သီတင်းကျွတ်ကာလ ချောင်းသာကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေကို ခရီးသွားမယ့်သူတွေအနေနဲ့ ခရီးသွားထောက်ခံစာနဲ့မှတ်ပုံတင် မဖြစ်မနေယူဆောင်သွားဖို့လိုအပ်ပြီး၊ ကာကွယ်ဆေးထိုးပြီးသူတွေအနေနဲ့လည်း ဆေးထောက်ခံချက်ကိုတပါတည်းယူဆောင်သွား သင့်တယ်လို့ ပုသိမ်ဒေသခံတွေက အကြံပြုပြောဆိုလိုက်ပါတယ်။
အဲ့ဒီကမ်းခြေတွေရဲ့သက်ဆိုင်ရာမြို့နယ်တွေမှာ က ခရီးသွားဝင်ရောက်ခွင့်ပြုထားပေမယ့် ပုသိမ်မြို့အဝင်စစ်ဆေးရေးဂိတ်မှာက ကာကွယ်ဆေးထိုးပြီးသူကိုသာ ဝင်ရောက်ခွင့်ပြုခြင်းအပါအဝင် စစ်ဆေးမှုတွေရှိနိုင်တာကြောင့် ထောက်ခံစာအပြည့်အစုံလိုအပ်တာဖြစ်တယ်လို့ သိရပါတယ်။
" ကာကွယ်ဆေး ထိုးပြီးကြောင်း ထောက်ခံစာပြရတယ်လို့ ကြားတယ်။မပါရင်လည်း ကိုဗစ်စစ်ပေးတာမျိုးရှိတယ်လို့သိရတယ်။ အဓိက ခရီးသွားထောက်ခံစာ၊ မှတ်ပုံတင်ကတော့လိုတယ်။စစ်တာတော့ စစ်နေတာပဲ။ပူသိမ် ကိုးဆူဂိတ်ပေါ့။ ကိုယ့်မှာအပြည့်အစုံပါထားရင် သူတိူ့စစ်တော့လည်းပြနိုင်တယ်။မစစ်တော့လည်း ဘာမှမဖြစ်ဘူးပေါ့။ ခရီးသွားမယ်ဆိုရင် ကိုယ့်ဘက်က safe ဖြစ်အောင်လုပ်ထားတာအကောင်းဆုံးပဲ " လို့် ပုသိမ်ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ သီတင်းကျွတ် ပိတ်ရက်မှာ ချောင်းသာနဲ့ ငွေဆောင် ကမ်းခြေကို လာရောက်ဖို့ အတွက် ဟိုတယ်အခန်း ကြိုတင်မှာယူမှုတွေရှိနေတဲ့အပြင် ခုကတည်းက လာရောက်အပန်းဖြေနေကြသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
" ဘွတ်ကင်တွေတော့ ရှိတယ်။အခန်းအားလုံးပြည့်တာမျိုးတော့မဟုတ်ဘူး။ ဖွင့်တဲ့ဟိုတယ်တွေကတော့ ကျန်းမာရေးဌာနရဲ့စစ်ဆေးပြီးမှဖွင့်ထားကြတာ။ ခရီးသည်တွေအနေနဲ့လည်း ကိုဗစ်စည်းကမ်းနဲ့အညီ နေပြီး တည်းခိုအနားယူလို့ရပါတယ် " လို့ ချောင်းသာဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းကျော်ဦးကပြောပါတယ်။
နောက်ပြီး ချောင်းသာကမ်းခြေမှာ သီတင်းကျွတ်ကာလအတွက် လုံခြုံရေးအင်အားချထားမှုအနေနဲ့ဆိုရင် ရဲတပ်ဖွဲ့ နဲ့စစ်တပ်အပါ အဝင် ဌာနဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ရေပြင်သက်ကယ်အဖွဲ့၊ကမ်းခြေသန့်ရှင်းရေးအဖွဲ့အင်အား ပေါင်း ၅၀ ဖြင့်နေ့စဉ် လုံခြုံရေးစောင့်ကြည့်ပေးသွားမှာဖြစ်တယ်လို့ ချောင်းသာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကသိရပါတယ်။
" ချောင်းသာမှာ ခုတောင် ခရီးသွားတွေရောက်နေပြီ။ဟိုတယ်တွေဆိုလည်း ၈၀ ရာခိုင်နှုန်း လောက်တော့ ပြည့်နေပြီ။ ပွဲတော်ကာလက ဧည့်သည်များတဲ့အချိန်ဖြစ်တော့ မလိုလားအပ်တာတွေမဖြစ်အောင်၊ဧည့်သည်တွေ ဘေးအန္တရာယ်ကင်းကင်းနဲ့အနားယူနိုင်အောင် ရည်ရွယ်ချက်နဲ့လုံခြုံရေးဆောင်ရွက်တာပါ "လို့ ချောင်းသာမြို့နယ်အုပ်ချုပ်ရေးမှူး ဦ်းကျော်သူကပြောပါတယ်။
လက်ရှိ ချောင်းသားကမ်းခြေမှာတော့ ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနလိုင်စင်ရ ဟိုတယ် ၃၀ ကျော်ရှိတဲ့အထဲက ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်ဖွင့်နေတဲ့ ဟိုတယ် ၁၆ လုံးရှိပြီး၊ တည်းခိုခန်းက ၂၀ ကျော် ဖွင့်ထားတယ်လို့သိရပါတယ်။
ငွေဆောင်ကမ်းခြေမှာတော့ ဖွင့်လှစ်နေပြီဖြစ်တဲ့ ဟိုတယ်အလုံး ၃၀ လောက်ရှိတယ်လို့ သိရပါတယ် ။
Share