စိတ်ဖိစီးမှုတွေနဲ့ချည်း နေ့စဉ်ရင်ဆိုင်နေရတယ်။ ဘာမဟုတ်တာလေးတွေကို စိုးရိမ်ပူပန်နေရပြီး နှလုံးခုန်မြန်တာ၊ လက်ဖဝါးမှာ ချွေးစီးတွေပြန်တာ ၊ စိတ်ဖိစီးမှုတွေ များနေရပါတယ်ဆိုတဲ့သူတွေအတွက် စိတ်ပြန်တည်ငြိမ်ပြီး စိုးရိမ်စိတ်တွေ လျော့ကျစေနိုင်မယ့် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးပါရစေ။
Photo: Times of India
၁။ကိုယ့်ရဲ့ စိုးရိမ်စိတ်ကို မေးခွန်းထုတ်ပါ
ကိုယ်က တစ်ခုခု ကို အလွန်အမင်းစိုးရိမ်နေမိပြီဆိုရင် အဲဒီစိတ်နဲ့ ပတ်သက်ပြီး သေချာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်ထုတ်ပါ။ ကိစ္စရပ်တွေအပေါ် အဆိုးမြင်နေတာတွေ များနေပြီဆိုရင်လည်း ဘာမှမဟုတ်ဘဲနဲ့ကို စိုးရိမ်နေတတ်ပါတယ်။ တကယ်ကော ဒီကိစ္စက စိုးရိမ်ရသလား၊ ဖြေရှင်းဖို့ နည်းလမ်းမရှိနိုင်တော့ဘူးလားဆိုတာကို သေချာပြန်တွေးပြီး မေးခွန်းထုတ်ဖို့ လိုပါတယ်။
Photo: Sunwarrior
၂။ အသက်ရှုသွင်း ရှုထုတ်လုပ်ကြည့်ပါ
တရားထိုင်ခြင်းနဲ့ ပုံစံတူပါတယ်။ ကိုယ့်ရဲ့ ဝင်လေထွက်လေကိုပဲ အာရုံထားပြီး ရှူသွင်းရှူထုတ်လိုက်တာမျိုးပါ။ အသက်ရှူသွင်းရှုထုတ်လုပ်တာက နှလုံးခုန်မြန်တာတွေကို နှေးကွေးစေပြီး စိတ်ကို တည်ငြိမ်လာစေပါတယ်။
Photo: Medical News Today
၃။ရနံ့ကုထုံးကိုသုံးပါ
ခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာကနေ ဝယ်ယူလို့ရတဲ့ ရနံ့ကုထုံးတွေအများကြီးပါပဲနော်။ ဆီပုံစံ ၊ နံ့သာဆီမီးပုံစံ ၊ ဖယောင်းတိုင်ပုံစံ စတဲ့ ပုံစံမျိုးစုံရှိပါတယ်။ ရနံ့တွေမှာလည်း လာဗင်ဒါရနံ့ ၊ chamomile ရနံ့ စန္ဒကူးနံ့သာ စတဲ့ ကိုယ်ကြိုက်နှစ်သက်ရာ ရနံ့တွေကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။ ရနံ့ကုထုံးတွေဟာလည်း စိတ်ကို သက်သောင့်သက်သာဖြစ်စေပြီး အတွေးတွေ၊ စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးနိုင်ပါတယ်။
Photo: Shape Magzine
၄။လမ်းလျှောက်တာ ဒါမှမဟုတ် ယောဂကျင့်တာ ပြုလုပ်ပါ
စိုးရိမ်ပူပန်မှုတွေ လျော့ချဖို့ဆိုတာ ကိုယ့်ရဲ့ အတွေးတွေကို ပစ်ချဖို့လိုအပ်ပါတယ်။ ၁၅ မိနစ်လောက် လမ်းလျှောက်တာ ဒါမှမဟုတ် ယောဂကျင့်တာတွေက စိုးရိမ်သောကရောက်နေတဲ့ အခြေအနေတွေကို လျှော့ချပစ်ဖို့အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါပဲ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ် အာရုံတွေ စုစည်းလိုက်တာဟာ ကိုယ့်ရဲ့ အတွေးထဲက စိုးရိမ်မှုတွေကို ရှင်းထုတ်လိုက်နိုင်စေပါတယ်။
Photo: Gulf News
၅။အတွေးတွေကို ချရေးပါ
ခေါင်းထဲမှာ စိုးရိမ်ပူပန်စရာတွေက များနေတယ်။ ဘာလုပ်ရမလဲမသိတော့ဘူးဆိုရင် ကိုယ့်ကို စိုးရိမ်ပူပန်စေတဲ့ အတွေးတွေကို ချရေးလိုက်တာကလည်း အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို နံပါတ်စဉ်တပ်ပြီး ချရေးလိုက်ခြင်းဟာ အတွေးထဲက ကြောက်နေတဲ့ စိုးရိမ်သောကတွေကို လျော့နည်းသွားစေတာကို အံ့သြဖွယ်ကောင်းအောင် ကြုံတွေ့ရပါလိမ့်မယ်။
ဒီအချက် ၅ ချက်ကတော့ နေ့စဉ်ဘဝမှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေအောင် စိုးရိမ်သောကများသူတွေအတွက် အသုံးတည့်မယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။
Ref; healthline.com