Work From Home ဖြစ်တဲ့အတွက် ကိုယ်တစ်ယောက်တည်းပဲ ရုံးအလုပ်တွေ လုပ်နေရတယ်လို့ ထင်သွားနိုင်ပါတယ်။

မြန်မာနိုင်ငံမှာကိုဗစ်ကပ်စတင်ချိန်ကတည်းကလုပ်ငန်းအများစု Work From Home လုပ်နေတာ အခုဆို ၂ နှစ်ကျော် ဝန်းကျင်လောက်တောင် ရှိနေပါပြီ။

၂ နှစ်ဆိုတဲ့အချိန်အတွင်းမှာအများစုက Work From Home လုပ်ရတာ အသားကျလာပြီဆိုပေမယ့် လက်ရှိ ကပ်ရောဂါဘေးအပြင် နိုင်ငံရေး အခြေအနေတွေကြောင့် လူတွေဟာ အနည်းနဲ့အများ စိတ်ဖိစီးမှု ကြုံတွေ့နေကြ ရပါတယ်။ ဒါ့အပြင် အခုလိုအခြေအနေမှာ Work From Home လုပ်ရတဲ့အခါမှာ   ဘယ်လိုစိတ်ဖိစီးမှုတွေ ထပ်ဖြစ်လာနိုင်ပါသလဲ။ 

Photo: SHRM

အထီးကျန်သလို ခံစားလာရတယ် 

Work From Home ကြောင့် လူတော်တော်များများ စိတ်ဖိစီးမှုတွေ ဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ မြန်မြန်ဆန်ဆန် ပြောဆို ဆွေးနွေးရတာ မရှိတော့ဘဲ Online Platform တွေကတစ်ဆင့် အသွားအပြန်လုပ်ရတဲ့အခါ နားလည်မှုလွဲတာလေးတွေ ရှိလာနိုင်ပါတယ်။ အဲဒီအခါမှာ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တဖြည်းဖြည်းဝေးကွာလာပြီး အထီးကျန်လာသလို ခံစားလာရတာပါ။ 

Photo: The Economic Times

ကိုယ်တစ်ယောက်တည်း အလုပ်ရှုပ်နေတယ်လို့ ထင်သွားစေတာ 

Work From Home ဖြစ်တဲ့အတွက် ကိုယ်တစ်ယောက်တည်းပဲ ရုံးအလုပ်တွေ လုပ်နေရတယ်လို့ ထင်သွားနိုင်ပါတယ်။ ရုံးမှာကျတော့ ဘေးချင်းကပ်ရက်မှာ အလုပ်လုပ်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ့တဲ့အခါ သူလိုကိုယ်လိုပဲလို့ ခံစားရစေပါတယ်။ Work From Home လုပ်ရတဲ့အခါ အိမ်မှာ ကိုယ်တစ်ယောက်တည်း ကွန်ပြူတာတစ်လုံးနဲ့ ထိုင်နေရပြီး ဘေးမှာ ကိုယ့်လိုအလုပ်လုပ်နေတဲ့သူတွေလည်း မရှိတော့  တစ်ယောက်တည်း မောလိုက်တာဆိုပြီး တွေးကောင်းတွေးနေနိုင်ပါတယ်။ 

Photo: Healthline

မိသားစုကြောင့် အနှောင့်အယှက်ဖြစ်ရတာ 

မိသားစုထဲမှာ ကလေးငယ်လေးတွေ ရှိတဲ့သူတွေအနေနဲ့ Work From Home လုပ်တဲ့အခါ ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဥပမာ- အစည်းအဝေးလုပ်နေ ရင်း ကလေးက ထငိုတာ၊ တအားဆော့တာ မျိုးတွေ ဖြစ်လာတဲ့အခါ အစည်းအဝေးလုပ်နေတဲ့တစ်ခြားသူတွေကို အားနာရစေပါတယ်။ အထူးသဖြင့် အလုပ်လုပ်မယ့် သီးသန့် အခန်းတွေ မရှိတဲ့သူဆို ပိုပြီးခက်ခဲပါတယ်။ ဒီအခန်းထဲမှာပဲ ကလေးလည်းထိန်းရ၊ အိမ်အလုပ်တွေလည်း လုပ်ရ၊  ရုံးအလုပ်တွေလည်း လုပ်ရတဲ့အခါ အကန့်အသတ်တွေ မရှိတော့ဘဲ ပိုပြီး ပင်ပန်းလာသလို ခံစားရစေပါတယ်။ 

Photo: Inc.Magzine

အပြောင်းအလဲမရှိသလို ခံစားရပြီး မွန်းကျပ်လာတာ

အရင်တုန်းကတော့ အလုပ်ပြီးသွားရင် အလုပ်ကို ရုံးမှာ ထားခဲ့လို့ ရပါတယ်။ အိမ်ပြန်လာရင် ပတ်ဝန်းကျင် အသစ်ကို ရောက်သွားသလို ဖြစ်သွားပါတယ်။  ရုံးက ပြန်လာမှ တွေ့ရတာဆိုတော့ မိသားစုပတ်ဝန်းကျင်က ကိုယ့်အတွက် အသစ်လိုဖြစ်နေပါတယ်။ အခုတော့ အိမ်ကနေအလုပ်လုပ်ရတဲ့အခါမှာ တစ်နေကုန် အလုပ်နဲ့ မိသားစုကိစ္စတွေနဲ့ ‌ေရာထွေးနေပြီး မိမိကိုယ်တိုင်ကလည်း အပြင်လောကကိုလည်း မထိတွေ့ ရတဲ့အခါမှာ ပိုပြီး ငြီးငွေ့လာပါတယ်။ အဲဒီအခါမှာ စိတ်မရှည်တော့တာ၊  အာရုံစိုက်လို့မရတော့တာ တွေ ဖြစ်တတ်ပါတယ်။ အပြောင်းအလဲမရှိတဲ့အခါကျတော့ ဦးနှောက်ကလည်းတန့်နေပြီးတော့ ဘယ်အရာကိုမှ ကွန့်မြူးပြီး မစဥ်းစားနိုင်တော့ပါဘူး။ 

Photo: Healthline

Work From Home အတွင်း စိတ်ဖိစီးမှု ဘယ်လိုလျှော့ချမလဲ

Work From Home လုပ်ကြတဲ့အခါ အရင်ဆုံး ဒါက ကိုယ်တစ်ယောက်တည်းလုပ်ရတာမဟုတ်ဘူးလို့ တွေးပါ။ အလုပ်လုပ်မယ့်သီးသန့်နေရာလေးသတ်မှတ်ပြီး အလုပ်လုပ်ဖို့ အချိန်ဇယားတစ်ခုခုတိတိကျကျသတ်မှတ်ပါ။ ထမင်းစားချိန်လေး၊ အနားယူချိန်လေးသတ်မှတ်ပါ။ အနားယူချိန်မှာ သီချင်းနားထောင်တာ၊သူငယ်ချင်းတွေနဲ့ ခဏ စကားပြောတာ စသဖြင့် ကိုယ် အဆင်ပြေတဲ့နည်းလမ်းနဲ့ အနားယူလို့ ရပါတယ်။ 

သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့  L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။


Share

က္က