မြန်မာနိုင်ငံမှာက အမျိုးသားနဲ့ အမျိုးသမီးမှာ ကလေးထိန်းကျောင်းမှုက အမေအလုပ် ၊ အဖေက ကလေးအတွက် ပိုက်ဆံ ရှာရင် ရပြီလို့ သတ်မှတ်ကြတာများပါတယ်။

မြန်မာနိုင်ငံမှာတော့ ယဥ်ကျေးမှုလို့ ဆိုလေမလား။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက သတ်မှတ်ကြတဲ့ ရှေးရိုးဆန်အယူအဆတွေလို့ ပြောလေမလား။ အမျိုးသမီးတွေဆိုရင် အိမ့်ထောင့်တာဝန်၊ ကလေးကိစ္စ အဝဝကို အဓိက တာဝန်ယူရမယ်လို့ သတ်မှတ်ကြတာများပါတယ်။

ကလေးတစ်ယောက်မွေးလာပြီဆိုတာနဲ့ ကလေးကိစ္စကို မိခင်တွေက လုပ်ရမယ်။ အမျိုးသားတွေက ပိုက်ဆံပေးရင် တာဝန်ကျေပြီလို့ သတ်မှတ်လိုက်ကြတာများပါတယ်။ အဲဒီလို သတ်မှတ်မှုတွေ ကြောင့် အမျိုးသမီးတွေမှာ ဖိအားတွေ ပိုများလာပြီး စိတ်ဖိစီးမှုတွေ ဖြစ်ရပါတယ်။

ယဉ်ကျေးမှုလိုဖြစ်နေတဲ့ မိခင်တွေအပေါ်အပြစ်တင်မှု

Photo: Baby Chick

အဓိကက ကလေးနဲ့ ပတ်သက်ပြီး မိခင်နဲ့ဖခင် နှစ်ယောက်မျှယူရမယ့် ဖိအားကို အမေတစ်ယောက်ပဲ တာဝန်ယူ ရတာများပါတယ်။ ကလေးနေမကောင်းဖြစ်တယ်ဆိုလည်း အမေကြောင့် ဖြစ်တာ၊ အမေက ဂရုတစိုက်မနေလို့ အစားမှားလို့ ဆိုပြီးတော့ မိသားစုတွေ ဆွေမျိုးတွေ ဘေးပတ်ဝန်းကျင်တွေက  ပြစ်တင်ဝေဖန်ကြပါတယ်။ ဒါက ယဥ်ကျေးမှုတစ်ခုလို ဖြစ်နေတာပါ။

မမျှတတဲ့ကလေးတာဝန်ခွဲဝေမှု

Photo: Tampa

မြန်မာနိုင်ငံမှာက အမျိုးသားနဲ့ အမျိုးသမီးမှာ ကလေးထိန်းကျောင်းမှုက အမေအလုပ် ၊ အဖေက ကလေးအတွက် ပိုက်ဆံ ရှာရင် ရပြီလို့ သတ်မှတ်ကြတာများပါတယ်။ ကလေးတစ်ယောက်ကြောင့် ရတတ်တဲ့ စိတ်ဖိစီးမှုတွေကို  အမျိုးသားတွေက သိပ်ပြီး မယူတတ်ကြပါဘူး ။ အမျိုးသားအများစုက ဖာသိဖာသာပဲ နေတတ်တဲ့ သဘောမျိုးတွေ ရှိတတ်ကြပါတယ်။ အများသတ်မှတ်တာက အစ ကလေးထိန်းတဲ့အလုပ်က မိန်းမအလုပ်၊ ယောက်ျားအလုပ်မဟုတ်ဘူးဆိုပြီး ပြောဆိုကြတဲ့အခါ အမျိုးသမီးတွေမှာ ဖိအားပိုများရပါတယ်။

ပြစ်တင်မှုတွေ၊ဖိအားပေးမှုတွေကြောင့်ဖြစ်လာရတဲ့ စိတ်ရောဂါအခြေအနေ

Photo: Beattranist

အမျိုးသမီးတွေဟာ စိတ်မကျန်းမမာဖြစ်လွယ်ပြီး စိတ်ရောဂါဖြစ်နိုင်ချ ရာခိုင်နှုန်းပိုများတယ်လို့ သုတေသနစာတမ်းတွေက ဆိုပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲတာ၊ အရက်အလွန်အကျွံသောက်တာတွေကြောင့် ဖြစ်လာတဲ့ စိတ်ရောဂါတွေပြီးရင် စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့အမျိုးသမီးတွေရဲ့စိတ်ရောဂါက တတိယနေရာမှာရှိနေတာပါ။ စိတ်ရောဂါဖြစ်တဲ့သူတွေက များသောအားဖြင့် အခြေခံလူတန်းစားနဲ့ အလယ်အလယ်တန်းစား က အမျိုးသမီးတွေ ပိုများပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအပါအဝင် ဆင်းရဲတဲ့ နိုင်ငံတွေမှာ  ပိုပြီးဖြစ်တာများပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့  စည်းမျဥ်းစည်းကမ်းတွေ၊  ယောက်ျားလေးနဲ့ မိန်းကလေးပေါ်မှာ ရှုမြင်တဲ့ပုံစံတွေ ကွဲပြားနေတာကြောင့် အမျိုးသမီးတွေမှာ ဖိအားတွေ များနေ ရတာဖြစ်ပါတယ်။ ကျားမဖြစ်တည်မှုအပေါ် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက သတ်မှတ်လိုက်တဲ့ စည်းမျဥ်းစည်းကမ်းတွေကြောင့် အမျိုးသမီးတွေဟာ ကလေးတစ်ယောက်မွေးလာပြီဆိုတာနဲ့ အိမ့်ထောင်တာဝန်နဲ့ ကလေးကိစ္စတွေ ပိုပြီး ဖိအားများနေကြရပါတယ်။

ဒါကြောင့်အမျိုးသမီးတွေကိုကြင်ကြင်နာနာဆက်ဆံပါ။ အိမ်ထောင်တစ်ခုမှာ ကျား/မ မခွဲခြားဘဲနိုင်ရာတာဝန်ခွဲဝေယူဖို့အတွက် အမျိုးသားတွေအနေနဲ့လည်းကြိုးစားပေးပါ။ ပုခက်လွှဲတဲ့လက်ပိုင်ရှင်တွေအတွက် လိုအပ်နေတဲ့အရာက ပြစ်တင်ဝေဖန်မှုတွေနဲ့တာဝန်မဲ့လုပ်ရပ်တွေမဟုတ်ဘဲ ကြင်နာနားလည်မှုနဲ့ တာဝန်မျှဝေယူခြင်းဆိုတာကိုနားလည်ပြီး ကူညီစောင့်ရှောက်ဖို့အတွက် တိုက်တွန်းလိုက်ပါရစေ။

သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့ L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။



Share

Loading Next Article...
က္က