ဝမ်းနည်းတဲ့ခံစားချက်တွေ၊ စိတ်ဓာတ်ကျတာတွေ၊စိတ်ဖိစီးလာတာတွေ၊ ပင်ပန်းလာတာတွေ စတဲ့ လူကို မသက်မသာဖြစ်စေတဲ့ခံစားချက်တွေကတော့ သာမန် စိတ်ကျန်းမာတဲ့လူတိုင်းဘယ်သူမဆို ခံစားတတ်ကြပါတယ်။

Photo: ADDitude

ဒီလို စိတ်ခံစားချက်တွေ ဖြစ်နေလို့ ကိုယ်က ပုံမှန်မဟုတ်တော့ဘူးလို့ ထင်ဖို့ မလိုအပ်ပါဘူး။ အဓိကကတော့ ကိုယ့်ခံစားချက်တွေကို သက်သာစေဖို့ ကုစားတတ်ဖို့လိုအပ်တာဖြစ်ပါတယ်။ စိတ်ခံစားချက်တွေကိုကုစားတဲ့အခါ တစ်ပါးသူကို ရင်ဖွင့်တာကို အများဆုံးလုပ်တတ်ကြသလို တစ်ချို့ကလည်း အချိန်က ကုစားသွားလိမ့်မယ်လို့ ထင်မြင်တတ်ကြပါတယ်။ ကိုယ့် ရဲ့ စိတ်ခံစားချက်တွေကို ရင်ဖွင့်လိုက်တာက တကယ်ပဲ စိတ်သက်သာနိုင်သလား။ အချိန်က ကုစားသွားလိမ့်မယ်ဆိုတဲ့ အဆိုက တကယ်ပဲမှန်ကုန်နိုင်သလား။ 

Photo: WHO

တခြားသူကို ခံစားချက်တွေ ရင်ဖွင့်တာ အမှန်တကယ်သက်သာစေရဲ့လား 

ကိုယ့်ရင်ထဲက ခံစားချက်တွေကို တစ်ပါးသူကို ရင်ဖွင့်တဲ့အခါမှာ ကိုယ်ရင်ဖွင့်လိုက်တဲ့သူ အခြေအနေပေါ်မူတည်ပြီး ခံစားနေရတာတွေ အမှန်တကယ် သက်သာစေနိုင်သလား ၊ ပိုဆိုးသွားသလားဆိုတာ သိနိုင်ပါတယ်။  ကိုယ်ရင်ဖွင့်လိုက်တဲ့သူက တကယ်ပဲ ကိုယ့်ကို နားလည်ပေးတဲ့သူ၊ ကိုယ့်ကို အပြစ်မတင်တဲ့သူ၊ ကိုယ့်ကို ဝေဖန်မှု မပြုဘဲ ကိုယ်နဲ့အတူတူ ဘယ်ကိစ္စမဆို ကျော်ဖြတ်ချင်တဲ့သူဆိုရင်တော့ ခံစားချက်တွေကို အမှန်တကယ်ကို သက်သာစေနိုင်ပါတယ်။

Photo: The New York Time

ခံစားချက်တွေ ရင်ဖွင့်တဲ့အခါ လူရွေးမှန်ဖို့အရေးကြီးပါတယ်

ကိုယ်ရင်ဖွင့်လိုက်တဲ့သူက အပြစ်တင်တတ်တဲ့သူ၊ ဝေဖန်ကဲ့ရဲ့တတ်သူ၊ ကိုယ်ပြောတာ အကုန်မှန်တယ်ဆိုပြီးတော့ မှားနေတာတွေကို  အတင်းမြှောက်ပေးတဲ့သူဆိုရင်လည်း ကိုယ့်ခံစားချက်က မသက်သာစေဘဲ ပိုဆိုးသွားစေနိုင်ပါတယ်။

 ဥပမာ ကိုယ်က လူတစ်ယောက်ကို ဒေါသထွက်နေတယ်ဆိုတဲ့အကြောင်းရင်ဖွင့်တဲ့အခါမှာ ကိုယ့်ဒေါသကို ပိုပြီးဆိုးလာအောင် ဆွပေး၊ မြှောက်ပေးပြီး ပြောဆိုတဲ့အခါမှာ ကိုယ်က စိတ်မသက်သာတဲ့အပြင် ပိုဆိုးလာတတ်ပါတယ်။ အဲဒီတော့ ရင်ဖွင့်တဲ့အခါမှာ လူရွေးမှန်ဖို့ တကယ်အရေးကြီးပါတယ်။ ရင်ဖွင့်တဲ့အခါ ကိုယ့်ခံစားချက်တွေကို နားလည်ပေးနိုင်မယ့် သူကို သေချာမရွေးထားဘူးဆိုရင် မသက်သာဘဲ ပိုတောင်ဆိုးတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့်ကိုယ့်ကို တကယ်နားလည်ပေးနိုင်တဲ့သူဆိုရင်‌တော့ ရင်ဖွင့်ရတာ အကျိုးရှိနိုင်ပါတယ်။  

Photo: verilymag

ခံစားချက်တွေ သက်သာစေဖို့ အချိန်က ကုစားနိုင်လား 

အသည်းကွဲတာပဲ ဖြစ်ဖြစ်၊ ဝမ်းနည်းတာပဲ ဖြစ်ဖြစ် စတဲ့ လူကို မသက်မသာဖြစ်စေတဲ့ ခံစားချက်တွေ ဖြစ်လာပြီဆိုပါက အချိန်က ကုစားသွားမှာပါဆိုတဲ့ စကားကို တွင်တွင်ပြောတတ်ကြပါတယ်။ တကယ်တော့ ကိုယ်ခံစားနေရတာတွေက အချိန်ကြာရင် သက်သာသွားမယ်ဆိုတာ လုံးဝဥဿုံမှန်တာမျိုးတော့ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အခြေအနေချင်း မတူနိုင်ပါဘူး။ ခံစားချက်တွေသက်သာစေဖို့ အချိန်လိုတယ်ဆိုတာထက် ကိုယ်တိုင်က ကုစားပေးနိုင်ဖို့ လိုအပ်ပါတယ်။ 

Photo: The Independent

ဘယ်လိုအခြေအနေမှာ ခံစားချက်တွေသက်သာစေနိုင်လဲ 

ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံတွေ၊ အနားမှာရှိတဲ့ ပတ်ဝန်းကျင် အခြေအနေတွေ၊ ကိုယ့်ကို ပံ့ပိုးပေးနိုင်တဲ့ ပတ်ဝန်းကျင်၊ ရင်ဖွင့်တာကို နားလည်ပေးနိုင်တဲ့ ပတ်ဝန်းကျင်ရှိရင်တော့  ခံစားချက်တွေကို အချိန်ခဏလေးနဲ့ ကုစားသွားနိုင်ပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ ခံစားချက်တွေမျိုသိပ်ထားတာ၊ ကိုယ့်ကိုလည်း နားလည်ပေးနိုင်တဲ့ပတ်ဝန်းကျင်လည်း မရှိဘူးဆိုပါက အချိန်တွေကြာသွားလည်း ခံစားချက်တွေက သက်သာသွားမှာမဟုတ်ဘဲတဖြည်းဖြည်းနဲ့ ပိုဆိုးလာပါလိမ့်မယ်။ အဲဒါကြောင့် အချိန်ကကုစားတယ် ဆိုပြီးဒီအတိုင်းဘာမှမလုပ်ဘဲ ထိုင်စောင့်နေလို့ မရပါဘူး။ 

ခံစားချက်တွေသက်သာစေဖို့ ကိုယ်တိုင်သာ ကုစားပါ

ခံစားချက်တွေသက်သာစေဖို့ အချိန်က ကုစားနိုင်တာမဟုတ်ပါဘူး။  အဓိက ကိုယ့်ကိုယ်ကိုယ် ကုစားနေဖို့ လိုအပ်ပါတယ်။ ဒီလိုကုစားနိုင်ဖို့ ကိုယ်တိုင် ပါဝင်ဖို့လိုအပ်ပါတယ်။ ကိုယ်တိုင် မကုစားဘူးဆိုပါက အချိန်ဘယ်လောက်ကြာကြာ ကိုယ်ခံစားနေရတဲ့ခံစားချက်တွေ ကပြောင်းလဲသွားမှာတော့မဟုတ်ပါဘူး။ 

ခံစားချက်တွေကို ကိုယ်တိုင်မကုစားတဲ့အခါ 

ကိုယ့်မှာ တစ်စုံတစ်ယောက်ကို ဆုံးရှုံးနေရတဲ့ခံစားချက်၊ ဝမ်းနည်းအားငယ်နေတဲ့ခံစားချက်၊ အဆင်မပြေဘူးဆိုတဲ့ ခံစားချက်တွေ  ဖြစ်နေတယ်ဆိုပေမယ့်လည်း ဘယ်သူ့ကိုမှ ရင်မဖွင့်ဘူး။ ဘယ်သူ့အကူအညီလည်းမယူဘူးဆိုရင် နှစ်ပေါင်း ဘယ်လာက်ကြာကြာ ဒီခံစားချက်တွေက ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ တစ်ချို့ကလည်း ဖြစ်ပျက်ခဲ့တဲ့ ခံစားချက်တွေကို လျစ်လျူရှုထားတယ်။ မဖြစ်သလို ဟန်ဆောင်ပြီး ဆန့်ကျင်ဘက်နေတယ်ဆိုပေမယ့်လည်း ဒီခံစားချက်တွေက မသိစိတ်ထဲမှာ ဝင်နေပြီး  အိမ်မက်တွေ၊ အတွေးတွေ၊ ပုံရိပ်တွေအဖြစ် ပြန်မြင်ယောင်လာပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပိုနှိပ်စက်ရာကျနိုင်ပါတယ်။ ဒါကြောင့် ခံစားချက်တွေ ဖြစ်လာတဲ့အခါ  ကိုယ်က တစ်ခြားသူကို ရင်ဖွင့်ပါ။  နားလည်ပေးမယ့်သူငယ်ချင်းတွေ လိုအပ်ပါတယ်။ ဦးနှောက်က ကိုယ့်ကိုယ်ကိုယ် ကြင်နာဖို့ လိုတယ်ဆိုတဲ့ လက္ခဏာတွေ ပြနေမှာဖြစ်ပါတယ်။ အဲဒါကို လက်မခံဘဲ ကိုယ့်ကိုယ်ကိုယ်လဲ စိတ်ချမ်းသာအောင် မလုပ်ဘူး။ တစ်ပါးသူရဲ့ အကူအညီကိုလည်း လက်မခံဘူး ဆိုရင်တော့  ဒါက အချိန်ဆယ်နှစ်ကြာသွားလည်း  ပျောက်မှာမဟုတ်ပါဘူး။ 


သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့  L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။



Share

Loading Next Article...
က္က