အခုလို ကပ်ရောဂါအခြေအနေပြင် နိုင်ငံရေးအခြေအနေတွေကြောင့် လူတိုင်းဟာ အဆင်မပြေမှုတွေများစွာ ကြုံတွေ့နေရတာ အမှန်ပါပဲ။ အထူးသဖြင့် ရည်မှန်းချက်ပန်းတိုင်များစွာနဲ့ ရှင်သန်ရပ်တည်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တော်တော်များများဟာ အခုချိန်မှာ မျှော်လင့်ချက်တွေ ပျက်သုဥ်းသွားခဲ့ပြီလို့ ခံစားနေကြရပါတယ်။ လူငယ်တွေဟာ သူတို့ရဲ့ အနာဂတ်တွေ မရေရာတာ၊ ဘဝက ဘာမှ မသေချာတော့တာ ဆိုတာတွေကို ခံစားနေကြရတာပါ။  ဒီနေ့အချိန်အခါမှာ လူငယ်တွေအနေနဲ့ နေ့ရက်တိုင်းကိုအဆင်ပြေပြေနဲ့ဘယ်လို ဖြတ်သန်းကြမလဲ။ ဒီအချိန်မှာ ခံစားရတဲ့ စိတ်အခြေအနေတွေက ပြင်းထန် အဆင့်ကို ရောက်လာပါက လူငယ်တွေ အတွက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်နိုင်မလဲ။

Photo: Healthline

မျှော်လင့်ချက်မဲ့နေပြီလို့ ခံစားနေကြရတဲ့ လူငယ်တွေ 

အခုခေတ်လူငယ်တော်တော်များများဟာ မျှော်လင့်ချက်မဲ့တယ်လို့ ခံစား ရတဲ့အပြင် ကူကယ်ရာမဲ့ ဖြစ်သွားပြီလိုခံစားနေကြရတာပါ။ ဥပမာ- အလုပ်တစ်ခုလျှောက်မယ်ဆိုရင် ဒီအလုပ်မရလည်း တခြားအလုပ်တွေ အများကြီးရှိနိုင်တယ် ။ အခုကျ‌တော့ အဲလိုမျိုး ရွေးစရာမရှိတော့ဘဲ ကူကယ်ရာမဲ့လာတာ၊ အနာဂတ်က မရေရာ မသဲကွဲတော့တာ စတဲ့ခံစားချက်တွေ ရလာပါတယ်။ နောက်ဆက်တွဲအနေနဲ့ အစစအရာရာမှာ ဒေါသထွက်လွယ်လာပါတယ်။

သေကြောင်းကြံစည်တဲ့အထိ ဖြစ်နိုင်တဲ့ စိတ်ကျခြင်း

ကူရာမဲ့တယ်၊ မျှော်လင့်ချက်မဲ့တာတွေက စိတ်ကျခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ မျှော်လင့်ချက်မဲ့တယ်ဆိုတဲ့ ခံစားချက် တစ်ဖြည်းဖြည်းများပြားလာရင် စိတ်ဓာတ်ကျလာပါတယ်။ စိတ်ကျတဲ့ လက္ခဏာတွေကတော့ ဘာမှစိတ်ဝင်စားမှုမရှိတော့တာ၊ လုပ်နေကျအလုပ်တွေအပေါ်မှာ အာရုံစူးစိုက်မှုမရှိတော့တာ တဖြည်းဖြည်းနဲ့ သေချင်စိတ်တွေ ဖြစ်လာတာ မရှင်သန်ချင်တော့ဘူးဆိုတဲ့ ခံစားချက်တွေ ဖြစ်လာပါတယ်။  စိတ်ဓာတ်ကျတာကနေ  သေကြောင်းကြံစည်ဖို့အတွက် တွေးလာနိုင်ပါတယ်။ အဲဒီတော့ လူငယ်တော်တော်များများက မျှော်လင့်ချက်မဲ့တယ် ဆိုတဲ့ ခံစားချက်တွေ၊ ကိုယ့်အနာဂတ်ကို မမြင်ရဘူးဆိုတဲ့ ခံစားချက်တွေ ဖြစ်လာတဲ့အခါမှာ သေကြောင်းကြံစည်တဲ့ဘက်ကို ရောက်သွားနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့  ၂၀၁၈ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ မိမိကိုယ်ကို အဆုံးစီရင်မှုဟာ မြန်မာနိုင်ငံမှာ  ၄၁၈၉ မှု ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့အဆင့် ၉၄ မှာ ရှိနေတယ်လို့ ဆိုပါတယ်။  ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာလည်း မတ်လကနေ ဇွန်လအတွင်း ပထမသုံးလတာကာလအတွင်း လူပေါင်း ၄၇၀ ဦး ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တယ်လို့ သိရပါတယ်။ အများဆုံးကတော့ လူငယ်တွေ ဖြစ်နိုင်တယ်လို့လည်း စိတ်ကျန်းမာရေး အကြံပေး

L.Diana Seng Hkawn က ဆိုပါတယ်။

Photo: The Conversation

ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့

ရည်မှန်းချက်တွေ ပျောက်ဆုံးတယ်။  ကိုယ်အစီအစဥ်တွေ ချထားတဲ့အတိုင်းလည်း ဆက်မဖြစ်တော့ဘူး။ ဘာဆက်လုပ်ရမှန်းမသိဘဲ  ဖြစ်နေတာတွေက ကိုယ့်အပြစ်ကြောင့်မဟုတ်ဘူးဆိုတာ အရင်ဆုံးအသိအမှတ်ပြုပါ။ အခုဖြစ်နေတာတွေက ကိုယ့်ရဲ့ ထိန်းချုပ်မှုပြင်ပမှာ ရှိနေတဲ့အကြောင်းတွေကြောင့် ခံစားနေရတယ်လို့ တွေးပါ။ မျှော်လင့်ချက်မရှိဘူး၊ အားငယ်တယ်လို့ ခံစားနေရလည်း ဒါက သဘာဝပါပဲ။ ဖြစ်တတ်တယ် ဆိုတာလေးကို အသိအမှတ်ပြုဖို့ ၊ ကြင်နာဖို့ လိုအပ်ပါတယ်။ ကိုယ်ကလူငယ်ပဲ အားမငယ်သင့်ဘူးတို့၊ လူငယ်ပဲ စိတ်ဓာတ်မကျနေသင့်ဘူးတို့ဆိုပြီး တွေးစရာမလိုပါဘူး။ လူတွေက ပြောလေ့ရှိကြပါတယ်။ နင်က လူငယ်ပဲရှိသေးတယ်။ ဘာတွေများ စိတ်ဓာတ်ကျစရာလိုလို့လဲ ။ စိတ်ဓာတ်မကျနေသင့်ဘူးလို့ ပြောတာမျိုးတွေ ရှိပါတယ်။ သူများတွေ ပြောရင် ပြောပါလိမ့်မယ်။ ကိုယ်က လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဲဒီလိုမပြောပါနဲ့။ ဒါက ဒီလိုအခြေအနေကြုံရင် ဘယ်သူမဆို ဒီလို အခြေအနေဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုပြီး လက်ခံလိုက်ပါ။ 

တစ်နေ့တာအတွက် အကောင်းဆုံး ရှင်သန်ပါ

အနာဂတ်က ဘာဖြစ်မလဲလို့  ဘယ်သူမှခန့်မှန်းလို့မရတဲ့ အချိန်မှာ တစ်နေ့တစ်နေ့လုပ်နိုင်တာလေးတွေကို လုပ်ပါ။ တစ်နေ့တာမှာ ကိုယ့်ကိုယ်ကိုယ်စိတ်ချမ်းသာအောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် အသစ်တစ်ခုခုကို သင်ယူတာ ဒါမှမဟုတ်  တစ်ယောက်ယောက်ကို ကူညီပေးတာတွေ လုပ်ပေးမယ်ဆိုတာမျိုး စဥ်းစားပြီး တစ်နေ့စာတစ်နေ့ ရှင်သန်ပါ။ ဒီနေ့ငါ ကျန်းမာဖို့၊ ဒီနေ့ငါ တစ်ခုခုသင်ယူဖို့ ဘာလုပ်မလဲ၊ ဒီနေ့ငါ သူများကို တစ်ခုခု ဘာကူညီနိုင်မလဲဆိုတာမျိုး တွေးပြီးတော့ တစ်နေ့စာတစ်နေ့ရှင်သန်တာတော့ ပိုကောင်းပါတယ်။ မမြင်နိုင်တဲ့ အနာဂတ်ကို မတွေးပါနဲ့။ ဒါ့အပြင် ပြီးခဲ့တဲ့အတိတ်မှာ ငါက ဘယ်လိုအဆင်ပြေခဲ့တာဆိုပြီးတော့ အတိတ်ကို ပြန်တွေးနေမယ်ဆိုရင်လည်း စိတ်က အဆင်မပြေနိုင်ပါဘူး။ အဲဒါကြောင့် ပစ္စုပ္ပန်ကို ပိုမိုအာရုံစိုက်တာမျိုး လုပ်ပါ။

Photo: The Conversation

ကိုယ့်ကိုယ်ကိုယ် ကြင်နာဖို့ဆိုပြီး စိတ်အလိုမလိုက်ပါနဲ့

ဒီအချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်ကြင်နာဖို့ အဓိကလိုအပ်ပါတယ်။ ပိုပြီးတော့ ညှာတာဖို့ လိုပါတယ်။ဒါပေမယ့် ညှာတာဖို့ ကြင်နာဖို့ ဆိုပြီးတော့ ကိုယ့်ကို နာကျင်စေမယ့် အရာတွေ တော့ မလုပ်သင့်ပါဘူး။ ဥပမာ မူးယစ်ဆေးသုံးတာ၊ အရက်အလွန်အကျွံသောက်တာ ၊ဂိမ်းတွေ တရားလွန်ဆော့တာ စတာတွေ လုပ်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ကြင်နာရာ မရောက်ပါဘူး။ ခဏတဖြုတ်ပဲ စိတ်ချမ်းသာရစေပြီးတော့ ခန္ဓာကိုယ်ကို အမျိုးမျိုး ပျက်စီးစေနိုင်တဲ့အတွက် ရေရှည်ကို ကြည့်ဖို့ လိုပါတယ်။ 

သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့  L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။



Share

Loading Next Article...
က္က