ပိုက်ဆံချမ်းသာလည်း ဖြည့်ဆည်းလို့မရတဲ့ စိတ်ချမ်းသာမှုကို ပြောပြခဲ့တာပါ။

အဆိုတော် စိန်လင်းက အခုလို ကိုဗစ်ကာလမှာ အသက်(၇၀) ကျော်လာပြီဖြစ်တဲ့ မိဘနှစ်ပါးကို ကိုယ်တိုင်ပြုစု စောင့်ရှောက်ပေးနေသူဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သူကိုယ်တိုင်ကလည်း ဂရုတစိုက်နေထိုင်သလို မိဘနှစ်ပါးကိုလည်း ကျန်းမာရေး ဗဟုသုတွေ ပြောပြလေ့ရှိတယ်လို့ သိရပါတယ်။ 

Photo: Sein Lin ( Aroma)

ကိုဗစ်ကြောင့် ပြန်ဆုံခဲ့ကြတဲ့ မိသားစု 

“ကျွန်တော် (၁၀) နှစ်ကျော်အကြာ မိဘတွေနဲ့ အတူတူ မနေဖြစ်ခဲ့ဘူး အလုပ်ထဲမှာပဲ ရုန်းကန်နေရတာများတယ်။ အခု မိဘတွေနဲ့ အတူတူနေရတဲ့ အချိန်မှာ ကိုဗစ်ရောဂါအပြင် တခြားရောဂါတွေ မဖြစ်ရလေအောင် အားရှိတဲ့ အစားအစာတွေ သေချာကျွေးတယ် ၊ ဆေးဆိုလည်း အင်အားဖြစ်စေမယ့် ဆေးပေါ့ ကျွန်တော် လေ့လာပြီး တိုက်တယ်။ ကိုယ်တိုင်ကလည်း မလိုအပ်တဲ့ ရောဂါတွေ ဖြစ်မလာအောင် အဆီချလေ့ကျင့်ခန်းတွေ လုပ်တယ်။ အဆီကြောင့် ဖြစ်လာမယ့် ရောဂါအမျိုးမျိုးကို ကြိုတင်ဖယ်ရှားတာပေါ့ခင်ဗျာ။ အခုချိန်ထိ မပြီးပြတ်နိုင်သေးတဲ့ ကိုဗစ်ရောဂါပိုးရဲ့  First Wave ကတည်းက  ဒီရောဂါဟာ ဘယ်လောက် အချိန်တွေ ကြာမယ် မသိတာကြောင့် အခုလို အချိန်မှာ ကိုယ့်မိဘတွေကို အချိန်ပေးသင့်တယ်လို့ ကျွန်တော် မြင်မိတယ်။ လောကကြီးမှာ ပိုက်ဆံတွေ ဘယ်လောက်ပဲရှိရှိ  ကိုယ့်မိသားစုနဲ့ နွေးနွေးထွေးထွေးနေထိုင်ဖို့ အချိန်ပေးသင့်နေပြီ ဆိုပြီးတော့ ကိုဗစ်က ပေးတဲ့ တရား ရခဲ့တယ်” လို့ ဆိုပါတယ်။ 

Photo: Sein Lin ( Aroma)

မိဘတွေရဲ့ ခံစားချက်ကို သိအောင်ကြိုးစားပါ 

 “ ကျွန်တော်က မိဘတွေနဲ့ အတူတူပြန်နေဖြစ်တဲ့ တစ်နှစ်မှာ ဘာတွေ ပိုသိလာသလဲဆိုရင် မိဘတွေကို ကိုယ်က ကလေးတစ်ယောက်လို ပြန်ပြီးတော့ စောင့်ရှောက်ပေးရမယ်။ အမေဆိုရင် အခု လမ်းလျှောက်တာကအစ ယိုင်တိယိုင်တိုင်ဖြစ်လာတယ်၊ စကားပြောတာကအစပေါ့လေ။ ကိုယ့်မျက်စိထဲမှာတော့ မိဘတွေနဲ့ အတူတူမနေဖြစ်တဲ့အချိန်တုန်းက လူကောင်းတစ်ယောက်လို့ ထင်ခဲ့တာ။ အခု အတူတူနေကြတော့ မိဘတွေ တကယ်လိုအပ်တာက စကားပြောဖော်လိုချင်တဲ့ ခံစားချက်ကို မြင်မိတယ်။ အရွယ်ရောက်ပြီးသား သားသမီးတွေမှာ သိချင်လည်း သိမယ်  မသိတဲ့သူတွေလည်း မသိသေးဘူး။ တကယ်တော့ မိဘတွေက အသက်ကြီးလာတာနဲ့အမျှ သားသမီးရဲ့မေတ္တာကို လိုချင်တာ။ အရင်တုန်းကဆိုရင် လစဉ် ပိုက်ဆံထောက်ပံ့ပေးနေတာကို မိဘတွေအတွက် ဖူလုံနေပြီလို့ထင်ပေမယ့် တကယ်တမ်းကျတော့ ပိုက်ဆံက အဓိက မဟုတ်ဘူး” လို့ ဆက်လက် ပြောပြခဲ့တာပါ။ 


Photo: Sein Lin ( Aroma)

စိန်လင်း(Aroma)ပြောပြတဲ့ ငွေထက်အရေးအကြီးဆုံးအရာ  

“ အခုဆို အဖေ နဲ့ အမေ စားချင်တာလေးတွေ ချက်ကျွေးတယ် ။ ကိုဗစ် နည်းနည်းလေး ငြိမ်လာလို့ အပြင်ထွက်လို့ ရလာတဲ့အခါမှာ စိတ်ပြေလက်ပျောက် အပြင်တွေ ခဏတဖြုတ် ခေါ်သွားဖြစ်တယ်။ အသက်ရှင်နေရတဲ့ ဘဝမှာ  ကျွန်တော်တို့ အသက်ဘယ်လောက်အထိ နေရမယ် မသိဘူး။ အတူတူရှိနေကြတဲ့ အချိန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နွေးနွေးထွေးထွေး နေနိုင်ခြင်းက ချမ်းသာခြင်းအစစ်အမှန်လို့ ယူဆပါတယ်။ တကယ်လို့ ဒီအင်တာဗျူးလေးကြည့်နေမယ့် ကျွန်တော့် အဖေနဲ့ အမေ အမြဲတမ်းကျန်းမာပါစေ။ ကျွန်တော်အသက်ရှင်နေသ၍ အဖေ နဲ့ အမေကို ကျေးဇူးဆပ်မယ်။ ဒီစကားကို အဖေ နဲ့အမေရဲ့ ရှေ့မှာ မပြောခဲ့ပေမယ့် ဘုရားရှိခိုးတိုင်း အမြဲ ကတိပေးလေ့ရှိတဲ့ စကားပါ။ လောကကြီးမှာ ပိုက်ဆံချမ်းသာမှ ဘဝက အဓိပ္ပာယ်ရှိတယ်လို့ ထင်ခဲ့တာ ဒါပေမယ့် ကိုဗစ်ကပြလိုက်တဲ့ တရားက ချမ်းသာခြင်းဆိုတာ ငွေကြေးကြောင့်မဟုတ်ပါဘူး။ ပိုက်ဆံချမ်းသာပေမယ့်လည်း ကိုဗစ်နဲ့ ကွယ်လွန်သွားကြတာတွေရှိတယ်။ ပိုက်ဆံက ဘဝရဲ့ ချမ်းသာခြင်းမဟုတ်ဘူး။ ကျန်းမာခြင်းကသာ ဘဝရဲ့ ချမ်းသာခြင်းပါ” လို့ သူက ဆိုပါတယ်။ 

စိန်လင်း(Aroma) ဟာ အနုပညာလောကမှာ အဆိုတော်၊ ဒါရိုက်တာ အလုပ်ကို လုပ်ကိုင်နေသူတစ်ယောက်ပါ။ ဒါ့အပြင် ကိုယ်တိုင်ဦးစီးဆောင်ရွက်နေတဲ့ Aroma Wedding Studio  နဲ့  D D Star စိန် ရောင်းဝယ်ရေးကိုလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။ လက်ရှိမှာ သူချစ်ရတဲ့ မိဘနှစ်ပါးနဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ဖြတ်သန်းနေသူပါ။ 



Share

Loading Next Article...
က္က