ဒီလို အကြပ်အတည်းကာလမှာ ကလေးမရအောင်တားထားဖို့ စိတ်အားထက်သန်နေတဲ့ ဇနီးမောင်နှံတွေအတွက် သန္ဓေတားနည်းအမျိုးမျိုးကို ပြောပြပေးချင်ပါတယ်။ ဒီသန္ဓေတားနည်းတွေထဲက ကိုယ်နဲ့ အဆင်ပြေကိုက်ညီမယ့် သန္ဓေတားနည်းကို ရွေးချယ် အသုံးပြုလို့ရနိုင်ပါတယ်။
ရေတိုလား ၊ ရေရှည်လား
သားဆက်ခြားနည်းလမ်းတွေမှာဆိုရင် ရေတိုသုံးမှာလား၊ ရေရှည်သုံးမှာလားဆိုတာကို အမြဲ ထည်စဉ်းစားဖို့ လိုပါတယ်။
၁။ ရေရှည်သုံး သားဆက်ခြားနည်းများ
-သားအိမ်ထဲ ပစ္စည်းထည့်ခြင်း
-လက်မောင်းထဲ ပစ္စည်းထည့်ခြင်း တို့ပဲဖြစ်ပါတယ်။
Photo: The Indian Express
သားအိမ်ထဲကို ပစ္စည်းထည့်ခြင်း
သားအိမ်ထဲကို ပစ္စည်းထည့်တာကတော့ ဟော်မုန်းမပါတဲ့ ပစ္စည်းထည့်တာပဲဖြစ်ပါတယ်။ ကာလအားဖြင့်တော့ ငါးနှစ်ခံပါတယ်။ သားအိမ်ထဲ ပစ္စည်းထည့်ထားမယ်ဆိုရင် ငါးနှစ်လောက် သားဆက်ခြားထားလို့ ရပါတယ်။
လက်မောင်းထဲကို ပစ္စည်းထည့်ခြင်း
လက်မောင်းထဲကို ပစ္စည်းထည့်တာကတော့ ပရိုဂျက်စတင် ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းလမ်းပါ။ အဲဒါကတော့ ကာလအားဖြင့် ၃နှစ်ခံရှိသလို ၅ နှစ်ခံတာတွေလည်း ရှိပါတယ်။
ဒီသားဆက်ခြားနည်းနှစ်မျိုးကတော့ ကြာကြာရှည်ရှည် သုံးချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
၂။ ရေတိုသားဆက်ခြားနည်းများ
-Depo သုံးလခံထိုးဆေး
-မိမိဘာသာထိုးနိုင်တဲ့ သုံးလခံဆေး
-တားဆေးကဒ်
-ကွန်ဒုံးအသုံးပြုခြင်း တို့ပဲဖြစ်ပါတယ်။
Photo: Medical News Today
Depo သုံးလခံထိုးဆေး
ရေတိုသားဆက်ခြားချင်တယ်ဆိုတဲ့ သူတွေအတွက်ကတော့ ပရိုဂျက်စတင် ဟော်မုန်းပါတဲ့ ၃လခံဆေး အများအခေါ် Depo ထိုးကြတယ်ဆိုတဲ့ သုံးလခံဆေးရှိပါတယ်။ ဆေးခန်းမှာ ဆရာဝန်နဲ့တိုင်ပင်ပြီး ထိုးရမှာပါ။
မိမိဘာသာထိုးနိုင်တဲ့ သုံးလခံဆေး
နောက်တစ်ခုကတော့ အခုမှ အသစ်ပေါ်လာတဲ့ မိမိဘာသာ ထိုးလို့ရတဲ့ သုံးလခံထိုးဆေးလည်းထိုးလို့ ရပါသေးတယ်။ အရေပြားအောက်မှာ ထိုးနှံလို့ ရတဲ့ သုံးလခံထိုးဆေးပါ။
တားဆေးကဒ်
နောက်တစ်ခုကတော့ နေ့စဉ်ဆေးသောက်နိုင်တယ်ဆိုရင်တော့ တစ်နေ့တစ်ခါ သောက်လို့ ရတဲ့ တားဆေးကဒ်တွေကို သောက်သုံးလို့ ရပါတယ်။ တားဆေးကဒ်ကို သောက်မယ်ဆိုရင်တော့ ရာသီစလာတဲ့ ပထမဆုံးရက်ကနေ ၃ရက်မြောက်ရက်ကနေ စသောက်သုံးတာ အကောင်းဆုံးပါပဲ။ အမျိုးသားနဲ့ အတူ မနေသေးဘူးဆိုရင်တော့ ဘယ်ရက်ကနေ စသောက်သောက် ရပါတယ်။
Photo: Medical News Today
ကွန်ဒုံးအသုံးပြုခြင်း
နောက်တစ်ခုကတော့ အမျိုးသမီးကော အမျိုးသားကော နှစ်ယောက်စလုံး သဘောတူတယ်ဆိုရင်တော့ ကွန်ဒုံးအသုံးပြုတဲ့နည်းလမ်း ကိုလည်း အသုံးပြုနိုင်ပါတယ်။
အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေကတော့ ဆေးဝါးတွေ အသုံးပြုပြီးတော့ သားဆက်ခြားတဲ့ နည်းလမ်းတွေပါ။
သဘာဝအရတားဆက်ခြားနည်း
ဆေးဝါးမသုံးဘဲ သဘာဝအရ သားဆက်ခြားလို့ ရပါသေးတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ သားဉကြွေမယ့် ရက်ကို မှတ်ပြီး အတူနေတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။ ဒီနည်းလမ်းတွေကတော့ ကလေးမရအောင် တားဆီးတဲ့ နေရာမှာ ရာနှုန်းပြည့် စိတ်ချရတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။
ရာနှုန်းပြည့် စိတ်ချချင်တယ်ဆိုရင်တော့ အထက်ကပြောခဲ့တဲ့ ရေရှည်နည်းလမ်းနဲ့ ရေတိုနည်းလမ်းတွေကို အသုံးပြုပြီး သားဆက်ခြားနိုင်ပါတယ်။
ဖော်ပြခဲ့တဲ့နည်းလမ်းတွေထဲက ကိုယ်နဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်းကို အသုံးပြုပြီး သန္ဓေတားဆီးနိုင်ပါတယ်။
သတင်းဆောင်းပါးပါအချက်အလက်များသည် သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာငြိမ်းမိုးသော်မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။