ဟန်ဆောင်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ဘတ်စ်ကွက်စ်တစ်ယောက် လှောင်ပြောင်ခံနေရတာပါ။

ဘာစီလိုနာကွင်းလယ်လူ ဆာဂျီယိုဘတ်စ်ကွက်စ်ဟာ မနေ့ညက ဒိုင်နမိုကိဗ်ကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲမှာ ဟန်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဘာစီလိုနာဟာ ဒီပွဲမှာ အန်ဆုဖာတီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်နှစ်ပွဲဆက်နိုင်ပွဲကို ရရှိခဲ့တာပါ။



ဒီပွဲရဲ့ ပွဲကစားချိန် (၈၈) မိနစ်မှာတော့ ဘာစီလိုနာအသင်းခေါင်းဆောင် ဘတ်စ်ကွက်စ်တစ်ယောက် အခုလိုမျိုး လှောင်ပြောင်ခံရမယ့် လုပ်ရပ်မျိုးကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဂိုးဧရိယာထိပ်နားမှာ ဘတ်စ်ကွက်စ်နဲ့ ပြိုင်ဘက်ကစားသမား ခါရာဗာယက်ဗ်တို့ ထိခိုက်မိခဲ့ပြီး နှစ်ယောက်လုံး ကွင်းထဲမှာ လဲကျကာ လူးလှိမ့်နေခဲ့ပါတယ်။

ဒါပေမယ့် ဘောလုံးက ဒိုင်နမိုကိဗ်ခြေထဲရောက်သွားပြီး ချက်ချင်းတိုက်စစ်ဆင်ဖို့ ကြိုးစားနေတာကြောင့် ဘတ်စ်ကွက်စ်က ဒဏ်ရာရနေတဲ့ပုံစံကနေ ချက်ချင်းပြန်ထကာ ဘောလုံးလိုက်လုဖို့ ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ ဒိုင်နမိုကိဗ်ကစားသမား ခါရာဗာယက်ဗ်ကတော့ ဘာစီလိုနာဂိုးပေါက်နဲ့ ကိုက် (၃၀) လောက်အကွာမှာ ပြစ်ဒဏ်ဘော ရလိုရငြား ထပ်မံလူးလှိမ့်နေခဲ့ပေမယ့် ဒိုင်လူကြီးကတော့ ပွဲကိုသာ ဆက်ကစားစေခဲ့တာပါ။

ဒီဖြစ်ရပ်ကတော့ ပွဲကြည့်ပရိသတ်တွေအတွက် ရယ်စရာဖြစ်ခဲ့ပြီး အထူးသဖြင့် ဘတ်စ်ကွက်စ်ရဲ့ လုပ်ရပ်က တော်တော်လေး လှောင်ချင်စရာဖြစ်နေပါတယ်။ ဘတ်စ်ကွက်စ်ဟာ ဒီလိုမျိုး ဟန်ဆောင်လှဲချမှုတွေနဲ့ ယဥ်ပါးနေတဲ့သူလို့ဆိုရင်လည်း မမှားပါဘူး။

ပရိသတ်တစ်ယောက်က “ဘတ်စ်ကွက်စ်ကို တစ်ပွဲလောက်တော့ ပွဲပယ်ပြစ်ဒဏ်ချမှတ်သင့်ပါတယ်။ ဒီလိုမျိုးတွေမဖြစ်အောင် တားဆီးနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ဒီလိုမျိုး နောက်ကြောင်းပြန် ပြစ်ဒဏ် ချမှတ်တာပါပဲ” လို့ တွစ်တာပေါ်မှာ ရေးသားမှတ်ချက်ပြုခဲ့ပါတယ်။

အခြားသောပရိသတ်တစ်ယောက်ကလည်း “ဒါက ဘာစီလိုနာရဲ့ ဟန်ဆောင်မှုပါပဲ။ အဲ့ဒါကြောင့် သူတို့ ဘယ်လောက်ပဲကောင်းအောင် ကစားပါစေဦး၊ မုန်းတီးခံနေရတာပါ။ ကြည့်ရတာ ဒီလိုအရာမျိုးကို လာမာစီယာမှာတည်းက သင်ပေးလိုက်သလိုပါပဲ” လို့ ရေးသားခဲ့ပါတယ်။

အရယ်ရဆုံးမှတ်ချက်တစ်ခုအနေနဲ့ကတော့ “ရော်နယ်ဒိုက ယူနိုက်တက်ကို ထပ်မံကယ်တင်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ဘတ်စ်ကွက်စ်ကတော့ သေရာကနေတောင် ပြန်ရှင်လာခဲ့တာပါ” လို့ လှောင်ပြောင်ခဲ့ကြတာပဲဖြစ်ပါတယ်။ 

Share

က္က