မေမေတို့အနေနဲ့ ကိုယ့်ရင်သွေးလေးကို ပြုစုပျိုးထောင်ကြတဲ့အခါမှာ အမျိုးသားတွေထက်အသေးစိတ် ပိုဂရုစိုက်ကြရသလို စိတ်ဖိစီးမှုတွေလည်း ပိုများရပါတယ်။
အလုပ်လုပ်တဲ့အမျိုးသမီးတွေအနေနဲ့ လုပ်ငန်းခွင် ကြောင့် ရလာတဲ့ စိတ်ဖိစီးမှုတွေရှိသလို အိမ်မှုကိစ္စတွေကြောင့်လည်း ဖိအားတွေ များရပါတယ်။ အမျိုးသမီးတွေဟာ အလုပ်မသွားခင်လည်း ကလေးအတွက် တာဝန်ယူရပြန်တယ်။ အလုပ်ကပြန်လာ တော့လည်း အိမ်မှုကိစ္စတွေနဲ့ လုံးထွေးနေရပြန်ပါတယ်။
ပတ်ဝန်းကျင်ဖိအားကြောင့်လည်း စိတ်ဖိစီးနေကြတဲ့ မေမေတွေ
Photo: iStock
လှုမှုအဖွဲ့အစည်းက ခေါက် ရိုး ကျိုးနေတဲ့ အယူအဆတွေအရ အမျိုးသားအများစုဟာ အလုပ်ကနေ ပြန်လာပြီးတဲ့နောက် အိမ်မှုလုပ်ငန်းတွေမှာ သိပ်ပြီး တာဝန်မယူကြတာ များပါတယ်။ အဲဒီအခါမှာ အမျိုးသမီးတွေက ပိုပြီး ပင်ပန်းရပါတယ်။ အဲဒီလိုမဟုတ်ဘဲ အမျိုးသားနဲ့ အမျိုးသမီး တာဝန်ပြန်ခွဲပြီး လုပ်ကြတော့လည်း ပတ်ဝန်းကျင်ဖိအားတွေ က ဝင်လာပြန်ပါတယ်။ ပတ်ဝန်းကျင်က ယောကျ်ားကို ဘာတွေခိုင်းတာလဲလို့ပြောကြတာ၊ ယောကျ်ားက မိန်းမကို ကြောက်လို့ လှောင်ပြောင်ပြောဆိုကြတာမျိုးတွေ ရှိပါတယ်။ အဲဒီအခါမှာ မိန်းမတွေအတွက် ပိုပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ မေမေတို့အနေနဲ့ ဒီလို ဖိအားတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေ ရှင်းသင့်ပါသလဲ။
ဖိအားတွေ လျော့စေဖို့ ကိုယ်ပိုင်အချိန်ဖန်တီးပါ
Photo: iStock
စိတ်ဖိစီးမှု ဖြေဖျောက်ဖို့ လို့ပြောလိုက်ရင်အကြီးကြီးတွေ လုပ်ဖို့ တွေးတတ်ကြပါတယ်။ မေမေတွေ ကိုယ်ပိုင်အချိန်ဖန်တီးမယ်လို့ ဆိုလိုက်ရင် တစ်ယောက်တည်း spa မှာသွားပြီးနေလိုက်မယ်တို့၊ ဟိုတယ်တက်ပြီးမုန့်စားမယ်တို့ အဲဒီလို အကြီးကြီးတွေ တွေးတတ်ကြပါတယ်။ အမှန်တကယ်တော့ ကိုယ်ပိုင်အချိန် ဖန်တီးလို့ရတဲ့ နည်းလမ်းတွေ များစွာ ရှိပါတယ်။ တကူးတက လုပ်ယူနေဖို့ မလိုပါဘူး။မေမေတွေအနေနဲ့ ကိုယ့် ရဲ့ နေ့စဥ် လှုပ် ရှား နေတဲ့ ဘဝထဲကနေပဲ စိတ်ပင်ပန်းမှုတွေကို သက်သာစေဖို့ နည်းလမ်းတွေ ရှာ ဖွေဖို့လိုပါတယ်။ အချိန်သီးသန့်ပေးမှသာ စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်နိုင်တာမဟုတ်ပါဘူး။ ဥပမာ- စိတ်ပင်ပန်းမှုသက်သာစေဖို့ ကိုယ်က သီချင်းနားထောင်တာကြိုက်တယ်ဆို သီချင်းလေးတစ်ပုဒ်နားထောင်ဖို့အတွက် အချိန်သီးသန့်ပေးဖို့ မလိုပါဘူး။ ဥပမာ- အဝတ်လျှော် ရင်းနဲ့ သီချင်းနားထောင်လိုက်တာမျိုး၊ ရေချိုးရင်းနဲ့ သီချင်းနားထောင်လိုက်တာမျိုးတွေ လုပ်လို့ရပါတယ်။ အချိန် ၃ မိနစ်လောက်လေးပေး ရုံ နဲ့ ကိုယ့်အတွက် စိတ်ပင်ပန်းမှုတွေ သက်သာစေတာလေးတွေ တွဲလုပ်လို့ ရပါတယ်။
နေ့စဥ်ဘဝထဲကနေပဲ စိတ်သက်သာမှုကို ရှာဖွေပါ
Photo: iStock
စိတ်သက်သာမှုကိုရှာဖွေတဲ့အခါမှာ ကိုယ့်ရဲ့နေ့စဉ်ဘဝပုံမှန်လှုပ်ရှားနေထိုင်မှုပုံစံတွေထဲကပဲရှာဖွေနိုင်ပါတယ်။ သီးသန့်အချိန်ပေးတဲ့အနားယူမှုမျိုးလုပ်ဖို့လိုအပ်သလို တစ်နေ့တာလုပ်ငန်းတွေကိုဆက်တိုက်လှုပ်ရှားလုပ်ကိုင်နေတာမျိုးမဟုတ်ဘဲ မိနစ်ပိုင်းလောက်အချိန်လေးယူပြီး အနားယူတာမျိုးကိုလုပ်ပေးဖို့လိုအပ်ပါတယ်။
မိခင်တွေအနေနဲ့ ကိုယ်တိုင်က ကျန်းမာတယ် ပျော်ရွှင်တယ်ဆို ကိုယ့်ကလေးတွေလည်း ပျော်ပျော်ရွှင်ရွှင် နဲ့ သက်တောင့်သက်သာ ရှိစေပါတယ်။ ကလေးတွေလည်း အဆင်ပြေနေတယ်ဆိုရင် မေမေတွေမှာလည်း ကလေးကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုကို လျော့စေပါတယ်။ ဒါကြောင့် မိခင်တွေအနေနဲ့ စိတ်ဖိစီးမှုတွေ စိတ်ပင်ပန်းမှုတွေကို အတတ်နိုင်ဆုံးသက်သာအောင်နေထိုင်ဖို့ အကြံပြုလိုပါတယ်။
သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့ L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။