ကုရခက်တဲ့ ရောဂါလို့ ဆိုရမယ့် အထဲမှာ အသည်းကွဲတဲ့ ရောဂါ ပါဝင်တယ်လို့ ပြောရမလိုပါပဲ။
အသည်းကွဲတယ်ဆိုတာ အပြင်ပန်းကြည့်ရင်တော့ ဘာမှ ထိခိုက်စရာ မရှိဘူးလို့ ထင်ရပေမယ့် တကယ်တမ်း အသည်းကွဲတဲ့ ဝေဒနာ ခံစားရတဲ့အခါ ဘယ်လို ခံစားမှုမျိုးနဲ့မှ တူနိုင်မှာမဟုတ်ပါဘူး။ ဒါကို အသည်းကွဲဖူးတဲ့သူတွေပဲ ကိုယ်ချင်းစာပါလိမ့်မယ်။ ဆရာဝန်ကို သွားပြပြီး ဆေးထိုး၊ ဆေးသောက် လုပ် ရုံနဲ့ မပျောက်နိုင်တဲ့ အသးည်ကွဲတဲ့ ဝေဒနာကို ဘယ်လိုကုစားကြမှာပါလဲ။ စိတ်ပညာရှင်တွေကတော့ ဒီနည်းလမ်းလေးတွေ လုပ်ဖို့ အကြံပြုပါတယ်။
အသည်းကွဲဝေဒနာကို အပြည့်အဝခံစားပါ
Photo: Youngisthan
Relationship တွေ ပြတ်စဲလို့ အသည်းကွဲကြပြီဆို အဲဒီအချိန်မှာ ဖြစ်လာတဲ့ခံစားချက်တွေကို အပြည့်အဝခံစားလိုက်သင့်ပါတယ်။ အဲဒီအချိန်မှာ ငိုချင်ရင် ငိုချလိုက်ပါ။ ဒေါသထွက်ချင်တယ်ဆိုလည်း သူတစ်ပါးကို မထိခိုက်စေဘဲ ပေါက်ကွဲလို့ ရနိုင်တဲ့ နည်းလမ်းကောင်းတွေ ရှာပြီး ဒေါသကို ဖြေလျှော့ပါ။
ဝေဒနာကိုအသိအမှတ်ပြုပါ
Photo: Medium
ငါအသည်းကွဲနေတာပဲဆိုပြီးတော့ ဖြစ်နေတဲ့ခံစားချက်တွေကို အသိအမှတ်ပြုပါ။ အသည်းကွဲတာ ဝမ်းနည်းမနေသင့်ဘူးလို့ တွေးမယ့်အစား ငါအသည်းကွဲနေလို့ ဝမ်းနည်းနေတာပဲဆိုပြီး လက်တလောဖြစ်နေတဲ့ ခံစားချက်ကို အသိအမှတ်ပြုလက်ခံလိုက်ပါ။
ခံစားချက်တွေကို မပြောင်းလဲပစ်ပါနဲ့
Photo: All4Women
အသည်းကွဲတဲ့အခါ ဖြစ်လာတဲ့ မကောင်းတဲ့ ခံစားချက်တွေကို အတင်းကြီး ပြောင်းလိုက်ပြီး ဆန့်ကျင်ဘက် လုပ်လိုက်ဖို့ မလိုပါဘူး။ အသည်းကွဲနေတာကို ငါဘာမှမဖြစ်ဘူးဆိုပြီးတော့ ဆန့်ကျင်ဘက်နေတာမျိုး မလုပ်ပါနဲ့။ ကိုယ့်စိတ်က မပျော်နေတာကို အတင်းကြီး လိုက်ပျော်အောင် နေတာက ကိုယ့်အတွက် ပိုပြီး မွန်းကျပ်စေပါတယ်။
အသည်းကွဲတာကို သက်သာစေတဲ့ အပြုအမူလေးတွေလုပ်ပါ
အသည်းကွဲဝေဒနာက ချက်ချင်းကြီး ပြောင်းလဲပစ်လိုက်ဖို့ မလွယ်တဲ့အတွက် ကိုယ့်စိတ်ကို နည်းနည်းပါးပါး သက်သာစေတဲ့ အပြုအမူလေးတွေ လုပ်သင့်ပါတယ်။ ဥပမာ- အသည်းကွဲဝေဒနာကြောင့် မစားနိုင် မအိပ်နိုင် အသက် ရှင်ချင်စိတ်တောင် မရှိတော့တဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကို အားပေးပါ။ ငါ့အတွက် ငါ ရှိသေးတယ် လို့ တွေးပြီး လုပ်စရာ ရှိတာလုပ်ပါ။ စားစရာရှိတာစားပါ။ ကိုယ့်အတွက် စိတ်သက်သာရာရစေတဲ့ နည်းလမ်းလေးတွေနဲ့ ကုစားပါ။
မိတ်ဆွေကောင်းတွေကို ရင်ဖွင့်ပါ
Photo: Republic World
အသည်းကွဲဝေဒနာ ခံစားရတဲ့အခါ သူငယ်ချင်းကောင်းတွေ၊ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့ မိတ်ဆွေတွေကို ရင်ဖွင့်ပါ။ မိတ်ဆွေကောင်းတွေကသာ ကိုယ့် ဝေဒနာခံစားချက်တွေကို အသိအမှတ်ပြုပေးပြီးတော့ လျော့ပါးသက်သာအောင် တူတူမျှဝေခံစားပေးနိုင်မှာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို ကြင်ကြင်နာနာဆက်ဆံပါ
Photo: Azalea
ဘယ်သူမှ မရှိရင်တောင် ကိုယ့်အတွက် ကိုယ်ရှိတယ်ဆိုတာကို သတိရပါ။ ကိုယ်က ဒီထက်အများကြီး ကောင်းတဲ့ အနာဂတ်တွေကိုပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာကို သတိရပြီး ကိုယ့်ကိုယ်ကို ကြင်ကြင်နာနာဆက်ဆံပါ။ အသည်းကွဲတဲ့အခါ တန်ဖိုးထားမိတဲ့သူက နာကြင်မှာပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အပြစ်မတင်ဘဲ ခွင့်လွှတ်လိုက်ပါ။
သတင်းဆောင်းပါးပါအချက်အလက်များသည် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး Professional Counselor တစ်ဦးဖြစ်တဲ့ L.Diana Seng Hkawn မှ ဆွေးနွေးအကြံပြုထားခြင်းဖြစ်ပါသည်။
Share