Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ရဲ့ လက်ရှိချမ်းသာမှုဟာ ထရီလီယံနာဖြစ်လို့ ၄ ပုံ ၁ ပုံမက ခရီးရောက်လာပြီ ဖြစ်ပါတယ်။
ဒီတစ်ပတ် တနင်္လာနေ့ကတော့ အီလွန်မတ်စ်အတွက် မင်္ဂလာရှိတဲ့နေ့တစ်နေ့ပါပဲ။ သူ့ရဲ့ Tesla ကားကုမ္ပဏီဟာ ကားအငှားဝန်ဆောင်မှုကုမ္ပဏီ Hertz ကို Tesla Model 3 ဆီဒင်ကားပေါင်း ၁ သိန်း ရောင်းဖို့ စာချုပ်ချုပ်နိုင်ခဲ့တယ်လို့ Forbes သတင်းမှာ ဖော်ပြထားပါတယ်။ Hertz ကုမ္ပဏီဘက်ကနေ Tesla ထုတ် လျှပ်စစ်ကားအစီးရေ ၁ သိန်း ဝယ်မယ့် အစီအစဉ်ကို လူသိရှင်ကြား ကြေညာလိုက်ပြီးတဲ့နောက် Tesla ရဲ့ရှယ်ယာတစ်စုတန်ဖိုးဟာ ၁၂.၆၆% တက်လာပြီး ၁၀၂၄.၈၆ ဒေါ်လာ ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
Photo: The Wire
Hertz လို ကားအငှားဝန်ဆောင်မှုလုပ်ငန်းကို Tesla လျှပ်စစ်ကားအစီးရေ ၁ သိန်းရောင်းချနိုင်တာဟာ Tesla အတွက် အောင်မြင်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီကားအစီးရေ ပမာဏဟာ Hertz ရဲ့ တစ်ကမ္ဘာလုံးရှိ ကားအစင်းရေရဲ့ ၂၀% ရှိပြီး အရောင်းအဝယ်တန်ဖိုးဟာ ဒေါ်လာ ၄.၂ ဘီလျံ တန်ကြေးရှိပါတယ်။ Tesla Model 3 ကားတွေကို Hertz အနေနဲ့ လာမယ့် နိုဝင်ဘာလကစပြီး အမေရိကန် မြို့ကြီးတွေနဲ့ ဥရောပ မြို့ကြီးတွေမှာ အငှားဝန်ဆောင်မှုမှာ သုံးသွားမှာပါ။
Tesla ကုမ္ပဏီသမိုင်းမှာ ရှယ်ယာဈေး ဒေါ်လာ ၁၀၀၀ နဲ့ အထက် ရောက်ခဲ့တာ အခုတစ်ကြိမ်က ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ သောကြာနေ့က ကုမ္ပဏီရဲ့ရှယ်ယာဈေးဟာ တစ်စုကို ၉၉၈.၂၂ ဒေါ်လာ ပေါက်ခဲ့တာပါ။ ရှယ်ယာဈေး စံချိန်တင်ထိုးတက်ခဲ့ပြီးနောက် Tesla ဟာ ဈေးကွက်တန်ဖိုးဒေါ်လာ ၁ ထရီလီယံကျော်တန်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကုမ္ပဏီကို လူအများရှယ်ယာဝယ်နိုင်အောင် Publicly Traded ကုမ္ပဏီအဖြစ် ပြောင်းပြီး ၁၁ နှစ်အကြာမှာ အခုလို ဒေါ်လာထရီလီယံတန်လုပ်ငန်း ဖြစ်လာတာပါ။
Tesla ဟာ ဈေးကွက်တန်ဖိုးဒေါ်လာ ၁ ထရီလီယံကျော်တန်တဲ့ Apple ၊ Amazon ၊ Facebook ၊ Google တို့နဲ့ တစ်တန်းထည်းအဖြစ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ အီလွန်မတ်စ်ဟာ Tesla ကုမ္ပဏီရှယ်ယာရဲ့ ၂၀% ဝန်းကျင် ပိုင်ဆိုင်ထားပါတယ်။ သက်ရှိထင်ရှား ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့သူဟာ Amazon တည်ထောင်သူ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးသူဌေး ဂျက်ဖ်ဘီဇော့ထက် ဒေါ်လာ ဘီလျံ ၁၀၀ နီးပါး ပိုပြီး ချမ်းသာသူလည်း ဖြစ်ပါတယ်။
Photo: businessinsider
ရှယ်ယာဈေး စံချိန်တင်ထိုးတက်ပြီးနောက် Tesla ကုမ္ပဏီ ဒေါ်လာ ထရီလီယံတန်လုပ်ငန်းဖြစ်လာသလို Tesla သူဌေး အီလွန်မတ်စ်ရဲ့ ကြွယ်ဝမှုလည်း တစ်ရက်တည်းနဲ့ ဒေါ်လာ ၃၆.၂ ဘီလျံ ထပ်တက်လာတယ်လို့ Bloomberg က ဆိုပါတယ်။ Bloomberg ရဲ့ မှတ်တမ်းအရ တစ်ရက်တည်းနဲ့ ဒီလောက်အထိ ချမ်းသာလာတာမျိုး မကြုံဖူးဘူးလို့လည်း ဆိုပါတယ်။ လက်ရှိမှာ အီလွန်မတ်စ်ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၂၈၈.၆ ဘီလျံအထိ ရှိနေပြီလို့ Bloomberg က ခန့်မှန်းထားပါတယ်။
မတ်စ်ရဲ့ ချမ်းသာမှုဟာ Toyota ရဲ့ ဈေးကွက်တန်ဖိုး ဒေါ်လာ ၂၈၂ ဘီလျံထက်တောင် များနေသလို Tesla ပြိုင်ဘက်တွေ ဖြစ်တဲ့ General Motors (ဈေးကွက်တန်ဖိုး ဒေါ်လာ ၈၃.၉ ဘီလျံ) နဲ့ Ford (ဒေါ်လာ ၆၂.၈ ဘီလျံ) တို့ထက်ပါ သိသိသာသာ မြင့်မားနေတာ ဖြစ်ပါတယ်။ Morgan Stanley ရင်းနှီးမြှပ်နှံမှုလုပ်ငန်းကတော့ မတ်စ်ဟာ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ ဖြစ်လာနိုင်တဲ့လူလို့ပါ ဟောကိန်းထုတ်ထားပါတယ်။