အာဆင်နယ်က အငှားချထားတဲ့ ဆာလီဘာက ခြေစွမ်းပြနေတာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာဟာ ပြီးခဲ့တဲ့တနင်္ဂနွေက မာဆေးလ်နဲ့ PSG တို့ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ ဆာလီဘာအတွက် လာမယ့်ဘောလုံးရာသီမှာ နေရာရှိမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။ အသက် (၂၀) အရွယ် ဒီကစားသမားဟာ ပြီးခဲ့တဲ့ (၂၀၁၉) မှာ ပြင်သစ်လီဂူးကလပ် စိန့်အက်တီယန်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တာပါ။



ဒါပေမယ့် သူက အခုချိန်မှာ အာဆင်နယ်ကနေ (၃) ကြိမ်မြောက်အဖြစ် အငှားထွက်ကစားနေတာဖြစ်ပြီး ခြေစွမ်းပြနေခဲ့တာကြောင့်လည်း အာတီတာက အခုလိုပဲ ပြောကြားခဲ့တာဖြစ်ပါတယ်။ အာတီတာက “အသင်းအနေနဲ့ ဆာလီဘာနဲ့ ဆက်သွယ်မှုတွေရှိနေပါတယ်။ အီဒူးတို့လည်း မာဆေးလ်နဲ့ PSG ပွဲကို သွားကြည့်ပြီး ဆာလီဘာကို စောင့်ကြည့်ခဲ့ကြပါတယ်”

“သူနဲ့ပတ်သက်လို့ သူ့ရဲ့တိုးတက်မှုတွေ၊ အခြေအနေတွေကို ကျွန်တော်တို့ အချိန်ပြည့်စောင့်ကြည့်နေတာပါ။ သူက ကျွန်တော်တို့ရဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အခြားအငှားချထားတဲ့ ကစားသမားတွေကိုလည်း စောင့်ကြည့်နေပါတယ်။ ဆာလီဘာကို အသင်းမှာ ပြန်ခေါ်ထား၊ မခေါ်ထားဆိုတာကို လာမယ့်နွေရာသီမှာ ဆုံးဖြတ်ရမှာပါ”

“ပုံမှန်ဆိုရင်တော့ သူက ချွင်းချက်မရှိ ကျွန်တော်တို့ ကစားသမားဖြစ်ပြီး လာမယ့်ရာသီကျ အသင်းမှာ နေရာရပါလိမ့်မယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ သေချာအစည်းအဝေးထိုင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် လုပ်ရပါလိမ့်မယ်။ သူ့အတွက် ဘန်ဝှိုက်၊ ဂါဘရီရယ်တို့နဲ့ အတူတွဲကစားဖို့ နေရာရှိမယ်ထင်ပါတယ်”

“နောက်ပြီး အခြားကစားသမားတွေရဲ့ အနေအထားအပေါ်မှာလည်း မူတည်ပါသေးတယ်။ အခုထိတော့ ဘာမှစကားမပြောရသေးပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်ရဲ့ လက်ရှိနောက်တန်းက ပြီးခဲ့တဲ့နွေရာသီမှာ အပြောင်းအလဲတွေဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ တိုမီယာဆု၊ ဘန်ဝှိုက်တို့ အကောင်းဆုံးခြေစွမ်းပြနေတယ်လို့ဆိုရမှာပါ။ အဲ့ဒါကြောင့်လည်း ဆာလီဘာအနေနဲ့ လာမယ့်ရာသီ အာဆင်နယ်မှာ နေရာရဖို့အတွက် လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က