ဖိလစ်ပိုင်မှာ COVID-19 ကူးစက်မှုနှုန်း သိသိသာသာ လျော့ကျသွားခဲ့ပြီး ကာကွယ်ဆေးထိုးသူဦးရေ မြင့်တက်လာပြီ ဖြစ်ပါတယ်

ဖိလစ်ပိုင်နိုင်ငံမှာ နေ့စဥ် COVID-19 ကူးစက်မှုနှုန်း သိသိသာသာ လျော့ကျသွားခဲ့ကာ ကာကွယ်ဆေးထိုးသူဦးရေ မြင့်တက်လာခဲ့ပြီးနောက် မနီလာမြို့တော်ရှိ ရုပ်ရှင်ရုံတွေနဲ့ ကိုယ်ကာယလေ့ကျင့်ရေးခန်းမတွေကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုသွားမယ်လို့ အစိုးရတာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၄ ရက်နေ့မှာ ပြောပါတယ်။

ဖိလစ်ပိုင်အစိုးရက လတ်တလော သီတင်းပတ်များအတွင်း ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပြီး လုပ်ငန်းများပြန်စတင်ရန်နဲ့ တင်းကျပ်ပြင်းထန်တဲ့ lockdown သတ်မှတ်မှုတွေကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေးကို ကုစားရန် အာရုံစိုက်လာခဲ့ပါတယ်။ "ဒီအချိန်မှာ အလုပ်အကိုင်သေချာမှုကို ကျွန်တော်တို့ အလေးထားရမယ်" လို့ သမ္မတရဲ့ ပြောခွင့်ရအမျိုးသား Harry Roque က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။



(Photo: AFP)

ရုပ်ရှင်ရုံတွေနဲ့ ကိုယ်ကာယလေ့ကျင့်ရေးခန်းမတွေ (gyms) တွေကို COVID-19 ကပ်ရောဂါကာလ အများစုမှာ ပိတ်ထားခဲ့ရာမှ လာမယ့် စနေနေ့ (အောက်တိုဘာ ၁၆ ရက်) မှစပြီး ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသူတွေအတွက် အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

စားသောက်ဆိုင်၊ ဘုရားကျောင်းနဲ့ အလှပြင်ခန်းမတွေမှာ အများဆုံး ခွင့်ပြုလူဦးရေကို ၃၀ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ပြီး မနီလာမြို့တော် ဧရိယာအတွင်း ကပ်ရောဂါဆိုင်ရာ သတိပေးချက်ကိုလည်း တတိယအမြင့်ဆုံးအဆင့်သို့ လျှော့ချလိုက်ကြောင်း သိရပါတယ်။ ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မနီလာမြို့တော်မှာ အရွယ်ရောက်ပြီးသူ ၈၀ ရာခိုင်နှုန်းနဲ့ တစ်နိုင်ငံလုံးမှာတော့ အရွယ်ရောက်ပြီးသူ ၃၀ ရာခိုင်နှုန်းက COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီး ဖြစ်ပါတယ်။

(Photo: KJ Rosales / The Philippine Star)

ဖိလစ်ပိုင်မှာ ကူးစက်မှုပိုမြန်တဲ့ ဗီဇပြောင်း ဒယ်လ်တာ (Delta) ဗိုင်းရပ်စ် ကူးစက်မှုတွေရှိခဲ့ရာ စက်တင်ဘာ ၁၁ ရက်နေ့က စံချိန်တင်အရေအတွက်အဖြစ် ကူးစက်မှုအသစ် ၂၆,၃၀၃ ဦး တွေ့ရှိခဲ့ပါတယ်။ သို့သော် ပြီးခဲ့တဲ့ ၄ ရက်မှာတော့ နေ့စဥ် ကူးစက်မှုအသစ် ၉,၀၀၀ အောက်သို့ လျော့ကျသွားခဲ့ကြောင်း သိရပါတယ်။ ထို့အတူ ဆေးရုံတွေရဲ့ COVID-19 လူနာဆောင်နဲ့ အထူးကြပ်မတ်ကုသဆောင်တွေမှာလည်း တက်ရောက်နေရမှု ၆၀ ရာခိုင်နှုန်းအောက် လျော့ကျသွားခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျှော့ပေးလာပေမဲ့ အချင်းချင်း ခပ်ခွာခွာနေခြင်းနဲ့ mask တပ်ခြင်းတို့ကိုတော့ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသူတွေမှာပင် ဆက်လက် လိုက်နာကြရန် အလွန်အရေးကြီးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization - WHO) ရဲ့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Rabindra Abeyasinghe တိုက်တွန်းခဲ့ပါတယ်။

Share

Loading Next Article...
က္က