အဆိုတော်လည်းဖြစ် မိခင်တစ်ယောက်လည်း ဖြစ်တဲ့ စိုးပြည့်ပြည့်စံက မျှဝေပြောပြထားပါတယ်။

ကလေးတိုင်းနဲ့မတူ ကျန်းမာရေးမှာ တစ်မူထူးခြားလှတဲ့ သားလေး ဘုန်းပြည့်ပိုင် ကို မေမေ စိုးပြည့်ပြည့်စံတစ်ယောက် အခုလို ကာလမှာ အရမ်းကို ဂရုစိုက်နေရတာပါ။ကူးစက်ရောဂါတွေကို စိုးရိမ်နေရတာဖြစ်လို့ သားလေး ကျန်းမာရေးအတွက် အိမ်မှာနေရင်း ဂရုစိုက်ဖြစ်နေတဲ့ နည်းလမ်းကောင်းလေးတွေကို အဆိုတော် စိုးပြည့်ပြည့်စံက အခုလို ပြောပြခဲ့ပါတယ်။ 

ရာသီဥတုနဲ့လိုက်လျောညီထွေတဲ့ အဝတ်အစားနဲ့ အစားအသောက်

“အခုချိန်မှာ ကလေးကျန်းမာရေးနဲ့ပတ်သက်လို့ အဖျားက အဓိက ဖြစ်နေတာပေါ့။ တုပ်ကွေးဆိုလည်း အဖျားက စတာပဲ၊ ကိုဗစ် ဆိုလည်း အဖျားက စမှာပဲဆိုတော့ ကလေးကို အဖျားတိုင်းကရိယာလေးနဲ့ အမြဲတိုင်းပေးဖြစ်တယ်။ အဝတ်အစားကအစ ရာသီဥတုအပေါ် မူတည်ပြီးတော့ ဝတ်ပေးဖြစ်တယ်။ အေးပြီဆိုရင် ဘောင်းဘီရှည်၊ အကျင်္ီလက်ရှည်ပေါ့။ ပူရင်လည်း စပန့်အသားလေးတွေနဲ့ အေးမယ့် အရာလေးတွေ ဝတ်ပေးဖြစ်တယ်။ အစားအသောက်ဆိုလည်း ရေကို များများသောက်ဖို့ လေ့ကျင့်ပေးတယ်။ ကလေးဆိုတာက ဒီနေ့မှာ ဒီအစားအစာကို ကြိုက်ပေမယ့် နောက်နေ့မှာ ကြိုက်ချင်မှ ကြိုက်တာလေ။ မနက်မိုးလင်းတိုင်း သားအတွက် အစား (၃)မျိုးလောက် လုပ်ပေးဖြစ်တယ်။ သူကြိုက်တာလေး စားစေချင်တယ်။ ကလေးတွေက ကိုယ်ခံအားနည်းလို့မဖြစ်ဘူး ၊ ဒါကြောင့် နေကောင်းအောင် နေဖို့ မနည်းကြိုးစားရတယ်။ အစ်မ အနုပညာနဲ့ပတ်သက်ပြီး အဆိုတော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ လုပ်ခဲ့ဖူးတယ်။ အခုလောက်မပင်ပန်းဘူး။ ကလေးတစ်ယောက်ကို ထိန်းမှပဲ ကိုယ်တိုင်လဲ ကျိုးပဲ့ ပင်ပန်းတော့တာပဲ” ရယ်ရယ်မောမော နဲ့ ပြောပြခဲ့တာပါ။ 



မိသားစုအတူတူ စျေးဝယ်ထွက်ပေးပါ

 “ဒီကာလက အခုဆိုရင် (၂) နှစ်တောင်ဖြစ်သွားပြီ။ သားသားကိုပဲ ပိုဦးစားပေးနေရတယ် ကျန်တဲ့ လူမှုရေး၊ စီးပွားရေးတွေကိုတော့ ပြန်ပြီး Control လုပ်ရတယ်ပေါ့။ကျန်းမာရေးဆိုရင်လည်း ကလေးဆိုတာက လူကြီးတွေလို ဘာဖြစ်တယ် ညာဖြစ်တယ် ပြောနိုင်တာ မဟုတ်တော့ ကလေးတွေ တစ်ခုခုဖြစ်ရင် ကိုယ်ပဲ စိတ်ဆင်းရဲရမှာလေ။ ရောဂါအခြေအနေကြောင့် အောက်လည်း သိပ်ဆင်းလေ့မရှိတဲ့အတွက် မုန့်ဆိုလည်း ရက်(၂၀) လောက်မှ တစ််ခါဆင်းဝယ် ၊ ဟင်းစားဆိုလည်း တစ်လစာ အမြဲဝယ်ထားလေ့ရှိတယ်။ ဒါပေမယ့် စျေးဝယ်ထွက်ရင် သားသားကို ခေါ်တယ်။ အိမ်ထဲမှာပဲနေတာများရင် ကလေးရဲ့ ဦးနှောက်က အလုပ်သိပ်မလုပ်တော့ဘူးလေ ။ ဒါကြောင့် စျေးဝယ်ထွက်တဲ့အခါတွေဆိုရင် ကလေးလည်း အပန်းပြေတယ်၊ ပျော်တယ်။ သူပျော်တော့ မိဘတွေလည်း စိတ်ချမ်းသာရပါတယ်" လို့ ဆိုပါတယ်။ 

Photo: Soe Pyae Pyae San Facebook

ကိုယ့်ရင်သွေးလေးတွေအပေါ် မျှော်လင့်ချက်တွေ မထားစေချင်

“ ကလေးတွေကို ငယ်ငယ်ကတည်းကနေ ကြီးလာတဲ့အထိ စောင့်ရှောက်မှုပေါင်းများစွာနဲ့ စောင့်ရှောက်ရမှာပါ။ ဒီကလေးက ကိုယ့်ဆီရောက်လာတဲ့အတွက် ကိုယ့်မှာ တာဝန်ရှိတယ်။ ကလေးရဲ့ ကောင်းတာဆိုးတာက ကိုယ့်တာဝန်ဖြစ်လို့ သားလေးအတွက် အစ်မက မိခင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်။ မိန်းကလေးတိုင်း ကလေးမွေးနိုင်တယ်၊ မိခင်ဖြစ်နိုင်တယ် သို့ပေမယ့် မိခင်ကောင်းဖြစ်ဖို့လိုတယ်။ ရင်သွေးလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာတွေအပြင် ကလေးဖြစ်ချင်တဲ့ ပန်းတိုင်ကို ရောက်အောင် ပံ့ပိုးပေးနိုင်မယ့် မိခင်ကောင်းဖြစ်ချင်တယ်။ သားသမီးအပေါ် မျှော်လင့်ချက်ဆိုတာကြီးကို မထားဘူး။ သူတို့ ဘယ်လောက်ပဲ ရာထူးကြီးကြီး၊ ချမ်းသာလာ ချမ်းသာလာ ဒါတွေကို မျှော်ကိုးဖို့ထက် ကိုယ့်သားသမီးက အမြင့်တစ်ခုရောက်ဖို့ ပံ့ပိုးပေးချင်တဲ့စိတ်ပဲရှိတယ်။ အဲဒီအတွက် အမြဲတမ်းကြိုးစားပြင်ဆင်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ကလေးအတွက် ဘာတွေ ပေးဆပ်ထားရသလဲ

“ အနုပညာရှင်တစ်ယောက်ကနေ မိခင်တစ်ဦးဖြစ်လာတဲ့ အချိန်မှာ နောက်ထပ် စိုးပြည့်ပြည့်စံ တစ်ယောက် ပြောင်းသွားသလိုပဲ။ သားလေး မွေးလာကတည်းက သူနည်းနည်းလေးဖြစ်ရင်တောင် ကိုယ့်မှာ စိတ်တွေပူရတာ မအိပ်နိုင်ဘူး။ သူသာ များများဖြစ်ရင် ကိုယ်နေလို့ရမှာ မဟုတ်ဘူး။ သားသား မနက် မျက်လုံး ပွင့်လာတာကနေစပြီး ညဘက်သူအိပ်ချိန်အထိက အစစအရာရာ ကိုယ်ပဲလုပ်ပေးနေရတာ။ တစ်ခါတလေ မဆူချင်လည်း ဆူရတယ် ကိုယ်ဆူမှလည်း သူက အိပ်တတ်တာ။ သူ အိပ်မှ၊ စားမှ ကျန်းမာမှာဆိုတော့ ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ နည်းမျိုးစုံ ကြိုးစားရတယ်။ အစ်မက အမှန်အတိုင်းပြောရရင် ကလေးကို သိပ်မသင်ပေးတတ်ပါဘူး။ ဒါပေမယ့် ဒီလိုကာလမျိုးမှာ ကလေးအတွက် ဘယ်လိုအရာတွေက အဓိက ကျနိုင်သလဲဆိုတာတွေကို လိုက်လေ့လာပြီးတော့ သူ့ကို သင်ပေး၊ ပြုစုပေးတာတွေတော့ လုပ်ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။ 

အဆိုတော် စိုးပြည့်ပြည့်စံဟာ လက်ရှိမှာ ခင်ပွန်းဖြစ်သူ ကိုအောင်သူပိုင်၊ သားလေး ဘုန်းပြည့်ပိုင် တို့နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။ အနုပညာအလုပ်တွေ ခဏတာ ရပ်နားထားပေမယ့် အွန်လိုင်းစာမျက်နှာတွေ၊ သတင်းမီဒီယာတွေကနေတဆင့် သူတို့ရဲ့ မိသားစုဘဝလေးတွေကို အမြဲတမ်း မျှဝေပေးနေတဲ့သူတစ်ဦးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က