မျက်လုံးအောက်က မျက်အိတ်တွေ၊ မျက်ကွင်းညိုနေတာတွေကို ဒီနည်းလမ်းတွေနဲ့ ကုသလို့ ရနိုင်ပါလိမ့်မယ်။ မျက်လုံးရဲ့ အောက်မှာ မျက်အိတ်တွေ တွဲကျနေတာ ၊ မျက်ကွင်းကြီးတွေညိုနေတာက ကိုယ့်ရဲ့ ယုံကြည်မှု နဲ့ အလှအပတွေကို ပျက်စေတယ်လို့ ခံစားနေရတဲ့ သူတွေအတွက် ဒါတွေကို ဖျောက်ဖျက်လို့ ရနိုင်မယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်။
Photo: Medical News Today
၁။ လက်ဖက်စိမ်းအိတ်ကို အသုံးပြုပါ
ကဖင်းဓာတ်ပါတဲ့ လက်ဖက်အိတ်တွေဟာ မျက်လုံးတစ်ဝိုက်က အိတ်တွေ၊ မျက်ကွင်းညိုတာတွေကို ကုသပေးနိုင်ပါတယ်။ လက်ဖက်ရည်မှာပါတဲ့ကဖင်းဓာတ်ဟာ အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါ ၀ င်ပြီး အရေပြားကိုသွေးစီးဆင်းမှုကိုမြင့်တက်စေနိုင်တဲ့အပြင် ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ပေးပြီးအိုမင်းရင့်ရော်မှုကိုနှေးကွေးစေပါတယ်။ လက်ဖက်ရည်ဖျော်ပြီးသား လက်ဖက်ခြောက်အိတ်တွေကို ဗူးသန့်သန့်လေးနဲ့ ထည့်ပြီး ရေခဲသေတ္တာထဲမှာ မိနစ် ၂၀ ထားပါ။ မိနစ် ၂၀ ပြည့်ရင်တော့ အရည်တွေညှစ်ချပြီး ရလာတဲ့အရည်တွေကို မျက်ဝန်းတစ်ဝိုက်ပေါ် လိမ်းပါ။ လက်ဖက်အိတ်လေးတွေကိုတော့ မျက်လုံးပေါ် ၁၅ မိနစ်ကနေ မိနစ် ၃၀ ထိ တင်ထားလို့ ရပါတယ်။
Photo: Healthline
၂။အအေးဓာတ်နဲ့ ကုသပါ
အအေးဓာတ်ရှိတဲ့ အရာဝတ္ထုပစ္စည်းတွေ နဲ့လည်း ကုသလို့ ရပါသေးတယ်။ အအေးဓာတ်ဟာလည်း မျက်ကွင်းညိုတာ ၊ မျက်အိတ်တွဲတာတွေကို ကုသနိုင်တဲ့အစွမ်းရှိပါတယ်။ အေးနေတဲ့ဇွန်း ၊ သခွားသီး ၊ ရေစိုအဝတ် ၊ ခရမ်းချဉ်သီး ၊ အာလူး စတာတွေက အေးနေခဲ့တယ်ဆိုရင် ဒါတွေကို အသုံးပြုပြီး မျက်အိတ်တွဲတာ ၊ မျက်ကွင်းညိုတာတွေကို ဖျောက်လို့ရပါတယ်။ အထက်ကပြောထားတဲ့ အရာဝတ္ထု အေးအေးလေးတွေကို မျက်လုံးပေါ် ၁၅ မိနစ်ကနေ မိနစ် ၃၀ လောက်ထိ တင်ထားရုံပါပဲ။
Photo: Freepik
၃။ရေဓာတ်ပြည့်ဝအောင် နေပါ
ရေဓာတ်ခမ်းခြောက်လာပြီဆိုရင် မျက်ကြည်လွှာအောက်မှာ မျက်အိတ်တွေ တည်လာတော့တာပါပဲ။ ဒါ့ကြောင့် ရေဓာတ်လုံလောက်စွာ ရှိနေဖို့ အမြဲဂရုထားသင့်ပါတယ်။ ရေကြိုက်တဲ့သူမဟုတ်ဘူးဆိုရင်တောင် သစ်သီးဖျော်ရည် ၊ ရေနွေးကြမ်း ၊ ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဖရဲသီး ၊ နာနတ်သီး စတာတွေကို စားသုံးပေးသင့်ပါတယ်။
Photo: Freepik
၄။ အိပ်ယာမဝင်ခင် မိတ်ကပ်ဖျက်ပါ
ညတိုင်း အိပ်ယာမဝင်ခင် မိတ်ကပ်တွေကို ဖျက်တာက မျက်အိတ်တွေ ဖြစ်မလာအောင် တားဆီးပေးနိုင်ပါတယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်ယာဝင်လိုက်မယ်ဆိုရင် မျက်အိတ်တွေတင်မက မျက်နှာမှာ နီမြန်းယောင်ရမ်းလာတာ ၊ ရောဂါပိုးတွေ ပွားစေတာ ၊ အရေးအကြောင်းတွေ ဖြစ်စေတာနဲ့အတူ အသားအရေကိုလည်း ပျက်စီးစေပါတယ်။
၅။ အနည်းဆုံး ၈နာရီအိပ်ပါ
တစ်နေ့ကို ဘယ်နှနာရီ အိပ်သလဲဆိုတာကလည်း အဖြေပါပဲနော်။ အိပ်စက်ချိန်နည်းသူတွေအဖို့ မျက်ကွင်းညိုတာက အံ့သြစရာတော့ မရှိပါဘူး။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ တစ်နေ့ကို ၇ နာရီကနေ ၈ နာရီအတွင်း အိပ်သင့်ပါတယ်။ အိပ်မယ်ဆိုရင်လည်း ခေါင်းအုံးအမြင့်နဲ့ အိပ်တာက မျက်အိတ်တွဲခြင်းကို ကာကွယ်ပေးပါတယ်။
Photo: iStock
၆။ ဆေးလိပ်နဲ့ အရက်ကို ရှောင်ကြဉ်ပါ
အရက်သောက်ခြင်းဟာ ခန္ဓာကိုယ်အတွင်းက ရေဓာတ်ကို ပိုမိုခမ်းခြောက်စေတဲ့အတွက် မျက်ကွင်းညိုတာ ၊ မျက်အိတ်တွဲတာတွေကို ဖြစ်ပေါ်စေပါတယ်။ ထို့အတူ ဆေးလိပ်သောက်ခြင်းဟာလည်း အသားအရောင်ပြောင်းတာ ၊ အရေးအကြောင်းတွေပေါ်လာတာ နဲ့ မျက်ကွင်းညိုတာ ၊ မျက်အိတ်တွဲတာတွေကို ဖြစ်စေနိုင်တဲ့အတွက် ဒီနှစ်မျိုးကို ရှောင်ကြဉ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ မရှောင်နိုင်သူတွေအဖို့ လျှော့သောက်ဖို့ အကြံပေးပါရစေ။
ဒီအချက် (၆)ချက်ကို သေချာ လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ မျက်အိတ်တွဲတာ ၊ မျက်ကွင်းညိုတာတွေ တဖြေးဖြေးနဲ့ သက်သာပျောက်ကင်းသွားမှာ သေချာပါတယ်။
Reff; healthline