ကလေးဆိုတာ မိဘနဲ့တစ်သားတည်းပါပဲ။

ကလေးက ဖျားပြန်ပြီ… အရမ်း ဆော့တာပဲ… ထမင်းလည်း ကောင်းကောင်းမစားဘူး စသဖြင့် မိဘတွေ ရဲ့ ညည်းတွားသံတွေကို လူတိုင်းကြားဖူးကြမှာပါ။

တကယ်တော့ ကလေးတွေမှာ ဖြစ်တတ်တဲ့ ဒီအပြုအမူတွေက စိုးရိမ်စရာကိစ္စတော့မဟုတ်ပါဘူး။ မိဘတွေကတော့ ကိုယ့်သားသမီးဖြစ်တဲ့အတွက် အရာရာကို အကောင်းဆုံးဖြစ်ချင်ကြတဲ့စေတနာကြောင့် စိုးရိမ်စိတ်လွန်ကဲစေနိုင်သလို တစ်ချို့သော သတိမထားမိတဲ့ အချက်တွေကလည်း မိဘတွေမှာ စိုးရိမ်စိတ်လွန်ကဲနေတာကို ပြသနေပါတယ်။



ခေတ်အဆက်ဆက် အသားကျနေတဲ့ မိဘအုပ်ထိန်းမှုပုံစံတွေ

Photo: First Cry Parenting

မိဘတွေအနေနဲ့ ကိုယ့်ကလေးအပေါ် စိုးရိမ်စိတ်လွန်ကဲမှုဖြစ်ရခြင်းမှာ လက်ဆင့်ကမ်းလာတဲ့ မိဘတွေရဲ့ အုပ်ထိန်းမှုပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခေတ်အစဥ်အဆက်မှာ မိဘတွေက ကလေးတွေကို ဖိအားပေးပြီးတော့ ထိန်းကျောင်းတဲ့ပုံစံကို အသားကျနေကြပါပြီ။ လက်ရှိမှာ မိဘဖြစ်လာသူတွေဟာ ကိုယ်သားသမီးဘဝတုန်းက ထိန်းကျောင်းခံရတဲ့ပုံစံမျိုးနဲ့ ကိုယ့်သားသမီးကို အုပ်ထိန်းချုပ်ကြတာများပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်ခေတ် မိဘတွေထိန်းကျောင်းခဲ့တဲ့ပုံစံမျိုးမှမလုပ်ရရင် ကိုယ့်ကလေးတစ်ခုခု အမှားဖြစ်သွားမှာ စိုးရိမ်နေတာကြောင့်ပါ။

ကလေးဖွံဖြိုးမှုပုံစံကို ကြိုတင်မလေ့လာထားတာ

Photo: InsideHook

ကလေးဆိုတာ ဘယ်အရွယ်မှာ ဘယ်လိုကြီးထွားလာတဲ့ဆိုတဲ့ ပုံစံတွေ ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ မိဘတော်တော်များများက ကလေးမွေးတော့မယ်ဆို ကလေးဖွံဖြိုးမှု၊ ကလေး ကိုထိန်းကျောင်း ရတဲ့ပုံစံတွေကို သိထားတာမရှိကြပါဘူး။ မိဘတွေက ကလေးသဘာဝကို နားမလည်ကြတဲ့အခါ စိုးရိမ်လွန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကလေးနဲ့ပတ်သက်ပြီးသိရမယ့်အသိပညာမရှိတာ၊ သင်ပေးမယ့် စနစ်မရှိတာ၊ မိဘတွေဆီကလက်ဆင့်ကမ်းလာတဲ့ အုပ်ထိန်းမှုစနစ်တွေကြောင့် မလိုအပ်ဘဲကလေးကြောင့် စိတ်ဖိစီးမှု များနေကြတာဖြစ်ပါတယ်။

မိဘတွေစိုးရိမ်စိတ်လွန်ကဲခြင်းအကျိုးဆက်တွေ

Photo: Vancouver

ကလေးဆိုတာ မိဘနဲ့တစ်သားတည်းပါပဲ။ အထူးသဖြင့် ပထမတစ်နှစ်မှာ မိဘနဲ့တစ်သားတည်းဖြစ်နေတတ်ပါတယ်။ မိခင်ဗိုက်ကနေ ထွက်လာပြီး ၄ လ ၅ လလောက်အထိ ကလေးက သူဟာ မိခင်ဝမ်းရဲ့အပြင်ကို ရောက်နေပြီလို့ မသိကြပါဘူး။ မိခင်နဲ့တစ်တွဲတည်းလို့ထင်နေတဲ့အခါ မိဘ ရဲ့ စိုးရိမ်ပူပန်မှုတွေက ကလေးကိုလည်း ကူးစက်စေပါတယ်။ အမေနဲ့ကလေးက ချက်ကြိုးကနေဆက်ပြီး ၉ လလုံးလုံးနေလာတဲ့အခါ စိတ်ခံစားမှုတွေက အစ အမေမှာ တစ်ခုခုဖြစ်ရင် ကလေးမှာလည်း ဖြစ်တတ်ပါတယ်။ အဲဒီတော့ မိခင်မှာ စိတ်ဖိစီးမှုဖြစ်နေရင် မွေးကင်းစကလေးတွေမှာလည်း ဖြစ်နေပါတယ်။  

လုံခြုံမှုမရှိဘူးလို့ ခံစားလာရတာ

Photo: Wonderwall

ကလေးတွေတဖြည်းဖြည်းအရွယ်ရောက်လာတဲ့အခါ မိဘတွေရဲ့ ပြောဆိုဆက်ဆံပုံတွေကိုကောင်းမွန်နေဖို့ အ ရေးကြီးပါတယ်။ ဥပမာ- အဖေနဲ့အမေပြောဆိုပုံတွေက ခါတိုင်းနဲ့မတူဘဲ လေသံနည်းနည်းမာတာမျိုးဖြစ်သွားတဲ့အခါ ကလေးမှာ ချက်ချင်းသိပါတယ်။ မိခင်နဲ့ဖခင် ဆက်ဆံ ရေးမပြေလည်နေတဲ့အခါ ကလေးကလည်း သူ့အတွက် လုံခြုံမှုမရှိဘူးလို့ ခံစားရတတ်ပါတယ်။ မိဘတွေက ရန်ဖြစ်နေတာ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်နေပြီဆိုရင် ကလေးမှာလည်း စိတ်ပိုင်းဆိုင်ရာပြဿနာတွေ များလာတတ်ပါတယ်။

ပြောဆိုဆက်ဆံရေးကို အထူးသတိပြုပါ

Photo: Best Life

ငယ်စဥ်ဘဝမှာ မိဘနဲ့ကလေး ဆက်ဆံရေး၊ မိဘနှစ်ယောက်ကြား ဆက်ဆံရေးက အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ကလေးနဲ့ အတူနေတဲ့သူတွေအနေနဲ့ ပြောဆိုဆက်ဆံရေးတွေ အပြုအမူတွေကိုအထူးသတိပြုဖို့ လိုပါတယ်။ ကလေးဆိုတာ မျက်မြင်တွေ့ တာတွေကို အတုယူတတ်သလို ဦးနှောက်ကလည်း မှတ်ယူတတ်ပါတယ်။မိဘတွေ ရဲ့ ပြောဆို ဆက်ဆံမှုတွေက ကလေးအတွက် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေ ရှိစေပါတယ်။


သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့ L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။



 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က