အာဆင်နယ်အတွက် လက်စွမ်းပြနိုင်ခဲ့တဲ့နောက် ရမ်စ်ဒေးလ်က အခုလိုပဲပြောကြားလာခဲ့တာပါ။

အာဆင်နယ်အတွက် လက်စွမ်းပြနေတဲ့ အင်္ဂလန်ဂိုးသမား ရမ်စ်ဒေးလ်က လာမယ့် (၂၀၂၂) ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်ရဲ့ နံပါတ် (၁) ဂိုးသမားဖြစ်လာဖို့ ပစ်မှတ်ထားနေတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။



ရမ်စ်ဒေးလ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာမှ အာဆင်နယ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မကြာခဏတန်းဆင်းဖူးတဲ့ သူ့ရဲ့မှတ်တမ်းကြောင့်လည်း ရှက်ဖီးယူနိုက်တက်ကနေ သူ့ကိုခေါ်ခဲ့တဲ့ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ပေါ်လစီကို ဝေဖန်မှုတွေရှိနေတာပါ။

ဒါပေမယ့် ရမ်စ်ဒေးလ်ကတော့ ဝေဖန်မှုတွေကို အသံတိတ်စေခဲ့ပြီး အဓိကဂိုးသမား လီနိုကိုကျော်ကာ အာတီတာအတွက် အဓိကဦးစားပေးဂိုးသမားဖြစ်လာခဲ့ပါပြီ။ ရမ်စ်ဒေးလ်အနေနဲ့ ယူရို- ၂၀၂၀ တုန်းကလည်း ယူနိုက်တက်ဂိုးသမား ဟန်ဒါဆန်မပါဝင်နိုင်ခဲ့တာကြောင့် ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင် လူစာရင်းမှာ ပါဝင်ခဲ့သေးတာပါ။

လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားအပေါ် သူ့ရဲ့ရည်မှန်းချက်နဲ့ပတ်သက်လို့တော့ ရမ်စ်ဒေးလ်က အခုလိုပဲ ပြောကြားလာပါတယ်။ ရမ်စ်ဒေးလ်က “ပြီးခဲ့တဲ့နွေရာသီ (ယူရိုပြိုင်ပွဲ) က တကယ်ကို ကောင်းမွန်တဲ့အားလပ်ရက်ပါပဲ။ အသင်းလိုက် စုစည်းမှုကို ပြသခဲ့ပြီး ဆုဖလားရဖို့ နည်းနည်းလေးပဲ လိုခဲ့တာပါ။ ကျွန်တော်က နွေရာသီအားလပ်ရက် ခရီးသွားဖို့ လုပ်ပြီးမှ အင်္ဂလန်လူစာရင်းမှာ ပါဝင်တယ်ဆိုတာကို သိခဲ့ရပါတယ်”

“ဒါပေမယ့်လည်း ကျွန်တော်က ကြံ့ခိုင်မှုအပြည့်နဲ့ အဆင်သင့်ပါပဲ။ အဲ့ဒီတုန်းက အရှိန်နဲ့ ဆာလောင်မှုကို ထပ်မံပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ကျွန်တော်အနေနဲ့ လာမယ့် ကမ္ဘာ့ဖလားမှာ အသင်းအတွက် ပွဲထွက်ဂိုးသမားဖြစ်လာဖို့ မျှော်လင့်နိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအင်္ဂလန်လူစာရင်းမှာ ဂိုးသမားနေရာအတွက် ပစ်ဖို့ဒ်က အဓိကဦးစားပေး ဂိုးသမားဖြစ်နေပြီး သူ့နောက်မှာ နစ်ခ်ပုပ်၊ ဟန်ဒါဆန်တို့ရှိနေသေးတာပါ။ ဒါပေမယ့်လည်း ရမ်စ်ဒေးလ်အနေနဲ့ ဒီရာသီမှာ အာဆင်နယ်အတွက် အကောင်းဆုံးလက်စွမ်းတွေဆက်လက်ပြသနိုင်မယ်ဆိုရင်တော့ အင်္ဂလန်ရဲ့ဦးစားပေးဂိုးသမားနေရာကို မျှော်လင့်နိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က