အမေရိကန်ဆီးနိတ်ဒီမိုက်ကရက်အမတ်တွေဟာ ဘီလျံနာတွေအတွက် အခွန်တိုးကောက်ခံမယ့် Billionaires Income Tax (BIT) အစီအစဉ်ကို အဆိုပြုလိုက်ပါတယ်။
BIT ဟာ အမေရိကန်ရဲ့ အချမ်းသာဆုံးဘီလျံနာတွေကို ပစ်မှတ်ထားတဲ့ အခွန်အစီအစဉ်ဖြစ်ပြီး သမ္မတဂျိုးဘိုင်ဒင်ရဲ့ ရာသီဥတုနဲ့ လူမှုအသုံးစရိတ်စီမံကိန်းအတွက် ရံပုံငွေ ဖြစ်လာမယ်လို့လည်း CNN က ဖော်ပြပါတယ်။ သမ္မတဘိုင်ဒင်ရဲ့ ရာသီဥတုနဲ့ လူမှုအသုံးစရိတ်စီမံကိန်းဟာ ၁၀ နှစ်ကျော်အတွင်း ဒေါ်လာ ၁.၇၅ ထရီလီယံအထိ ကုန်ကျမှာ ဖြစ်ပြီး ဒီသီတင်းပတ်အကုန်မှာ အစီအစဉ်အတွက် ဝင်ငွေအရင်းအမြစ်သစ်တွေအကြောင်း သဘောတူညီချက်တွေ လုပ်ဆောင်သွားမှာပါ။
ဘီလျံနာတွေကို အခွန်ကောက်မယ့် ရှုပ်ထွေးပြီး အငြင်းပွားဖွယ်ကောင်းတဲ့အစီအစဉ်ကို ဆီးနိတ်ဘဏ္ဍာရေးကော်မတီဥက္ကဌဖြစ်တဲ့ အော်ရီဂွန်အမတ် ရွန်ဝိုင်ဒန်က အနည်းဆုံး နှစ်နှစ်ကြာ အချိန်ယူပြီး ရေးဆွဲထားခဲ့တယ်လို့ ဆိုပါတယ်။ BIT ဟာ Tesla တည်ထောင်သူ အီလွန်မတ်စ်နဲ့ Amazon သူဌေး ဂျက်ဖ်ဘီဇော့စ်တို့လို အမေရိကန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေကို အဓိကဦးတည်ထားတဲ့ အခွန်လည်း ဖြစ်ပါတယ်။
ရွန်ဝိုင်ဒန် (Photo: CNBC)
"ဘီလျံနာဝင်ငွေခွန်တွေက အလုပ်လုပ်နေတဲ့ အမေရိကန်တွေလိုပဲ ဘီလျံနာတွေလည်း နှစ်တိုင်း အခွန်ဆောင်ဖြစ်စေမှာပါ။ကျွန်တော်တို့အနေနဲ့ BIT ကနေ အခွန်ထမ်းမူဝါဒမျှတရေးကို ပြန်ထိန်းဖို့ နဲ့ အမေရိကန်မိသားစုတွေမှာ အရေးပါတဲ့ မြှပ်နှံမှုတွေ ပံ့ပိုးဖို့ သမိုင်းဝင်အခွင့်အရေးတစ်ခု ရှိနေပါတယ်"လို့ ဝိုင်ဒန်က ဆိုပါတယ်။
ဝိုင်ဒန်ရဲ့ BIT အခွန်ဟာ သုံးနှစ်ဆက်တိုက် နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ၁၀၀ ကျော် ရသူ ဒါမှမဟုတ် ပိုင်ဆိုင်မှု Asset ဒေါ်လာ ၁ ဘီလျံကျော် ရှိသူတွေပေါ် သက်ရောက်မယ်လို့ CNN သတင်းက ဆိုပါတယ်။ BIT အခွန်မူဟာ ဒေါ်လာဘီလျံနဲ့ချီ ချမ်းသာတဲ့ အမေရိကန်သူဌေးပေါင်း ၇၀၀ ခန့်ပေါ် အကျုံးဝင်ဖို့ ရှိပါတယ်။ စတော့ခ်ရှယ်ယာနဲ့ ငွေတိုက်စာချုပ်လို အရောင်းအဝယ်လုပ်လို့ရတဲ့ Assets တွေအတွက် Capital Gain Tax ၂၀% နဲ့ အသားတင်ရင်းနှီးမြှပ်နှံမှု ဝင်ငွေခွန် ၃.၈% စုစုပေါင်း ၂၃.၈% ဆောင်ရမှာပါ။
ကယ်လီဖိုးနီးယားတက္ကသိုလ် ဘောဂဗေဒ တွဲဖက်ပါမောက္ခ ဂါဘရီယယ် ဇူးစ်မန်းကတော့ လက်ရှိအမေရိကန်ရဲ့ အချမ်းသာဆုံးဘီလျံနာ ၁၀ ဦးရဲ့ နာမည်နဲ့ ပေးရမယ့် BIT အခွန်ပမာဏကို Twitter ပေါ်မှာ တွက်ချက်ပြထားပါတယ်။ အချမ်းသာဆုံးအမေရိကန်ဘီလျံနာ ၁၀ ဦးအဖြစ် ဇူးစ်မန်းက အီလွန်မတ်စ်( အသားတင် ဒေါ်လာ ၂၅၂ ဘီလျံ) ၊ ဂျက်ဖ်ဘီဇော့စ် (ဒေါ်လာ ၁၉၃ ဘီလျံ) ၊ ဘီလ်ဂိတ်စ် (၁၃၄ ဘီလျံ) ၊ လယ်ရီပေ့ချ် (၁၂၃ ဘီလျံ) ၊ မာ့ခ်ဇူကာဘတ်ခ် (၁၂၁ ဘီလျံ) ၊ ဆာဂီဘရင်း (၁၁၉ ဘီလျံ) ၊ လယ်ရီ အယ်လီဆန်(၁၁၄ ဘီလျံ) ၊ စတိဗ်ဘောမား (၁၁၁ ဘီလျံ) ၊ ဝါရင်ဘတ်ဖတ် (၁၀၅ ဘီလျံ) နဲ့ ဂျင်မ်ဝေါ့လ်တန်(၆၆ ဘီလျံ) တို့ကို တွက်ချက်ရာမှာ စုစုပေါင်း ဒေါ်လာ ၂၇၅ ဘီလျံအထိ အခွန်ရမယ်လို့ ဆိုပါတယ်။
ဇူးစ်မန်းရဲ့ တွက်ချက်မှုအရ အီလွန်မတ်စ်ဟာ ငါးနှစ်စာ BIT အခွန် ဒေါ်လာဘီလျံ ၅၀ ၊ ဂျက်ဖ်ဘီဇော့ ဒေါ်လာ ၄၄ ဘီလျံ ၊ ဘီလ်ဂတ်စ် ၁၉ ဘီလျံ ၊ လယ်ရီပေ့ချ် နဲ့ မတ်ခ်ဇူကာဘတ် ၂၉ ဘီလျံအထိ ဆောင်ရဖို့ ရှိပါတယ်။ အီလွန်မတ်စ်နဲ့ ဘီဇော့စ်တို့ဟာ ဖက်ဒရယ်ဝင်ငွေခွန်ရှောင်ခဲ့တာတွေ ရှိတယ်လို့ ProPublica က ဖော်ပြထားပါတယ်။ ၂၀၀၁၇ ခုနှစ်မှာ ဘီဇော့စ်ဟာ ဖက်ဒရယ်ဝင်ငွေခွန်မဆောင်ခဲ့သလို ၂၀၁၁ တုန်းကလည်း မဆောင်ခဲ့ဘူးလို့ ဆိုပါတယ်။ Tesla တည်ထောင်သူ အီလွန်မတ်စ်ဟာ ၂၀၁၈ မှာ ဝင်ငွေခွန်ရှောင်ခဲ့ပြီး ၂၀၁၅ နဲ့ ၂၀၁၇ တွေမှာ ဒေါ်လာ ၆၈၀၀၀ နဲ့ ၆၅၀၀၀ ပဲ ဆောင်ခဲ့တယ်လို့လည်း Vanity Fair က ဖော်ပြပါတယ်။
BIT အခွန်သစ်မှာ ကာလတန်ဖိုးပြောင်းနိုင်ခြေအရ တွက်တဲ့ Marked-To-Market စနစ်အရ ဘီလျံနာတွေဟာ ငါးနှစ်စာ ပထမဆုံးအခွန်ပေးဆောင်ရမှာပါ။ ဘီလျံနာတွေအနေနဲ့ အမြတ်ငွေထိန်းနိုင်ဖို့ ကော်ပိုရေးရှင်းတစ်ခုတည်းက အရောင်းအဝယ်လုပ်လို့ရတဲ့ စတော့ခ်ရှယ်ယာ ၁ ဘီလျံဖိုးအထိ Non-Tradable Asset ထားဖို့ ရွေးချယ်နိုင်မယ်လို့လည်း ဆိုပါတယ်။ ဝိုင်ဒန်ကတော့ BIT ကနေ အခွန်ဒေါ်လာ ဘီလျံရာပေါင်းများစွာ ထွက်လာမယ်လို့ ခန့်မှန်းထားပြီး ရီပတ်ဘလစ်ကန်တွေကတော့ အခွန်အပြောင်းအလဲကိစ္စဟာ စီးပွားရေးဖွံ့ဖြိုးမှုကို ထိခိုက်စေမယ်လို့ ပြောထားပါတယ်။
Photo: dailysabah
BIT အဆိုတင်သွင်းမှု အောင်မြင်ဖို့အတွက် ဝိုင်ဒန်အနေနဲ့ ရီပတ်ဘလစ်ကန်တွေရဲ့ ထောက်ခံချက် မလိုပေမယ့် ဒီမိုကရက်တစ်ဆီးနိတ်အမတ် ၅၀ တိုင်းရဲ့ မဲပေးမှု လိုတယ်လို့ ဆိုပါတယ်။ ဝိုင်ဒန်ရဲ့ ဒီအစီအစဉ်ကို ဒီမိုကရက်တစ်အမတ်တွေထဲမှာတောင် မထောက်ခံသူတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ ဒီထဲမှာ ဝက်စ်ဗာဂျီးနီးယားအမတ် ဂျိုးမန်ချင် ၊ အရီဇိုးနားအမတ် ခရစ္စတန်ဆီနီမာနဲ့ မက်ဆာချူးဆက်အမတ် ရစ်ချတ်နီးလ်တို့လည်း ပါဝင်ပါတယ်။
ဘီလျံနာအခွန်သာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီသလို အတည်ပြုမယ်ဆိုရင် တရားဥပဒေကြောင်းအရ ပြဿနာတွေရှိလာနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
Share