အူလမ်းကြောင်းမှာ သန်ကောင်တွေများလာတဲ့အခါ အခါ ဝမ်းကိုက်ခြင်းကိုလည်းခံစားရနိုင်ပြီး ဝမ်းသွားတဲ့အခါ သွေးနဲ့ ချွဲတွေ ပါလာတတ်ပါတယ်။

အူလမ်းကြောင်းမှာ ကပ်တွယ်နေတတ်တဲ့ သန်ကောင်တွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များပေမယ့် ဝမ်းဗိုက်မှာရှိနေတတ်တာကို လူတွေက မေ့မေ့လျော့လျော့ ဖြစ်နေတတ်ကြပါတယ်။ဒါကြောင့် ပုံမှန် သန်ချဖို့ကို မေ့လျော့နေတတ်ကြပြီး ဝေဒနာတွေ ခံစားလာရမှသာ သန်ချဖို့ သိကြပါတယ်။တစ်ချို့သူတွေမှာတော့ သန်ကောင်တွေဟာ ဘာလက္ခဏာမှမပြဘဲ နှစ်ပေါင်းများစွာ ကပ်တွယ်နေတာကြောင့် သန်မချဘဲ နေသူတွေရှိပါတယ်။ 

Photo: Times Food

သန်ကောင်တွေရှိနေခြင်းရဲ့ လက္ခဏာများ

-ဝမ်းဗိုက်နာကျင်ခြင်း (ဝမ်းဗိုက်အောက်ပိုင်း)

-ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း 

-ဝမ်းဗိုက်ဖောင်းခြင်း

-ပင်ပန်းနွမ်းနယ်ခြင်း

-ကိုယ်အလေးချိန်ကျဆင်းခြင်း (သို့မဟုတ်) မဖွံ့ဖြိုးခြင်း

အူလမ်းကြောင်းမှာ သန်ကောင်တွေများလာတဲ့အခါ အခါ ဝမ်းကိုက်ခြင်းကိုလည်းခံစားရနိုင်ပြီး ဝမ်းသွားတဲ့အခါ သွေးနဲ့ ချွဲတွေ ပါလာတတ်ပါတယ်။ ဒါ့အပြင် စအိုတစ်ဝိုက် ယားယံတာတွေ ၊ အဖုတွေ ဖြစ်လာတာတွေလည်း ရှိတတ်ပါတယ်။ တစ်ခါတစ်ရံ မစင်ထဲမှာ သန်ကောင်တွေ ပါလာတတ်ပါတယ်။

သန်ကောင်တွေ ဗိုက်ထဲ ဘယ်လိုရောက်လာလဲဆိုရင် အမဲသား ၊ ဝက်သား ၊ ငါးတွေမှာ သန်ကောင်ဥတွေ ပါလာတာမျိုး ၊ အသီးအရွက်နဲ့ အသားငါးတွေကို ရောထွေးထားတာမျိုးကနေ စားသုံးမိပြီး ဝမ်းဗိုက်ထဲကို သန်ကောင်ဥတွေ ဝင်ရောက်လာပြီးနောက် အူလမ်းကြောင်းထဲမှာ ပေါက်ဖွားကြတာမျိုးပါ။

Photo: Hayat News

သန်ကောင်ရှိရခြင်း အကြောင်းရင်းများ

- သောက်သုံးရေထဲကတစ်ဆင့် ဝင်ရောက်ခြင်း

- မြေကြီးများ ကိုင်တွယ်ခြင်း

- မစင်နှင့်ထိတွေ့မှု ရှိခြင်း

- လက်သန့်ရှင်းမှုအားနည်းခြင်း

- တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင် လူထုရဲ့ ၁၀ရာခိုင်နှုန်းဟာ အူလမ်းကြောင်းမှာ သန်ကောင်တွေ ရှိနေတတ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ရေမသန့်ရှင်းခြင်းနဲ့ သန့်ရှင်းမှုအားနည်းခြင်းကြောင့် ဖြစ်ပြီး အလွန်အန္တရာယ်များတယ်လို့ ဆိုပါတယ်။

သန်ချခြင်းကို ဆေးပညာရှင်တွေရဲ့ အဆိုအရ အသက်နှစ်နှစ်အရွယ်ကစပြီး တစ်နှစ်ကို နှစ်ကြိမ် (သို့မဟုတ်) ခြောက်လ တစ်ကြိမ်ပြုလုပ်သင့်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း တစ်နှစ်ကို တစ်ကြိမ် သန်ချဖို့ကိုတောင် သတိမမူမိဘဲ နေတတ်ကြပါတယ်။ဒါကြောင့် အခုဖော်ပြခဲ့တဲ့ ရောဂါလက္ခဏာတွေ ခံစားရတဲ့အခါ ဒါမှမဟုတ် သန်မချတာ တစ်နှစ်လောက်ရှိပြီဆိုရင်တော့ သန်ချဖို့ စဉ်းစားသင့်ပါပြီ။

တကယ်လို့ သန်ချမယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန် ဒါမှမဟုတ် ဆေးဆိုင်က တာဝန်ရှိသူကို သန်ချမယ့်သူရဲ့ အသက်အရွယ်ပေါ်ကို လိုက်ပြီး သင့်တော်တဲ့ သန်ချဆေးကို ဝယ်ယူဖို့ နဲ့ ဘယ်လိုသောက်သုံးရမလဲဆိုတာ တိုင်ပင်သင့်ပါတယ်။

ဝမ်းဗိုက်အတွင်း သန်ကောင်တွေ ကပ်တွယ်တာကို ကာကွယ်ဖို့ဆိုရင် အစားမစားမီ လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောပါ။ အသားငါးတွေကို ကျက်အောင် ချက်ပြုတ်ပါ။ဟင်းသီးဟင်းရွက်များကို မချက်ပြုတ် ၊ မစားသောက်မီ ရေနဲ့ သေချာစင်ကြယ်အောင် ဆေးကြောပါ။ မြေကြီး ဒါမှမဟုတ် မစင်တို့ကို လက်နဲ့ထိတွေ့မိတဲ့အခါ လက်နဲ့လက်သည်းကြားတွေကို ဆပ်ပြာ ၊ ရေနွေးနွေးနဲ့ သေသေချာချာ ဆေးကြောသန့်စင်ပါ။ သန်ကောင်အန္တရာယ်က လူတွေသိပ်သတိမထားမိဘဲ မေ့မေ့လျော့လျော့ဖြစ်တတ်ကြလို့ သတိထားဂရုပြုကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Ref: Healthline

Share

Loading Next Article...
က္က