ဘယ်အချက်တွေနဲ့ ငြိနေလဲ ဆန်းစစ်ကြည့်ပါဦး။

စိတ်ပျက်စရာကောင်းလောက်အောင် ပူနေတဲ့ ဗိုက်ကိုကြည့်ပြီး ဒါတွေက အဆီတွေလား၊ ငါ အဲဒီလောက် ဝနေပြီလားလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ဖူးပါသလား။ ဘယ်လိုအရာတွေက ကိုယ့်ရဲ့ ဗိုက်ကို ဒီလောက်ထိ စိတ်ညစ်စရာကောင်းလောက် ပူနေစေတာလဲ ဆိုတာကို ဆန်းစစ်ကြည့်ကြရအောင်ပါ။

၁။အချိုအရမ်းစားတာ 

Photo: DreamsTime

ခုနောက်ပိုင်းမှာ လူတော်တော်များများဟာ သကြားဓာတ်ကို သူတို့ထင်ထားတာတွေထက် များပြားစွာ နေ့စဉ်စားသုံးနေကြပါတယ်။ ဈေးဝယ်စင်တာတွေ၊ မုန့်ဆိုင်တွေမှာလည်း အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေကို ပုံစံမျိုးစုံနဲ့ တီထွင်ဖန်တီးလာကြပါတယ်။ စားစရာတင်မက သောက်စရာအချိုရည်တွေဟာလည်း ဒီဇိုင်းမျိုးစုံ ၊ အရသာမျိုးစုံ ၊ ပုံစံမျိုးစုံ ဈေးကွက်မှာ အလုအယက်တင်လာကြတာဖြစ်တဲ့အတွက် ပူနေတဲ့ ဗိုက်ဟာ အချိုဓာတ်လွန်ကဲနေတဲ့ အချိုဗိုက်လည်း ဖြစ်နိုင်ပါတယ်။ 

ဒါ့ကြောင့် အချိုစားသုံးမှုပမာဏကို ကန့်သတ်ပါ။ ဖြစ်နိုင်မယ်ဆိုရင် အချိုရည်ထက်ရေကိုသာ သောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။ 

၂။အရက်သောက်သုံးတာ 

Photo: VeryWellMind

အရက်ကို နေ့စဉ် အလွန်အကျွံသောက်သုံးခြင်းဟာ ကိုယ်အလေးချိန်တိုးစေပြီး ဝမ်းဗိုက်ကို အဆီတွေ စုပုံစေတယ်လို့ ယုံကြည်ရတဲ့ အရင်းအမြစ်တွေက ဆိုထားပါတယ်။ အရက်မှာ ကယ်လိုရီတွေ များစွာပါဝင်ပြီး အစာစားချင်စိတ်ကို ပိုတိုးလာစေပါတယ်။ အရက်သောက်သုံးတဲ့နေ့မှာ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကလည်း လေးလံနှေးကွေးလာပါတယ်။ သူငယ်ချင်းတွေ အချင်းချင်း ဘီယာဗိုက်လို့ စနောက်ခေါ်ဝေါ်ကြတာ ကြားဖူးမှာပါ။ ကိုယ့်ရဲ့ ဗိုက်ဟာလည်း ဘီယာဗိုက် ၊ အရက်ဗိုက် ဖြစ်နေနိုင်ပါတယ်။ 

၃။အထိုင်များတာ 

Photo: Eat This

ကိုယ့်ရဲ့ နေ့စဉ်ဘဝဟာ ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ ထိုင်နေရတာချည်းပဲဆိုရင်လည်း ဗိုက်ပူလာနိုင်ပါတယ်။ အထိုင်များတာဟာ ကျန်းမာရေးအတွက် အကြီးမားဆုံးသော ရန်သူတော်ကြီးပါပဲ။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ကိုယ်လက်လှုပ်ရှားမှုမရှိဘူးဆိုရင် ကိုယ်အလေးချိန်နဲ့ ခါးပတ်လည်ဟာ သိသိသာသာ တိုးလာကြောင်း အမေရိကန်ပြည်ထောင်စုရှိ အထင်ကရ စစ်တမ်းတစ်ခုသိရပါတယ်။ 

ဒါ့ကြောင့် အထိုင်များသူတွေအနေနဲ့ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုတစ်ခု မဖြစ်မနေ လုပ်ဖို့ လိုပါတယ်။ 

၄။အူလမ်းကြောင်းမှာ ကျန်းမာ‌ရေးကို ထိခိုက်စေတဲ့ ဘက်တီးရီးယားပိုးတွေရှိနေတာ 

Photo: Bulletproof

ရာနှင့်ချီတဲ့ ဘက်တီးရီးယား အမျိုးအစားတွေဟာ သင့်အူလမ်းကြောင်းနဲ့ အူမကြီးမှာ နေထိုင်ကြပါတယ်။ အချို့သော ဘက်တီးရီးယားတွေက ကျန်းမာရေးကို အကျိုးပြုပေမယ့်လည်း အချို့မှာတော့ ကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ အူလမ်းကြောင်းထဲမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေ ရှိနေခြင်းဟာ ဝမ်းဗိုက်အဆီအပါအဝင် ကိုယ်အလေးချိန်တိုးလာစေတယ်လို့ သုတေသနအချို့က ပြောထားတာကို တွေ့ရပါတယ်။ အူလမ်းကြောင်းမှာ ပြဿနာတက်နေပြီး ဝမ်းမသွားဘူးဆိုရင်လည်း ဗိုက်ကြီးပူနေတတ်ပါတယ်။ 

၅။စိတ်ဖိစီးမှုများတာ 

Photo: Dr.Weil

စိတ်ဖိစီးမှုများတာတွေကလည်း ဝမ်းဗိုက်ကို ပူစေတဲ့ အဓိကအကြောင်းအရာထဲမှာ ပါဝင်ပါတယ်။ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာ ခန္ဓာကိုယ်တွင်း ကော်တီဆောဟော်မုန်းက ပိုလျှံလာပြီး ဝမ်းဗိုက်အဆီတွေ တိုးလာစေပါတယ်။ ဒါတင်မက စိတ်ဖိစီးမှုကြောင့် အစားစွတ်စားတဲ့အခါမှာလည်း နှစ်ဆပိုတိုးလို့ အဆီတွေတက်လာစေတော့တာပဲဖြစ်ပါတယ်။ 

ဒါ့ကြောင့် ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ လျှော့ချဖို့ လိုအပ်ပါတယ်။ 

၆။မျိုးရိုးဗီဇကြောင့် ဗိုက်အဆီတက်တာ 

Photo: AidsMap

မျိုးရိုးကြောင့်လည်း ဗိုက်ပူတတ်ပါတယ်။ ဝမ်းဗိုက်အတွင်း အဆီသိုလှောင်မှုဟာ မျိုးရိုးဗီဇလိုက်ပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် လွှမ်းမိုးမှုရှိကြောင်း သုတေသနတချို့အရသိရပါတယ်။ ဒါ့ကြောင့် ကိုယ့်ဗိုက်ဟာ မျိုးရိုးဗိုက်များဖြစ်နေမလားဆိုတာကိုလည်း ဆွေစဉ်မျိုးဆက်လိုက် ကြည့်လိုက်ပါဦးနော်။ 

၇။အိပ်ချိန်မလုံလောက်တာ 

Photo: Indiatimes

လုံလောက်တဲ့ အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။အိပ်ရေးမဝဘူးဆိုရင် ကိုယ်အလေးချိန်တိုးပြီး ဝမ်းဗိုက်အဆီတက်လာနိုင်တယ်လို့ သုတေသနတချို့အရသိရပါတယ်။ အိပ်ရေးမဝခြင်းကြောင့် ကိုယ်အလေးချိန်တိုးလာသလို အစာများများစားချင်တာနဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းသွားတာတွေပါ ဖြစ်သွားစေနိုင်ပါတယ်။ 

ဒါ့ကြောင့် အိပ်ရေးဝအောင်အိပ်ပါ။ ဗိုက်ပူနေတယ်ဆိုရင်လည်း ဒါက အိပ်ရေးမဝတဲ့ ဗိုက်များဖြစ်နေမလားဆိုတာကို ဆန်းစစ်ပါ။ 

အခုဆိုရင်တော့ ဝမ်းဗိုက်ကို ပူစေတဲ့ အချက်တွေကို ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ကိုယ်က ဘာ့ကြောင့် ဗိုက်ပူနေရတာလဲဆိုတာကို ဆန်းစစ်ပြီး ဗိုက်အဆီကျစေဖို့အတွက် ရှောင်သင့်တာရှောင် ၊ ဆောင်သင့်တာဆောင်ဖို့ အကြံပေးပါရစေ။ 

Ref: Healthline

Share

Loading Next Article...
က္က