ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ပန်းတိုင်၊ မဖြစ်နိုင်တဲ့ ပန်းတိုင်မျိုးတွ မချမှတ်ပါနဲ့။

လူတိုင်းအနာဂတ်တွေ ပျောက်ဆုံးနေတဲ့ အခုလိုကာလမှာ ရှေ့ဆက် ဘာတွေ ဖြစ်လာမလဲဆိုတာ တွေးပူတာထက်  တစ်နေ့တာမှာ အကောင်းဆုံး ဘယ်လိုရှင်သန်နေထိုင်ကြမလဲ လို့ စဥ်းစားတာက အကောင်းဆုံးပါပဲ။ 

ဒီတော့ ဒီလိုခက်ခဲနေတဲ့ကာလမှာ တစ်နေ့တာမှာ အကောင်းဆုံးဘယ်လို ဖြတ်သန်းကြမလဲ Professional Counsellor တစ်ဦးဖြစ်တဲ့ L.Diana Seng Hkawn မှဆွေးနွေးအကြံပြုချက်ကို ကြည့်ရအောင်။ 

Photo: Forbes

တစ်နေတာ့မှာလုပ်နိုင်တဲ့ ပန်းတိုင်အသေးလေးတွေကိုချမှတ်ပါ

တစ်နေ့တာအတွက်  ပန်းတိုင်အသေးတွေကိုချမှတ်တဲ့အခါ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာပေါ်မူတည်ပြီး ပန်းတိုင်အသေးတွေကို ချမှတ်ပါ။ ပြီးရင် အောင်မြင်အောင်လုပ်ပါ။ မနက်မိုးလင်းတာနဲ့ ဘာတွေလုပ်မလဲလို့ စဥ်းစားတဲ့အခါ ကိုယ့်လုပ်နိုင်မယ့် အရာတွေကို အရင်ဆုံးစဥ်းစားပါ။ ဒီနေ့တစ်နေ့တာအတွက် ကျန်းမာအောင်လုပ်မယ်။ အသစ်တစ်ခုခုသင်ယူနိုင်အောင်လုပ်မယ်။တစ်ခြားသူကို တစ်ခုခု ကူညီနိုင်အောင်လုပ်မယ်လို့ တွေးပါ။ အဲဒီလို တွေးပြီး အနည်းဆုံးတစ်ခုစီတော့ အောင်မြင်အောင် လုပ်ပါ။ 

ဖြစ်နိုင်ချေရှိတဲ့ပန်းတိုင်အသေးတွေကို အောင်မြင်အောင်လုပ်ပါ

တစ်နေ့တာမှာ ကျန်းမာအောင်လုပ်မယ်လို့ တွေးထားပြီးတော့ တစ်နေ့လုံး အရွက်တွေချည်း တစ်ဇလုံလောက်စားလိုက်မယ်ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး။ ကိုယ်က မစားနိုင်တဲ့အခါ စိတ်ဆင်းရဲရပါတယ်။ ဥပမာ- ကိုယ်က မနက်တုန်းကတော့ လေ့ကျင့်ခန်းလုပ်မယ်။  အဂ်လိပ်စာလေ့လာမယ်ဆိုပြီး အစီအစဥ်ချထားပေမယ့် ညနေကျရင် မလုပ်ဖြစ်ခဲ့ဘူး။ အဲဒီလို မလုပ်ဖြစ်တဲ့အခါ စိတ်ဆင်းရဲရပါတယ်။ ဒါကြောင့် တစ်နေ့တာမှာကိုယ့်အတွက် ဖြစ်နိုင်တဲ့ ပန်းတိုင်အသေးလေးတွေကို အောင်မြင်အောင် လုပ်ပါ။ 

Photo: Forbes

ပန်းတိုင်အသေးတွေက ဝန်ထုပ်ဝန်ပိုးမဖြစ်ပါစေနဲ့

ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ပန်းတိုင်၊ မဖြစ်နိုင်တဲ့ ပန်းတိုင်မျိုးတွ မချမှတ်ပါနဲ့။ အခုချိန်က ခါတိုင်းနဲ့ မတူတဲ့အတွက် အဲဒီလို ချမှတ်ဖို့ အဆင်မပြေနိုင်ပါဘူး။ ဥပမာ- စျေးရောင်းတဲ့သူဆို ဒီနေ့ ဘယ်နှစ်ခု ရောင်းရအောင်လုပ်မယ်ဆိုပြီးတော့ စီစဥ်ထားပေမယ့် အခုလို ကျပ်တည်းနေတဲ့ကာလမှာ အဲဒီလို Target ပြည့်ဖို့ မလွယ်ကူနိုင်ပါဘူး။  ဒီနေ့ ရုံးကနေ အိမ်ကို တစ်နာရီလောက် လမ်းလျှောက်မယ်ဆိုပြီးတော့ စဥ်းစားလိုက်တယ်။ ဒါပေမယ့် အခုလိုကာလ လမ်းပေါ်မှာ သွားလာဖို့ စိတ်ချရတဲ့ အခြေအနေ မဖြစ်တဲ့အခါ ဒါမျိုးလုပ်ဖို့ မလွယ်ကူပါဘူး။ အဲဒီအခါကျ ငါမလုပ်လိုက်နိုင်ဘူးဆိုပြီးတော့ စိတ်ပင်ပန်းစေနိုင်ပါတယ်။ အဲဒါကြောင့် တစ်နေ့တာအတွက် To Do List လုပ်ဖို့ စဥ်းစားထားပေမယ့် အဲဒါတွေ အကုန်မလုပ်နိုင်ရင် ကိုယ်ပဲ စိတ်ဖိစီးမှု ပိုများနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာအတွက် လုပ်မယ့်အရာတွေကို အစီအစဥ်အတိအကျဆွဲထားတာထက် ဖြစ်စဥ်ပေါ်မူတည်ပြီး လုပ်တာပိုကောင်းပါတယ်။ 

တစ်ပါးသူကို ကူညီပေးရတဲ့ စိတ်ကျေနပ်မှု 

လူဆိုတာ ကိုယ်က ပေးရတဲ့ ခံစားချက်နဲ့ ကိုယ်က ယူရတဲ့ခံစားချက်မှာ ယူရတဲ့ ခံစားချက်က ကောင်းတယ်လို့ ဆိုနိုင်ပေမယ့် ပေးရတဲ့ခံစားချက်က ပိုပြီးကောင်းနိုင်ပါတယ်။ ယူရတဲ့ခံစားချက်က ကိုယ့်အတွက် ပစ္စည်းတစ်ခုခု ဝယ်လိုက်တယ်ဆိုရင် ဒါလေးရသွားတယ်ဆိုပြီးတော့ ပျော်တဲ့ခံစားချက်တစ်ခုပဲ ရသွားပါတယ်။ အသွားအပြန်မရှိပါဘူး။ ကိုယ်က ပေးလိုက်နိုင်တယ်ဆိုရင်တော့ အသွားအပြန် ခံစားချက်ရနိုင်ပါတယ်။ ကိုယ်က ပေးလိုက်ရလို့ စိတ်ချမ်းသာသလို ယူလိုက်တဲ့သူမှာလည်း ပျော်သွားတဲ့ခံစားချက် ရစေပါတယ်။ ယူလိုက်တဲ့သူ စိတ်ချမ်းသာတယ်ဆိုတာလည်း မြင်ရတဲ့အခါမှာ စိတ်ခံစားချက်က အသွားအပြန်  ရှိသွားပါတယ်။ အဲဒီတော့ သူများကို ကူညီပေးတယ်လို့ ဆိုတဲ့အခါ အကြီးအကျယ်လုပ်ပေးဖို့ ဆိုလိုတာမဟုတ်ပါဘူး။  လူတိုင်း ခက်ခဲနေတဲ့ဒီလို အခြေအနေမှာ  ရင်ဖွင့်စကားလာပြောတဲ့အခါ  အနည်းဆုံး ကိုယ်က နားထောင်ပေးမှုမျိုးနဲ့ ကူညီပေးပါ။ ကူညီရတဲ့အတွက်လည်း စိတ်ချမ်းသာရသလို တစ်ပါးသူ အဆင်ပြေသွားတယ်ဆိုရင်လည်း ကူညီပေးလိုက်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်ပါတယ်။

သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့  L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က