အီလွန်မတ်စ်ပိုင် SpaceX ကို ပေးလိုက်တဲ့ NASA ရဲ့ ဒေါ်လာ ၂.၉ ဘီလျံတန် ကန်ထရိုက်ကိစ္စအပေါ် တရားစွဲထားတဲ့ Blue Origin ကုမ္ပဏီဟာ အမှုရှုံးနိမ့်သွားတယ်လို့ ဆိုပါတယ်။
NASA အာကာသအေဂျင်စီရဲ့ လူလိုက်ပါမယ့် လဆင်းယာဉ်စီမံကိန်းသစ်အတွက် ဂျက်ဖ်ဘီဇော့စ်ပိုင် Blue Origin ကုမ္ပဏီလည်း SpaceX နဲ့အပြိုင် ကန်ထရိုက်ဆွဲခဲ့တာပါ။ ဒေါ်လာ ၂.၉ ဘီလျံ ဒီကန်ထရိုက်ကို NASA က SpaceX နဲ့ စာချုပ်ချုပ်သွားတာ ဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ Blue Origin ဟာဩဂုတ်လထဲက အမေရိကန်ဖက်ဒရယ်တရားရုံးမှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။
Photo: Medium
NASA ရဲ့ အာကာသယာဉ်မှူးတွေကို လမျက်နှာပြင်ပေါ် ပို့ဆောင်မယ့် Human Landing System ကန်ထရိုက်တင်ဒါဆွဲမှုအပေါ် အကဲဖြတ်ရာမှာ ဥပဒေနဲ့မညီ မမျှတတဲ့ လုပ်ရပ်တွေ ရှိခဲ့တယ်ဆိုပြီး Blue Origin က တိုင်ကြားခဲ့တာပါ။ အမှုဖြစ်နေစဉ်မှာ NASA ဟာ လပေါ် လူလိုက်ပါမယ့် အစီအစဉ်အကောင်အထည်ဖော်မှု ရပ်ဆိုင်းထားခဲ့ပါတယ်။ ဒီတစ်ပတ် သောကြာနေ့ ဖက်ဒရယ်တရားရုံး ရုံးချိန်းမှာ ဖက်ဒရယ်တရားသူကြီး ရစ်ချတ်ဟာ့တ်လင်းက စွဲချက်တင်ခံရတဲ့ NASA ဘက်ကို အနိုင်ပေးလိုက်တယ်လို့ CNBC သတင်းက ဖော်ပြပါတယ်။
အမိန့်ချမှတ်ပြီးပြီ ဖြစ်လို့ NASA အနေနဲ့ SpaceX နဲ့ လက်တွဲပြီး မြန်နိုင်သမျှ မြန်မြန် လုပ်ငန်းစတော့မယ်လို့ ထုတ်ပြန်ပါတယ်။ "အေဂျင်စီရဲ့ Artemis ပရိုဂရမ်အောက်က လပေါ်မှာ လူတွေ ရေရှည်တည်ရှိရေးမှာ NASA နဲ့ လက်တွဲဖို့ ကုမ္ပဏီတွေအတွက် အခွင့်အလမ်းတွေ အများကြီး လာဦးမှာပါ။"လိုလည်း အေဂျင်စီက ဆိုပါတယ်။
Photo: The Verge
CNBC ကို ပေးပို့တဲ့ Blue Origin ရဲ့ ထုတ်ပြန်ချက်မှာတော့ NASA ကို အခုလို တရားစွဲတာဟာ ဖြေရှင်းဖို့ လိုနေသေးတဲ့ Human Landing System ကန်ထရိုက်ပေးတဲ့ကိစ္စနဲ့ဆိုင်တဲ့ အရေးကြီးတဲ့ ဘေးကင်းစိတ်ချရမှုအကြောင်း မီးမောင်းထိုးပြတာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဘီဇော့စ်ရဲ့Tweet မှာ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို လေးစားကြောင်း ကန်ထရိုက်ရတဲ့ SpaceX နဲ့ NASA တို့ အပြည့်အဝအောင်မြင်ဖို့ ဆုတောင်းကြောင်း ရေးထားပါတယ်။