မေဆင်မောင့် ဒီညပွဲကို ဆက်လက်လွဲချော်ဦးမှာပါ။

ချဲလ်ဆီးနည်းပြ သောမတ်စ်တူချယ်လ်က ဒီနေ့ည မာလ်မိုနဲ့ ကစားမယ့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဥ်ကို မေဆင်မောင့် ဆက်လက်လွဲချော်မှာဖြစ်ပြီး သတင်းကောင်းအနေနဲ့တော့ ဒဏ်ရာကြောင့် ကာလရှည်နားနေရတဲ့ ပူလီဆစ် ပြန်လည်ပါဝင်လာမယ်လို့ ပြောကြားခဲ့ပါတယ်။



မေဆင်မောင့်ဟာ နော့ဝစ်ချ်ကို (၇) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ဆောက်သမ်တန်ကို နိုင်တဲ့ ကာရာဘောင်ဖလားပွဲစဥ်မှာ လူစားဝင်ကစားခဲ့ပါသေးတယ်။ ဒါပေမယ့် နယူးကာဆယ်ကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့အဝေးကွင်းပွဲစဥ်ကို လွဲချော်ခဲ့သလို အခု ဆွီဒင်ကို ထွက်ခွာလာတဲ့ အသင်းလူစာရင်းမှာလည်း မပါဝင်ခဲ့ပါဘူး။

ဒီကစားသမားတွေနဲ့ပတ်သက်လို့ တူချယ်လ်က “ကံမကောင်းစွာနဲ့ပဲ ကစားသမားလေးယောက် လွဲပါမယ်။ တီမိုဗာနာ၊ လူကာကူ၊ ကိုဗာဆစ်နဲ့ မေဆင်မောင့်တို့ဖြစ်ပါတယ်။ မေဆင်မောင့်က တကယ်ကို ပြန်မကောင်းလာသေးတာ။ ကောလာဟလတွေထွက်နေသလို ကိုဗစ်မဟုတ်ပါဘူး။ သာမန်ဖျားနာတာပါ”

“ဒါပေမယ့် သူ အခုထိလေ့ကျင့်ခန်းမဆင်းနိုင်သလို ဒီကိုလည်းမလိုက်လာနိုင်သေးပါဘူး။ သတင်းကောင်းတစ်ခုကတော့ ပူလီဆစ် အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီး လူစာရင်းမှာ ပါဝင်လာမှာဖြစ်ပါတယ်” လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိအုပ်စုရပ်တည်မှုအရ ချဲလ်ဆီးက ဒုတိယနေရာမှာရှိနေပြီး ဂျူဗင်တပ်စ်က ချဲလ်ဆီးထက် (၃) မှတ်အသာနဲ့ အုပ်စုကို ဦးဆောင်ထားပါတယ်။ ဂျူဗင်တပ်စ်ကလည်း ဒီညမှာ ဇင်းနစ်နဲ့ ရင်ဆိုင်ကစားရမှာပါ။ တူချယ်လ်ရဲ့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ပွဲစဥ် (၁၀) ပွဲကစားပြီးချိန်မှာ အဆင့် (၁) နေရာကို ရယူထားပြီး ဒုတိယနေရာက လီဗာပူးကိုလည်း (၃) မှတ်ဖြတ်ထားနိုင်တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က