ဇာဗီနဲ့အယ်လ်ဆတ်ဒ်တို့အကြား လွန်ဆွဲပွဲတွေရှိလာဦးမှာပါ။

အယ်လ်ဆတ်ဒ်နည်းပြ ဇာဗီဟာ သူ့ရဲ့ ကစားသမားဘဝက အသင်းဟောင်း ဘာစီလိုနာကို ပြန်လည်ကိုင်တွယ်ဖို့အတွက် ဆန္ဒပြင်းပြနေပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် (၄၁) နှစ်အရွယ် ဇာဗီဟာ အယ်လ်ဆတ်ဒ်နဲ့အတူ ကာတာမြေမှာ အောင်မြင်တဲ့အခိုက်အတန့်တွေကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့အရည်အချင်းတွေကြောင့်လည်း ဘာစီလိုနာက နည်းပြအဖြစ် အရပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတာပါ။



မနေ့ကလည်း ဘာစီလိုနာတာဝန်ရှိသူတွေက ဇာဗီကိစ္စအတွက် ကာတာနိုင်ငံ၊ ဒိုဟာမြို့ကို သွားရောက်ခဲ့ပြီး ဒီခရီးစဥ်မှာ ဘာစီလိုနာဥက္ကဌ လာပေါ်တာကိုယ်တိုင် မလိုက်လာပေမယ့် ဇာဗီအတွက် အယ်လ်ဆတ်ဒ်နဲ့ ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။ သတင်းတွေအမျိုးမျိုးထွက်ပေါ်နေတဲ့ကြားထဲမှာတော့ အယ်လ်ဆတ်ဒ်က နောက်ဆုံးအချိန်ထိ ဇာဗီအတွက် တင်းခံထားဆဲပါ။

ဇာဗီက “ကျွန်တော် ဘာစီလိုနာနဲ့ ဆွေးနွေးမှုတွေ ရက်ပေါင်းအတော်ကြာ ပြုလုပ်ခဲ့ပြီး အခု အဲ့ဒါတွေ ပြီးစီးခဲ့ပါပြီ။ ဒါပေမယ့် အခုချိန်က အသင်းနှစ်သင်းကြား ဆွေးနွေးမှုအပေါ်မှာ မူတည်ပါတယ်။ သူတို့ သဘောတူညီမှုရဖို့ လိုအပ်တာပါ။ ဘာစီလိုနာက ဆွေးနွေးဖို့ ရောက်လာပြီး ကျွန်တော်တို့အားလုံး စိတ်လှုပ်ရှားနေပါတယ်”

“ကျွန်တော် တကယ်အိမ်ပြန်ချင်ပြီး အမှန်တကယ်ဖြစ်လာမယ်လို့လည်း မျှော်လင့်ထားပါတယ်။ အယ်လ်ဆတ်ဒ်နဲ့ စာချုုပ်ကျန်နေပြီး အခုတော့ သူတို့ ညှိပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဇာဗီဟာ ဘာစီလိုနာပရိသတ်တွေရဲ့ အချစ်တော်ကစားသမားဖြစ်ခဲ့ပြီး သူ့ကိုနည်းပြအဖြစ် ပြန်လည်မြင်တွေ့ခွင့်ရဖို့ ဘာစီလိုနာပရိသတ်တွေကလည်း ဆန္ဒရှိနေပါတယ်။

အယ်လ်ဆတ်ဒ်ကတော့ ဘာစီလိုနာရဲ့လုပ်ရပ်အပေါ် ဒေါသထွက်နေပြီး ဇာဗီနဲ့ စာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိသေးတာကြောင့် လက်လွှတ်မခံနိုင်ဘူးလို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာ ဇာဗီကိုယ်တိုင်က ဆန္ဒပြင်းပြလာတာကြောင့် အယ်လ်ဆတ်ဒ်ဘက်ကလည်း ဘယ်လောက်တောင့်ခံနိုင်မလဲ စောင့်ကြည့်ရပါလိမ့်မယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က