ကိုယ့်မကောင်းကြောင်းကို လိုက်ပြောနေတဲ့သူတွေကို မိန်းကလေးတွေတိုင်း ကြုံဖူးကြမှာပါ။ ကိုယ့်ရဲ့ မကောင်းကြောင်းတွေကို လူတကာလျှောက်ပြောနေတဲ့သူကြောင့် စိတ်တိုဒေါသထွက်နေရတာလား။ ဒီလူကို ဘယ်လို တုံ့ပြန်ရမလဲဆိုပြီး တနုံ့နုံ့နဲ့ ခံစားနေရတဲ့သူတွေ၊ ဒီမကောင်းသတင်းတွေဟာ လုံးဝမဟုတ်ပါဘူးလို့ ဖြေရှင်းချင်နေတဲ့သူတွေအတွက် အထိရောက်ဆုံးဖြစ်မယ့် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။
rickthomas.net
၁။မကောင်းသတင်းတွေအပေါ် အာရုံစိုက်မနေပါနဲ့
ကိုယ့်ရဲ့ မကောင်းသတင်းတွေ ပျံ့နှံ့နေတဲ့အပေါ် အာရုံစိုက်မိသွားတာနဲ့ လုပ်လက်စအလုပ်တွေကို မလုပ်နိုင်တော့ဘဲ ဖြစ်နေပါလိမ့်မယ်။ ဒီလူကို ဘယ်လိုတုံ့ပြန်ပြောဆိုရမလဲဆိုတာကိုသာ တွေးနေမိမှာဖြစ်တဲ့အတွက် လုပ်ရမယ့်အလုပ်တွေနှောင့်နှေးသွားပါလိမ့်မယ်။ ကိုယ့်ရဲ့ မကောင်းသတင်းတွေ ဖြန့်နေတဲ့သူကို သွားပြီး ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ သွားမပေးမိပါစေနဲ့။ မကောင်းသတင်းဖြန့်နေသူကို အာရုံမစိုက်ဘဲ ဉပေက္ခာပြုနိုင်တဲ့အခါ သူတို့စိတ်ထဲမှာ ပိုပြီး ကလိကလိဖြစ်သွားစေပါတယ်။
၂။ ကိုယ့်တန်ဖိုးကိုယ်သိပါ
ကိုယ်ဟာ ဘယ်လိုလူလဲဆိုတာ သိရင်၊ ကိုယ့်ကိုယ့်ကိုယ် ချစ်ရင် ၊ ကိုယ့်တန်ဖိုးကို နားလည်ရင် ဒီလို မဟုတ်တမ်းတရား ပြောဆိုနေတာတွေအတွက် ဂရုစိုက်စရာကို မလိုတော့တာပါပဲ။ ကိုယ့်မကောင်းသတင်းတွေ ပြန်ကြားတဲ့ အခါ ခဏတော့ စိတ်တို ဒေါသထွက်သွားနိုင်ပေမယ့် ကိုယ် ဘယ်လိုလူလဲ ဆိုတာကို သေချာပြန်စဉ်းစားလိုက်မယ်ဆိုရင်၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို သတင်းဆိုးထွက်တာတွေအတွက် မှုနေစရာကို မလိုတော့ပါဘူး။
၃။ကိုယ့်ရဲ့ အောင်မြင်မှုကို လူသိအောင်လုပ်လိုက်ပါ
ဒီလို မကောင်းသတင်းတွေပျံ့နှံ့နေတာကို ဖြေရှင်းဖို့ထက် ကိုယ့်ရဲ့ အောင်မြင်မှုကို လူသိအောင် လုပ်လိုက်ပါ။ ကိုယ့်ရဲ့ တစ်နေ့တာကို သူတပါးက မကောင်းသတင်းဖြန့်လိုက်တဲ့ အပေါ် အာရုံသွားစိုက်မိပြီး ကိုယ့်ရဲ့ စိတ်ခံစားမှုတွေ၊ အင်အားတွေ ကုန်ခမ်းသွားအောင် မလုပ်လိုက်ပါနဲ့။ အဲဒီအစား မကောင်းသတင်းထက် ကိုယ့်ရဲ့ ကောင်းသတင်းကို လူစိတ်ဝင်စားအောင် လုပ်ပြလိုက်ပါ။ သူတို့က မကောင်းပြောလေလေ ကိုယ်က ပိုထက်မြက်လေလေ ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် လုပ်ပြဖို့ ဒီချိန်က အသင့်တော်ဆုံးပါပဲ။ ကိုယ့်ရဲ့ အောင်မြင်မှုတွေ ပြန့်နှံ့နေတာက ကိုယ့်မကောင်းကြောင်း ပြောသူတွေကို မခံချိမခံသာဖြစ်စေပါတယ်။
psychologytoday.com
၄။မျက်နှာချင်းဆိုင်မေးခွန်းထုတ်လိုက်ပါ
ကိုယ့်ရဲ့ မကောင်းသတင်းကို ဖြန့်တာ ဘယ်သူလဲဆိုတဲ့ မေးခွန်းကို ပြတ်ပြတ်သားသားမေးလိုက်ပါ။ ဒီလိုမေးလိုက်ရင် ပြန်မဖြေနိုင်သူ၊ အိုးတိုးအမ်းတမ်းဖြစ်သွားတာမျိုး ဖြစ်နိုင်သလို ပြောတဲ့သူဆီ တိုက်ရိုက်လက်ညှိုးထိုး ပြောပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ မကောင်းကြောင်း ပြောသူကလည်း မသေချာမရေရာတဲ့ စကားတွေ ပြောတာမျိုး ဒါမှမဟုတ် ရန်စကားပြောတာမျိုးတွေ တုံ့ပြန်လာနိုင်တဲ့အတွက် ဆက်ဆံရေးပြတ်တောက်လို့မရတဲ့ အခြေအနေမျိုးမှာဆိုရင် ဘာ့ကြောင့် ဒီလို မကောင်းသတင်းလွှင့်တာလဲ ဆိုတဲ့ မေးခွန်းကို အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပြောနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။
ဒီအချက်လေးချက်ကတော့ ကိုယ့်ရဲ့ မကောင်းသတင်းလွှင့်နေတဲ့သူတွေကို နေမထိထိုင်မသာဖြစ်သွားအောင် တုံ့ပြန်နိုင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။ မဒီတို့လည်း ကိုယ့်ရဲ့ မကောင်းသတင်းလွှင့်နေတဲ့သူတွေနဲ့ ကြုံလာတဲ့အခါ ဒီအချက်လေးတွေကို အသုံးပြုကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။
Reff;Daretoachieve.com