ရာသီအကူးအပြောင်းချိန်ဟာ ဗိုင်းရပ်စ်တွေ ၊ ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားကြပြီး ကြီးထွားချိန်မို့ ခုခံအားနည်းတဲ့ ကလေးငယ်တွေ ဖျားတတ်လွန်းလို့ မိဘတိုင်း ကြောက်ကြတဲ့ အချိန်ပါပဲ။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်းပဲ ရာသီအကူးအပြောင်းတိုင်း မိမိသားသမီးက ဖျားတတ်တယ်ဆိုရင် မိဘတွေ ကြိုတင်ဂရုစိုက်သင့်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
Photo: OnHealth
ရေဓာတ်ဖြည့်ပေးပါ
ရေက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုဖယ်ရှားပေးတဲ့အပြင် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ကလေးတွေမှာ ရေဓာတ်မလုံလောက်တဲ့အခါ နှာခေါင်းနဲ့လည်ချောင်းတွေခြောက်လာပြီး ပိုးမွှားတွေ ခန္ဓာကိုယ်ထဲ အလွယ်တကူဝင်ရောက်စေပါတယ်။ ကလေးတွေ ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝနေတာက ဖျားနာမှုကို တစ်ဝက်ကာကွယ်နိုင်ပါတယ်။ ၆ လအောက်ကလေးငယ်ဆိုရင်တော့ ရေမတိုက်ပါနဲ့။ မိခင်နို့က လုံလောက်တဲ့ ရေဓာတ်ဖြစ်ပါတယ်။
Photo: Healtheries
ဗီတာမင်စီ ကျွေးပါ
ခန္ဒာကိုယ်ရဲ့ ခုခံအားစနစ်မှာ ရောဂါပိုးအမျိုးမျိုးကိုတိုက်ဖျက်ဖို့နဲ့ ဖျားနာခြင်းကိုကာကွယ်ဖို့အတွက် ဗီတာမင်စီ ကြွယ်ဝစွာလိုအပ်ပါတယ်။ ရာသီအပြောင်းအလဲမှာ ဗီတာမင်စီ ပိုစားသုံးခြင်းက ဆဲလ်တွေအတွက်အားဖြည့်ဆေးအဖြစ် အကျိုးရှိစေပြီး ခုခံအားမြင့်တက်စေတာကြောင့် ဖျားနာမှုကို ကာကွယ်နိုင်ပါတယ်။ဒါကြောင့် ကလေးတွေကို လိမ္မော်သီး ၊ သံပုရာသီး ၊ နာနတ်သီး ၊ စတော်ဘယ်ရီ ၊ ကီဝီသီး နဲ့ သင်္ဘောသီးတို့လို သစ်သီးတွေ ဖြည့်စွက်စာအနေနဲ့ ကျွေးနိုင်ပါတယ်။
အမျှင်ဓာတ်ရရှိအောင် ကျွေးပါ
ကလေးတွေကို ကျွေးတဲ့အစားအစာတွေကို သန့်ရှင်းအောင်ပြင်ဆင်လည်း ရောဂါပိုးမွှားတွေ ပါဝင်နိုင်ပါတယ်။ဒါကြောင့် အူမှာရှိတဲ့ Gut-associated lymphoid tissue (GALT) လို့ခေါ်တဲ့ အစိတ်အပိုင်းက ပိုးမွှားများနဲ့ ရောဂါဖြစ်စေတဲ့ ဇီဝသက်ရှိများကိုခုခံကာကွယ်တာကြောင့် သူ့ရဲ့ လုပ်ဆောင်မှုကောင်းဖို့ အမျှင်ဓာတ်ကောင်းကောင်းစားသုံးဖို့ လိုပါတယ်။ဒါကြောင့် မုန်လာဥနီ ၊ ဘိုစားပဲ ၊ ဘရိုကိုလီ ၊ သစ်တော်သီး စတဲ့အစားအစာတွေကို ကလေးတွေရဲ့ အစားစားသုံးမှုမှာ ပါဝင်အောင် ထည့်ကျွေးရပါမယ်။
ပရိုတင်းဓာတ်ပြည့်ပါစေ
ခန္ဓာကိုယ်ခုခံအားစနစ် ချောမွေ့စွာလည်ပတ်နိုင်ဖို့နဲ့ ဆဲလ်များ၊ ပဋိပစ္စည်းများနဲ့ ရောဂါပိုးမွှားများကို တိုက်ဖျက်ဖို့အတွက် ခန္ဓာကိုယ်ကြံ့ခိုင်စေဖို့ အထူးသဖြင့် ကြွက်သားတွေ သန်စွမ်းစေဖို့ ပရိုတင်းဓာတ်ကောင်းကောင်း ရရှိဖို့ အရေးကြီးပါတယ်။ဒါကြောင့် ကြက်ဥ၊ ငါး၊ ကြက်သား နဲ့ အခြားပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ကလေးရဲ့ နေ့စဉ်စားသုံးမှုမှာ တစ်မျိုးပါအောင် ထည့်သွင်းကျွေးမွေးရပါမယ်။
Photo: Amazon
အပြင်ထွက်ချိန် ဦးထုပ်ဆောင်းပေးပါ
ရာသီဥတုပြောင်းလဲချိန်မှာဆိုရင် အပြင်ထွက်တဲ့အခါ ကလေးရဲ့ ဦးခေါင်းကို ပြင်ပလေ ၊ နေရောင်ခြည်တိုက်ရိုက်မထိတွေ့စေဖို့ ကာကွယ်ရပါမယ်။ကလေးကို ဦးထုပ်ဆောင်းပေးတာ ၊ ပဝါလေးနဲ့ ခေါင်းကို ပတ်ပေးထားတာမျိုး ပြုလုပ်ပါ။ တတ်နိုင်သမျှ နံနက် ၁၁ နာရီကနေ ညနေ ၅ နာရီအတွင်း ကလေးကို နေရောင်ခြည်တိုက်ရိုက်မထိတွေ့စေပါနဲ့။အဝတ်ကိုလည်း အိုက်လွန်း ၊ အေးလွန်းတာမျိုးမဟုတ်ဘဲ သင့်တော်တဲ့ အဝတ်အစားပဲ ဝတ်ပေးပါ။ရင်ဘတ်၊ နောက်ကျောနဲ့ လည်ပင်း လုံခြုံတဲ့အဝတ်အစားမျိုး ဝတ်ပါ။
ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ
အမေတွေက ကလေးတွေကို အများအားဖြင့် အိမ်ထဲမှာပဲ နေစေချင်ပါတယ်။ အခုနောက်ပိုင်း ခေတ်မီတိုးတက်လာတာနဲ့အမျှ ကလေးတွေဟာလည်း အီလက်ထရောနစ်ယဉ်ကျေးမှုနဲ့ ရင်းနှီးပြီး ဂိမ်းဆော့တာ ၊ ဖုန်းကြည့်တာမျိုးတွေနဲ့ ငြိမ်နေတတ်ကြပါတယ်။ဒါပေမယ့် ကလေးကို အနည်းဆုံး မိနစ်၃၀ လှုပ်လှုပ်ရှားရှားဆော့ပါစေ။ ရာသီဥတုက အပြင်ထွက်ဖို့ အဆင်ပြေရင် မိနစ် ၄၀ လောက် လမ်းလျှောက်တာ ၊ ပြေးတာ ၊ ကစားတာမျိုး ပြုလုပ်ခိုင်းသင့်ပါတယ်။
Photo: MedicineNet
အိပ်ရေး၀၀အိပ်ပါစေ
အိပ်ရေးမဝခြင်းက ပိုးမွှားတွေကို တိုက်ထုတ်ရာမှာ ခုခံအားကို အားနည်းစေတဲ့အတွက် ဖျားနာလွယ်တဲ့ ကလေးတွေဟာ အိပ်ရေး၀၀အိပ်ရပါမယ်။American Academy ရဲ့ လေ့လာချက်အရ အသက် ၆ နှစ်မှ ၁၂ နှစ်ကြားကလေးတွေဟာ တစ်ညကို အိပ်ချိန် ၉နာရီမှ ၁၂နာရီထိ လိုအပ်ပြီး ဆယ်ကျော်သက် ၁၃-၁၈ နှစ်အရွယ်တွေက အိပ်ချိန် ၈ နာရီမှ ၁၀ နာရီထိလိုအပ်တယ်လို့ ဆိုပါတယ်။ကလေးတွေကို အိပ်ရာမဝင်မီ အနည်းဆုံး တစ်နာရီကစပြီး တီဗီ၊ကွန်ပျူတာ ၊ Laptop ၊ Tablet ၊ ဖုန်းတွေနဲ့ ဝေးဝေးနေပါစေ။
ဒီအလေ့အကျင့်တွေကို လိုက်နာတဲ့အခါ ကလေးတွေရဲ့ ကိုယ်ခံအား မြင့်တက်ပြီး ဖျားနာမှုတွေကို ကာကွယ်ဖို့ ၊ တိုက်ထုတ်ဖို့ စွမ်းရည်တွေ ရှိလာပါလိမ့်မယ်။တကယ်လို့ ဖျားနာခဲ့ရင်တောင် ပြင်းထန်မှုလျော့ကျပြီး အချိန်တိုအတွင်း သက်သာစေနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။
Ref: parenting.firstcry