်ဖို့ ကိုယ့်ကို နားထောင်ပေးတတ်တဲ့ သူငယ်ချင်းမျိုး၊ နားလည်ပေးတဲ့သူငယ်ချင်းမျိုး ရှိထားသင့်ပါတယ်။ နားလည်ပေးတတ်တဲ့ သူငယ်ချင်းဆီမှာ ရင်ဖွင့်ပြောဆိုမှသာ စိတ်နည်းနည်းသက်သာရာ ရတတ်မှာ အသေအချာပါပဲ။ ဒါပေမယ့် ကိုယ်ရင်ဖွင့်ပြောတဲ့သူက ကိုယ့်ကို ပြစ်တင် ကဲ့ရဲ့ တတ်တဲ့သူ ဖြစ်နေတယ်ဆိုရင်တော့ ရင်ဖွင့်လည်း ဘာမှ မထူးဘူးဆိုတဲ့ ခံစားချက်ရနိုင်ပါတယ်။ ကိုယ်က အစကတည်းက တစ်ခြားသူတွေနဲ့  ကောင်းမွန်တဲ့ ဆက်ဆံရေးတွေမရှိခဲ့ရင်  စိတ်ညစ်စရာရှိလာတဲ့အခါ ရင်ဖွင့်နားထောင်ပေးမယ့် သူငယ်ချင်းတွေ ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်  အစကတည်းက ကောင်းမွန်တဲ့အရင်း အမြစ်လေးတွေ ကြိုတင်စုဆောင်းထားပါ။ လူတိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံ‌ရေး လေးတွေ ဖြစ်ထားဖို့ လိုအပ်ပါတယ်။ 

Photo: NetDoctor

မိမိကိုယ်ကို ဂရုစိုက်တတ်တဲ့အလေ့အကျင့်လုပ်ပါ

မိမိကိုယ်ကို ဂရုစိုက် စောင့်ရှောက်တတ်တဲ့အကျင့်ကို အရင်ကတည်းက လုပ်ထားမယ်ဆိုရင် ကြီးကြီးမားမား ပြောင်းလဲစရာမလိုပါဘူး။  ကိုယ့်အတွက် ကောင်းတဲ့ အလေ့အကျင့်တွေကို အစကတည်း မစုစည်းထားဘူးဆိုရင် ဦးနှောက်ကလည်း အလုပ်မလုပ်နိုင်ပါဘူး။ ဥပမာ ကိုယ်က အစကတည်းက သီချင်းမဆိုတဲ့အခါ သီချင်းဆိုခြင်းက ဘယ်အတိုင်းအတာအထိ စိတ်ကိုပျော်ရွှင်ရစေတယ်ဆိုတာ ဦးနှောက် ကသိမနေပါဘူး။ ကိုယ့်ဦးနှောက်က မသိတဲ့အခါမှာ လုပ်ချင်စိတ်လည်း ရှိမှာမဟုတ်ပါဘူး။ ဦးနှောက်က ကွန်ပျူတာလို ဖုန်းတွေလိုပါပဲ။ ကိုယ်သုံးချင်တဲ့ ဆော့ဝဲလ်၊ အက်ပလီကေးရှင်း ကို နဂိုကတည်းက ထည့်ထားမှ လိုတဲ့အခါ ထုတ်သုံးရလွယ်ကူတာပါ။ ကိုယ်နဲ့ ရင်းနှီးပြီးသားဖြစ်နေမှသာ ထုတ်သုံးရလွယ်ကူတာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်အတွက် အကျိုးရှိစေမယ့်အရာတွေ၊  အ‌ရေးကြီးတာတွေကို  ဦးနှောက်ထဲသို့ အစတည်းက ထည့်သွင်းထားဖို့ လိုပါတယ်။အဲဒီလို ထည့်ထားမှ ကိုယ်လိုချင်တဲ့ အချိန်သုံးလို့ ရမှာ ဖြစ်ပါတယ်။  

Photo: VeryWell Mind

စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိဖို့ အချိန်မှန် အိပ်၊စားပါ

စိတ်ပင်ပန်းမှု သက်သာစေဖို့ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ ၊  ချစ်ခင်ရသူတွေနဲ့ စကားပြောတာ အဲဒါတွေအပြင် အခြေခံအကျဆုံး၊ အရေးကြီးဆုံး အရာတွေ လုပ်ဖို့ လိုအပ်ပါတယ်။ အဲဒါကတော့ အချိန်မှန် အိပ်/စားဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ပဲ စိတ်ဖိစီးမှုတွေ ဖြစ်ဖြစ် အချိန်မှန်စားရမယ်၊ အချိန်မှန်အိပ်ရပါမယ်။ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း စားချင်စိတ်မရှိလည်း စားဖို့ လိုပါမယ်။ အိပ်ပျော်အောင် အိပ်ဖို့ ကြိုးစားရပါမယ်။  အဲဒီတော့မှ စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိမှာပါ။ စားချိန်တန်မစားနိုင်တာ အိပ်ချိန်တန် မအိပ်တဲ့အခါ စိတ်ဖိစီးမှုကို ပိုဖြစ်စေတဲ့အရာတွေ တွေးမိတာ၊ လုပ်မိတာတွေ ဖြစ်တတ်တဲ့အပြင်  နောက်ဆက်တွဲ ရောဂါတွေပါ ဝင်လာတတ်ပါတယ်။ ဒါကြောင့် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားတာ အိပ်တာကို ပုံမှန် လုပ်နေဖို့ လိုအပ်ပါတယ်။ စိတ်ချမ်းသာဖို့အတွက်ကတော့  နည်းလမ်းတွေများစွာရှိတဲ့အထဲကမှ ကိုယ့်အတွက် အဆင်ပြေတာ လုပ်လို့ ရနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်ကိုကိုယ်ချစ်ပါ။ ဂရုစိုက်ပါ။ 

သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့  L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။



Share

Loading Next Article...
က္က