ဒန်နီအဲလ်ဗက်စ်ကတော့ ဘာစီလိုနာကို သံယောစဥ်ရှိနေဆဲပါ။

ဂန္တဝင် ညာနောက်ခံလူ ကစားသမားကြီး ဒန်နီအဲလ်ဗက်စ်က ဘာစီလိုနာသာ လိုအပ်မယ်ဆိုရင် ပြန်လာကစားပေးဖို့ အဆင်သင့်ပဲလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာမှာ ဘရာဇီးကလပ် ဆော်ပေါ်လိုနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် လက်ရှိအချိန်ထိ အသင်းလက်မဲ့ဖြစ်နေဆဲပါ။



အဲလ်ဗက်စ်အနေနဲ့ နူးကမ့်မှာ အောင်မြင်တဲ့ ဘောလုံးရာသီ (၈) ခုကို ဖြတ်သန်းခဲ့ပြီး ဘာစီလိုနာအနေနဲ့ သူမရှိတော့တဲ့ ညာနောက်ခံလူနေရာကို လုံလုံလောက်လောက် အစားထိုးနိုင်ခြင်းမရှိသေးပါဘူး။ ဘာစီလိုနာဟာ ဒီဘောလုံးရာသီမှာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး အသင်းက အဆင့် (၉) နေရာအထိ ရောက်ရှိနေပါတယ်။

အဲ့ဒါကြောင့်လည်း အသက် (၃၈) နှစ်အရွယ် အဲလ်ဗက်စ်က သူ့အနေနဲ့ အသင်းအတွက် အကောင်းဆုံး ပြန်လည်ပေးဆပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေတာပါ။ ဒါနဲ့ပတ်သက်လို့ အဲလ်ဗက်စ်က “ဘာစီလိုနာအနေနဲ့ ကျွန်တော့်ကို လိုအပ်လာနိုင်ပါတယ်။ ကျွန်တော် အမြဲတမ်းပြောခဲ့တာရှိပါတယ်”

“ကျွန်တော် ဘာစီလိုနာက ထွက်ခွာခဲ့ရတာက သူတို့ရှိသင့်တဲ့လမ်းကြောင်းပေါ် ရှိမနေလို့ပါ။ ကျွန်တော် အသင်းက ထွက်ခွာလာပြီးတည်းက ဘာစီလိုနာမှာဖြစ်ပျက်နေတဲ့အရာတွေက ခင်ဗျားလည်း မြင်ချင်မယ့်အရာတွေမဟုတ်ပါဘူး”

“တကယ်လို့ ဘာစီလိုနာက ကျွန်တော့်ကို လိုအပ်တယ်ဆိုရင် ကျွန်တော်ရှိနေပါသေးတယ်။ ကျွန်တော် ဒီအသင်းအတွက် အများကြီး လုပ်ပေးနိုင်ပြီး အသင်းကို ချစ်မြတ်နိုးသလို လေးလည်းလေးစားပါတယ်။ လိုအပ်တယ်ဆိုရင်တော့ ကျွန်တော့်ကိုသာ ခေါ်လိုက်ပါ”

“ကျွန်တော် ဘယ်နေရာကမဆို ပါဝင်ကူညီနိုင်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘာစီလိုနာမှာလည်း အခု အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေ အများကြီးရှိနေတယ်လေ” လို့ ပြောကြားသွားခဲ့ပါတယ်။ အဲလ်ဗက်စ်ဟာ (၂၀၁၆) မှာ ဘာစီလိုနာက ထွက်ခွာလာပြီးနောက်ပိုင်း ဂျူဗင်တပ်စ်၊ PSG တို့လို နာမည်ကျော်အသင်းတွေမှာ ကစားခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီအိုလံပစ်မှာလည်း ဘရာဇီးနဲ့အတူ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

Share

က္က