ခံစားချက်ဆိုတာ ကောင်းတဲ့ခံစားချက်ဖြစ်ဖြစ် ဆိုးတဲ့ခံစားချက်ဖြစ်ဖြစ် အဖြစ်အပျက်တစ်ခုခုကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
Photo: Patrika
ပျော်စရာကောင်းတယ် အဖြစ်အပျက်ဆို ပျော်သွားမယ်။ဝမ်းနည်းစရာရှိတဲ့ အဖြစ်အပျက်ဆို ဝမ်းနည်းသွားမယ်။ ခံစားချက်ဆိုတာ ရုတ်တရက်ကြီး အကျိုးအကြောင်းမရှိဘဲ ပျော်ရွှင်သွားတာ ၊ စိတ်ဆင်းရဲသွားတယ်ဆိုတာမျိုး မရှိပါဘူး။ အဖြစ်အပျက်တစ်ခုခုကနေ လှုံ့ဆော်မှုကြောင့် ခံစားချက်ဆိုတာ ဖြစ်လာတာပါ။ ဒါပေမယ့်လူဆိုတာက ပျော်ရွှင်စရာကောင်းတဲ့ခံစားချက်ကိုပဲ လက်ခံချင်ကြပြီးတော့ မကောင်းတဲ့ခံစားချက်၊ အဆိုးဖြစ်နေတဲ့ ခံစားချက်တွေကိုတော့ လက်သင့်မခံနိုင်ကြပါဘူး။ တကယ်တော့ ခံစားချက်အဆိုးတွေကိုလည်း လက်သင့်ခံပြီးတော့ ဒီခံစားချက်တွေကို အကောင်းဆုံး ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို စဥ်းစားထားဖို့ လိုအပ်ပါတယ်။
ဆိုးတဲ့ခံစားချက်အဆိုးကို အရှိအတိုင်းလက်ခံပါ
ခံစားချက်ဆိုတာ ကောင်းကောင်းဆိုးဆိုး သဘာဝပါပဲ။ ဆိုးတဲ့ခံစားချက်မို ကိုယ့်ကို အကျိုးမပြုဘူးဆိုတာမဟုတ်ပါဘူး။ ဆိုးတဲ့ခံစားချက်မို့ ချက်ချင်းကောင်းအောင် ပြောင်းလိုက်တာမျိုး လုပ်လို့မရပါဘူး။ ဥပမာ - ကိုယ်က ခွေးရူးတစ်ကောင်ကို တွေ့တဲ့အခါမှာ ငါမကြောက်ဘူးကွာဆိုပြီးတော့ ပြန်ချလိုက်မယ်ဆိုတာမျိုး လုပ်လိုက်ရင် ခွေးရူးကိုက်ခံရမှုကြောင့် ကိုယ့်မှာ ရောဂါဖြစ်တာပဲ အဖတ်တင်သွားပါလိမ့်မယ်။ အဲဒီတော့ ခံစားချက်တွေကို ဆန့်ကျင်ဘက် ပြောင်းလိုက်မယ်ဆိုရင် အဖြစ်အပျက်တွေကြောင့် ကိုယ့်မှာလိုအပ်တဲ့အကူအညီတွေ ကိုယ်လုပ်ရမယ့် အရာတွေ မလုပ်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ကြောက်စရာကို ကြောက်စရာလို့ မမြင်တော့ရင် ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တော့ပါဘူး။ ဝမ်းနည်းစရာကို ဝမ်းနည်းစရာလို့ မမြင်တော့ရင်လည်း စိတ်ခံစားချက်ကို ပိုမိုပြင်းထန်သွားစေနိုင်ပါတယ်။ ဥပမာ - ကိုယ်ချစ်ရသူ မိသားစုဝင်တစ်ယောက်ယောက်ဆုံးရှုံးသွားတယ် ။ ဝမ်းနည်းစရာမလိုဘူးလို့ ထင်ပြီး ခံစားချက်ကို ဆန့်ကျင်ဘက် လုပ်လိုက်မယ် ဆိုရင် ကြာလာတဲ့အခါ အဲဒီခံစားချက်က တကယ်တမ်းကျ ပျောက်သွားတာမဟုတ်ပါဘူး။ ဟန်ဆောင်ပြီး နေလိုက်တဲ့အခါ စိတ်ထဲမှာ ဝမ်းနည်းစိတ်ကအစိုင်အခဲကြီး ဖြစ်သွားပါတယ်။ အဲဒီလို စိတ်ရဲ့ အတွင်းနဲ့ အပြင် သဟဇာတမဖြစ်တဲ့အခါမှာ ပတ်ဝန်းကျင်မှာလည်း ကိုယ့်ကို လူတွေက အရမ်းစိတ်ဓာတ်ကြံ့ခိုင်တယ်။ ကိုယ့်မိသားစုဝင် တစ်ယောက်ယောက်ဆုံးရှုံးရတာတောင် ခံနိုင်ရည်ရှိတယ်လို့ ထင်သွားကြပြီးတော့ ကူညီစရာမလိုတောဘူး ထင်သွားတတ်ပါတယ်။ အဲဒီလို ဘယ်သူမှ လာမကူညီတော့တဲ့အခါ အထီးကျန်လာမယ်။ လိုအပ်တဲ့အကူအညီတွေလည်း မရတော့ပါဘူး။ ခံစားချက်တွေကို အရှိအတိုင်း မထားတဲ့အခါ လိုအပ်တဲ့ အကူအညီတွေကို ကိုယ်တိုင်လည်း မလုပ်ယူတော့သလို သူများတွေကလည်း လာမပေးနိုင်တော့ပါဘူး။
Photo: USA Today
ခံစားချက်အဆိုးတွေအတွက် ကြိုတင်ပြင်ဆင်နိုင်ပါတယ်
ဆိုးတဲ့ခံစားချက် လို့ ဆိုလိုက်ရင် ဥပမာ ကိုယ်က ကြောက်တဲ့ခံစားချက်ဖြစ်လာပြီဆို ခန္ဓာကိုယ်ကနေ ဒါက ကိုယ့်အတွက် အန္တရာယ်ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်ဆိုတဲ့ အသိစိတ်ရှိလာပြီး ကာကွယ်မိသွားပါတယ်။ အဲဒီတော့ အန္တရာယ်ကနေ ကျော်လွှားနိုင်တယ်။ စိုးရိမ်တယ်ဆိုတဲ့ ခံစားချက်တွေ ဖြစ်လာတဲ့အခါမှာလည်း ပြဿနာတစ်ခုဖြစ်လာပါက ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြိုတင် စဥ်းစားဖြစ်သွားပါတယ်။ ဒါမှမဟုတ်လည်း သူငယ်ချင်းတွေနဲ့ တိုင်ပင်ဖြစ်သွားပါတယ်။ ခံစားချက် ဖြစ်ပေါ်ခြင်းရဲ့ အဓိက လုပ်ဆောင်နိုင်တာက ဘာလဲဆိုရင် ကိုယ် ဘာလိုအပ်သလဲဆိုတာ ကြိုတင်စဥ်းစားပြီးတော့ ပြင်ဆင်မှုတွေ လုပ်ထားလို့ ရနိုင်တာပါ။
ခံစားချက်အဆိုးတွေ ဆန့်ကျင်ဘက်ပြောင်းလဲလိုက်တဲ့အခါ
ကိုယ်ခံစားနေရတဲ့ ခံစားချက်အပေါ်လိုက်ပြီး ဘာလုပ်သင့်သလဲဆိုတာ ကိုယ်တိုင်လည်း လုပ်ယူရမှာ ဖြစ်သလို လိုအပ်ရင် သူများဆီကလည်းအကူအညီယူဖို့ လိုအပ်ပါတယ်။ ခံစားချက်အဆိုးတွေကို အရှိအတိုင်းလက်မခံဘဲ မျိုသိပ်တာများလာတဲ့အခါ တဖြည်းဖြည်းနဲ့ ခံစားချက်တွေ ပိုမိုပြင်းထန်လာတာ၊ အထီးကျန်လာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒေါသတွေ ပိုကြီးလာတာမျိုးတွေဖြစ်တတ်ပါတယ်။ ခံစားချက်ကို အသိအမှတ်ပြုလိုက်တာက အချိန်တစ်ခုရောက်ရင် သက်သာလာပါတယ်။ လူဆိုတာ အရမ်းဒေါသထွက်တဲ့အချိန်တွေ ရှိနိုင်ပေမယ့် အချိန်တစ်ခုရောက်ရင် သူ့ဘာသာသူပြန်ကျသွားတာပါ။ တောက်လျှောက်ကြီး အမြဲတမ်းဖြစ်နေတာမျိုးမဟုတ်ပါဘူး။ လွှတ်ပေးလိုက်ရင် သူ့သဘာဝအတိုင်း အရှိန်ပြန်ပြီး လျော့လာမှာ ဖြစ်ပါတယ်။
Photo: BetterLYF
ခံစားချက်အဆိုးတွေကို ရင်ဆိုင်ဖို့ စွမ်းအင်တွေကို အသုံးချပါ
ကိုယ့်မှာ အဆင်မပြေတဲ့ခံစားချက်ေတွ ဖြစ်လာပြီဆိုရင် ဒါဟာ မကောင်းဘူး။ ဝမ်းနည်းစရာဆိုလည်း ယော ကျာ်းလေးမို့လို့ ဝမ်းမနည်းရဘူး။ လူကို ပျော့ညံ့စေတယ်။ ဒေါသထွက်တယ်ဆိုလည်း ဒေါသမထွက်သင့်ဘူးဆိုပြီး ခံစားချက်တွေကို ဆန့်ကျင်ဘက်လုပ်လိုက်တာ၊ တစ်ချို့ကျတော့လည်း မသိချင်ယောင်ဆောင်လိုက်တာတွေ ရှိတတ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် ကိုယ်က ဒေါသထွက်နေတယ်ဆိုရင် ဒေါသထွက်တာမဟုတ်ဘူးဆိုပြီး ချက်ချင်းဟန်ဆောင်နေလိုက်ပေမယ့် ကိုယ်ခန္ဓာမှာတော့ ဒေါသထွက်ရင် ဒေါသထွက်တဲ့အလျောက် လုပ်ရတဲ့ တုံ့ပြန်မှု အားအင်တွေ ထွက်လာပါတယ်။ ဥပမာ ကိုယ်က မတရားခံရလို့ ဒေါသထွက်နေတယ်ဆိုရင် ကိုယ်က မတရားခံနေရပြီ။ ဒါကို ပြန်တုံ့ပြန်ရမယ်။ ဖြေရှင်းရမယ်။ မတရားခံနေရတာကို ရင်ဆိုင်ဖို့ ကိုယ့်မှာ စွမ်းအင်တွေ အားအင်တွေ အလိုအလျောက်ထွက်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ဦးနှောက်ကနေ ငါဒေါသထွက်လို့မရဘူးဆိုပြီး အတင်း ပြောင်းလဲလိုက်ပါတယ်။ ကိုယ်ခန္ဓာမှာတော့ ဒေါသထွက်တာကို ဖြေရှင်းနိုင်ဖို့ အားအင်တွေ ရှိပြီးသားဖြစ်နေပြီး အဲဒီအားအင်တွေကို ထုတ်ဖို့၊ အသုံးပြုဖို့ လိုအပ်ပါတယ်။ အသုံးမပြုဘူးဆိုရင် အဲဒီအားအင်တွေက ပိုနေပြီးတော့ တစ်ခြား ဘေးဥပါဒ်ဖြစ်စေနိုင်ပါတယ်။ ကိုယ်မသိလိုက်တဲ့ အပြုအမူတွေမှာ အဲဒီအားအင်တွေ ထုတ်လိုက်မိသလို ဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် တစ်ချို့သူတွေအနေနဲ့ ဒေါသထွက်နေတာကို မသိချင်ယောင်ဆောင်လိုက်တဲ့အခါမှာ ဥပမာ- ငါလုံးဝဒေါသမထွက်ဘူး ဆိုပြီး ကားမောင်းနေတဲ့အချိန်မှာ မသိစိတ်နဲ့ တရကြမ်းမောင်းလိုက်မိတဲ့အခါ အက်ဆီးဒန့်တွေ ဖြစ်နိုင်ပါတယ်။ ဝမ်းနည်းတယ်ဆိုရင်လည်း တစ်ချို့က ဝမ်းနည်းတာကို မသိချင်ယောင်ဆောင်တယ် ။ ပျော်ဟန်ဆောင်တယ်။ ကိုယ်ခန္ဓာကတော့ ဝမ်းနည်းနေတဲ့အခါ ရင်ဆိုင်ဖို့အတွက် အားအင်တွေ ထွက်နေပါတယ်။ ဒါပေမယ့် ကိုယ်က ဆန့်ကျင်ဘက်လုပ်နေတယ်ဆိုရင် တခြားဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဝမ်းနည်းမှုကြောင့် နှလုံးက အရမ်းနာကျင်လာပြီး နှလုံးရောဂါတွေ ဖြစ်တတ်ပါတယ်။ ကိုယ် နာကျင်နေတာကို အသိအမှတ်မပြုဘူးဆိုရင် ခန္ဓာကိုယ်ကတော့ ဒီတိုင်းမနေနေပါဘူး။ ခံစားချက်ကြောင့် ရုပ်ပိုင်းဆိုင်ရာတွေပါ ထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် တစ်ချို့တွေ ညအိပ်မပျော်တာ ၊ စိုးရိမ်ကြောင့်ကြတာတွေ ဖြစ်လာကြတာပါ။ ခံစားချက်တစ်ခုဖြစ်လာပြီ ဆိုရင် ဒီခံစားချက်ကို ရင်ဆိုင်ဖို့ ၊ သက်သာစေဖို့ ကိုယ်ခန္ဓာက သူ့အလိုလို အလုပ်လုပ်ပါတယ်။ အဲဒါကို ဆန့်ကျင်ဘက် အတင်းလုပ်ယူလို့ မရပါဘူး။
ခံစားချက်အဆိုးတွေကို အရှိအတိုင်းလက်သင့်ခံမှုနဲ့ ပတ်သက်ပြီး စိတ်ကျန်းမာရေး အကြံပေး Professional Counselor တစ်ဦးဖြစ်တဲ့ L.Diana Seng Hkawn မှ အခုလို
အကြံပြုပါတယ်။
“ ခံစားချက်တွေကို ဆန့်ကျင်ဘက် ပြောင်းစရာမလိုပါဘူး။ မသိချင်ယောင်ဆောင်ပြီးတော့ ဘာမှမဖြစ်သယောင် ဟန်ဆောင်စရာလည်း မလိုဘူး။ အသိအမှတ်ပြုလိုက်မယ်ဆို ခံစားချက်က သက်သာသွားပါလိမ့်မယ်။ ဝမ်းနည်းတတ်တာ ဒေါသထွက်တာဆိုတာက သဘာဝပဲ ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကြင်နာနားလည်ပေးနိုင်ရပါမယ်။သူများက ကိုယ့်ကိုနားလည်ပေးတာထက် ကိုယ့်ကိုယ်ကိုယ်သာ အကြင်နာ နားလည်နိုင်ဆုံးဖြစ်ပါတယ်။ ခံစားချက်တွေက ကိုယ့်ရဲ့ အပြုအမူနဲ့ပါဆက်စပ်နေပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ နာကျင်နေတဲ့ ခံစားချက်တွေ သက်သာသွားချင်တယ်ဆိုရင် ခံစားချက်ကို ဆန့်ကျင်ဘက်မလုပ်ဘဲ သက်သာအောင်သာလုပ်ပါ။ ဝမ်းနည်းတာကို ချက်ချင်းပျော်အောင်လုပ်လို့မရပါဘူး။ ဝမ်းနည်းမှုကို ဒီဂရီလျော့အောင်ပဲ လုပ်ပါ။ ခံစားချက်တွေကို အသိအမှတ်ပြုတာက ကိုယ်ခံစားနေရတဲ့ ဝေဒနာကို ပိုပြီးတော့ လျှော့ချစေနိုင်မှာ ဖြစ်ပါတယ်။ “
သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့ L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြု မျှဝေပေးထားခြင်းဖြစ်ပါသည်။